ယနေ့ခေတ်တွင် အခြေခံ ရင်းနှီးမြှုပ်နှံမှု နိယာမများကို မသိရှိပဲ ဘဏ္ဍာရေးဆိုင်ရာ အောင်မြင်မှုကို ရရှိရန် မဖြစ်နိုင်ပါ။ အစုရှယ်ယာ သို့မဟုတ် ရှယ်ယာဟုလည်း အများသိကြသော ထင်ရှားသည့် စတော့များကို သေချာစွာ ဆန်းစစ်လေ့လာခြင်းမရှိပဲ ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာများကို အကောင်အထည်ဖော်နိုင်ရန်မှာ ခက်ခဲလွန်းလှပါသည်။ စတော့စျေးကွက်သည် ရာစုနှစ်ပေါင်းများစွာတိုင် လည်ပတ်လာခဲ့ပြီး၊ စျေးနှုန်း မတည်ငြိမ်မှု မြင့်မားခြင်းသည် ၎င်း၏လက္ခဏာတရပ်ဖြစ်သလို အကျိုးအမြတ်ကိုလည်း သိသိသာသာ ပေးစွမ်းပါသည်။
စတော့များကို အတန်းအစားနှင့် အုပ်စုများ ခွဲခြားထားပါသည်။ စိတ်ဆန္ဒပြင်းထန်သော ရင်းနှီးမြှုပ်နှံသူများ အဖို့ စတော့ရှယ်ယာစျေးကွက်တွင် ရရှိနိုင်သော စတော့အတန်းအစားများကို ခွဲခြားနိုင်ရန် လွန်စွာ အရေးကြီးလှပါသည်။ ဤဆောင်းပါးတွင် ဝယ်လိုအားအမြဲတစေ မြင့်မားလေ့ရှိသော ရေပန်းစားသည့် ရှယ်ယာအမျိုးအစားများအကြောင်းကို အလေးပေးဖော်ပြထားပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Common Stocks နှင့် Preferred Stocks
- ကုမ္ပဏီအရွယ်အစားအပေါ်မူတည်၍ စတော့အမျိုးအစား ခွဲခြားခြင်း။
- Growth Stocks နှင့် Value Stocks
- Income Stocks
- တည်နေရာအပေါ်မူတည်၍ စတော့အမျိုးအစား ခွဲခြားခြင်း။
- လုပ်ငန်းနယ်ပယ်များအလိုက် စတော့အမျိုးအစား ခွဲခြားခြင်း။
- Blue-Chip Stocks နှင့် Penny Stocks
- Cyclical Stocks နှင့် Non-Cyclical Stocks
- Dividend Stocks နှင့် Non-Dividend Stocks
- IPO Stocks
- ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး စတော့များမှာ အဘယ်နည်း။
- စတော့အမျိုးအစား အမျိုးမျိူးအတွက် အမေး/အဖြေများ။
Common Stocks နှင့် Preferred Stocks
စတော့တခုသည် ကုမ္ပဏီတခုတွင် ရင်းနှီးမြှုပ်နှံထားသော ရှယ်ယာတခုဖြစ်ပါသည်။ ကုမ္ပဏီတခုသည် ၎င်း၏ “ရှယ်ယာ” သို့မဟုတ် စတော့ယူနစ်များကို ရောင်းချနိုင်သော အခွင့်အရေးရှိသည်။ စတော့များကို အကြမ်းဖျင်း အားဖြင့် common stock နှင့် preferred stock အဖြစ် ထုတ်ရောင်းလေ့ရှိကြသည်။
Common Stocks
ရင်းနှီးမြှုပ်နှံရာတွင် အသုံးအများဆုံး စတော့များအဖြစ် ယူဆထားကြသောကြောင့် common stock ဟု အမည်တွင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ကုမ္ပဏီတခု၏ ပိုင်ဆိုင်မှုတွင် တစိတ်တပိုင်းပါဝင်သော အထောက်အထားဖြစ်သည်။ အနာဂါတ်တွင် ကုမ္ပဏီဖျက်သိမ်းသောအခါ common stock ရှယ်ယာရှင် များသည် လက်ကျန်ပိုင်ဆိုင်မှုတန်ဖိုးအား ရှယ်ယာအချိုးအတိုင်း မျှဝေပိုင်ဆိုင်ခွင့်ရှိသည်။ သို့သော်လည်း (အကယ်၍ ပိုင်ဆိုင်မှုတစုံတရာကျန်ရှိပါက) လက်ကျန်ရှယ်ယာများကို ခွဲဝေရာတွင် common stock ရှယ်ယာရှင်များသည် ဘွန်းစာချုပ်များနှင့် preferred stocks များကို ကိုင်ဆောင်ထားသူများ၏ နောက်တွင် သာ အမြဲတမ်းရှိနေမည်ဖြစ်သည်။
သီအိုရီအရ common stocks များသည် ၎င်းတို့၏ ပိုင်ရှင်များအတွက် မြင့်မားသည့် အလားအလာများကို အကန့်အသတ်မဲ့ ပေးစွမ်းပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အကယ်၍ တန်ဖိုးရှိသောပိုင်ဆိုင်မှုတစုံတရာ မကျန်ရှိပဲ ကုမ္ပဏီရပ်ဆိုင်းသွားသော ဖြစ်စဥ်မျိုးတွင် ဤစတော့များအပေါ် ရင်းနှီးမြှုပ်နှံထားသောငွေများကို ဆုံးရှုံးရနိုင်သော အန္တရာယ်တခု အမှန်ပင် ရှိနေပါသည်။
Preferred Stocks
Preferred stocks များသည် ငွေချေးစာချုပ်များနှင့် စတော့များ၏ ဘုံလက္ခဏာများကို ပိုင်ဆိုင်ထားသော အမျိုးအစားပေါင်းစပ်ထားသည့် စတော့များဖြစ်သည်။ Preferred stocks ပိုင်ရှင်များသည် မည့်သည့် ရှယ်ယာကိုမှ ပိုင်ဆိုင်ခြင်းမရှိသော်လည်း ပုံသေ အမြတ်ဝေစုကို ရရှိကြသည်။ အမြတ်ဝေစုသည် ရှယ်ယာများ၏ မျက်မြင်တန်ဖိုးပေါ်မှ ရာခိုင်နှုန်းတခု သို့မဟုတ် ကိန်းပြည့်တခု ဖြစ်လေ့ရှိပြီး ကုမ္ပဏီ၏ ဝင်ငွေအပေါ်တွင် မူတည်ခြင်း မရှိပါ။ Preferred stocks သည် ပုံသေအမြတ်ငွေရရှိသော စတော့ရှယ်ယာ စျေးကွက်များနှင့် အတိုင်းအတာတခုထိ တူညီပါသည်။ ထိုအချက်ကြောင့်ပင် ၎င်းတို့သည် အတိုးနှုန်း အပြောင်းအလဲများတွင် အလွယ်တကူ ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ဤစတော့အမျိုးအစား သည် အတိုးနှုန်းများ တည်ငြိမ်နေသော သို့မဟုတ် လျော့ကျရန်အလားအလာရှိသော အချိန်အခါမျိုးတွင်သာ ဝါရင့်ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ပါသည်။
ဤစတော့အမျိုးအစားကို ကိုင်ဆောင်ထားသူများသည် ကုမ္ပဏီဖျက်သိမ်းသောဖြစ်စဥ်မျိုးတွင် ကျန်ရှိသော တန်ဖိုးတစိတ်တပိုင်းအား ပိုင်ဆိုင်နိုင်သော ဦးစားပေးအခွင့်အရေးကို ရရှိထားပါသည်။ စတော့ပိုင်ရှင်များ သည် ၎င်းတို့၏ မဲပေးနိုင်သော အခွင့်အရေးကို စွန့်လွှတ်ရပြီး၊ ကုမ္ပဏီစီမံခန့်ခွဲမှုကဏ္ဍတွင်လည်း ပါဝင်နိုင်ခြင်း မရှိသောကြောင့်သာ ဤကဲ့သို့ ဦးစားပေးခံစားခွင့်ကို ရရှိခြင်းဖြစ်ပါသည်။
Preferred stock များသည် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုအပြီးအပိုင်လွှဲအပ်သော ဖြစ်စဥ်မျိုးတွင်လည်း တိကျသော ငွေပမာဏတခုအား ပြန်လည်ရရှိစေရန် စွမ်းဆောင်နိုင်ပါသည်။ ဤစတော့ပိုင်ရှင်များသည် အမြတ်ဝေစု ပေးချေမှုများကိုလည်း ပထမဆုံး လက်ခံရရှိသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် ၎င်းတို့သည် commom stock ပိုင်ရှင်များထက် နှာတဖျားသာသော အခွင့်အရေးကို ရရှိသည်ဟု ဆိုနိုင်ပါသည်။ ကုမ္ပဏီများသည် ပုံမှန်အားဖြင့် commom stock များကိုသာ ရောင်းချလေ့ရှိကြသည်။
| Common stock | Preferred stock | |
|---|---|---|
| အားသာချက် |
|
|
| အားနည်းချက် |
|
|
| သင့်တော်သူ |
|
|
ကုမ္ပဏီအရွယ်အစားအပေါ်မူတည်၍ စတော့အမျိုးအစား ခွဲခြားခြင်း။
အမျိုးအစားခွဲရာတွင် "large-cap"၊ "mid-cap" နှင့် "small-cap" ဟူသော အသုံးအနှုန်းများသည် ကုမ္ပဏီတခုနှင့် ၎င်းကုမ္ပဏီပိုင်စတော့များ၏ စျေးကွက်တန်ဖိုးအစစ်အမှန်ကို ကိုယ်စားပြုသော စျေးကွက်အရင်းအနှီး အကြီးစား၊ အလတ်စား၊ အသေးစား များကို ရည်ညွှန်းခြင်း ဖြစ်သည်။ ကုမ္ပဏီတခု၏ စျေးကွက်အရင်းအနှီးပမာဏကို ရှယ်ယာအရေအတွက်နှင့် ရှယ်ယာစျေးနှုန်းကို မြှောက်ခြင်းဖြင့် တွက်ချက်ပါသည်။ ပုံမှန်အားဖြင့် ကုမ္ပဏီများကို ၎င်းတို့၏ အရွယ်အစားအပေါ်မူတည်၍ အမျိုးအစားသုံးခု ခွဲခြားထားပါသည်။
Large-Cap Stocks
စျေးကွက်အရင်းအနှီးပမာဏ ၁၀ ဘီလီယံဒေါ်လာနှင့် အထက်ရှိသော အခြေခံခိုင်မာသည့် ကုမ္ပဏီများ၏ ရှယ်ယာများကို အကြီးစားစတော့များ (large-cap stocks) ဟု ခေါ်ဆိုကြပါသည်။ ထိုသို့သော ကုမ္ပဏီများ၏ အသားတင် တန်ဖိုးသည် အချို့သော နိုင်ငံငယ်များ၏ စီးပွားရေး အခြေအနေနှင့် စွမ်းဆောင်ရည်များထက် ကျော်လွန်နိုင်သည်။
ဤစတော့များ၏ တခုတည်းသော အားနည်းချက်မှာ လုပ်ငန်းနယ်ပယ်တွင် ဧရာမအင်အားကြီး ကုမ္ပဏီတခု ဖြစ်နေပြီး သက်ဆိုင်ရာစျေးကွက်ကို ဦးဆောင်နေချိန်မျိုးတွင် ၎င်းတို့၏ စျေးနှုန်းများမှာ ရွေ့လျားမှုမရှိပဲ ငြိမ်သက်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ဤအားနည်းချက်ကို ပြန်လည် ဖြည့်ဆည်းပေးသည့်အချက်မှာ ရေရှည်ကာလတွင် ရှယ်ယာတန်ဖိုးများ တည်ငြိမ်စွာ မြင့်တက်လာခြင်းပင် ဖြစ်သည်။ အရင်းအနှီးအင်အားကြီးမားသော ဤကုမ္ပဏီများ၏ ဥပမာအချို့ကို အောက်တွင် ဖော်ပြထား ပါသည်။
ရင်းနှီးမြှုပ်နှံသူများ၏အမြင်တွင် အကြီးစားစတော့များသည် အသေးစားစတော့များထက် ဆုံးရှုံးနိုင်ခြေ နည်းသည်ဟု ယူဆကြသော်လည်း မည်သည့်စတော့အမျိုးအစားကိုဖြစ်စေ မဝယ်ယူခင်တွင် ကြိုတင်၍ သုသေသနပြုလုပ်ခြင်းသည် အကျိုးရှိသော ဆုံးဖြတ်ချက်တခုဖြစ်ပါသည်။ ဘဏ္ဍာရေးကုန်သွယ်မှု ပစ္စည်းများ ဖြစ်ကြသော mutual funds များနှင့် exchange traded funds (ETFs) များသည် သင်၏ ရှယ်ယာပိုင်ဆိုင်မှုစာရင်းကို အမျိုးအစားစုံလင်စေပြီး အကြီးစားလုပ်ငန်းစုကြီးများတွင် တပြိုင်တည်း ရင်းနှီးမြှုပ်နှံခွင့်ကို ရရှိစေပါသည်။
Mid-Cap Stocks
စျေးကွက်အရင်းအနှီးပမာဏ ၂ ဘီလီယံဒေါ်လာမှ ၁၀ ဘီလီယံဒေါ်လာအတွင်းရှိသော အလတ်စား ကုမ္ပဏီများ၏ ရှယ်ယာများကို အလတ်စားစတော့များ (mid-cap stocks) ဟု ခေါ်ဆိုကြသည်။ ၎င်းစီးပွားရေးလုပ်ငန်းများတွင် ကောင်းမွန်သောရှေ့ရေးနှင့် တိုးတက်နိုင်သော အလားအလာများ ရှိ၍ နေသည်။ ထို့ကြောင့် ၎င်းတို့၏ စတော့များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အသေးစားကုမ္ပဏီများ၏ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းထက် ပိုမို၍ ဆုံးရှုံးနိုင်ခြေ နည်းပါးပါသည်။
အကယ်၍ သင့်အနေဖြင့် မိမိ၏ရှယ်ယာအစုအဝေးကို ကောင်းမွန်သောအမျိုးအစားများဖြင့် ဖွဲ့စည်းလိုပါက အချို့သော အလတ်စားစတော့များကိုလည်း ထည့်သွင်းစဥ်းစားသင့်ပါသည်။ အလတ်စားကုမ္ပဏီများသည် အမြင်အားဖြင့် တည်ငြိမ်မှုရှိနိုင်ပါသည်။ သို့သော်လည်း ၎င်းတို့၏ နောက်ကြောင်းကိုစစ်ဆေးရန်အတွက် မှတ်တမ်းများကိုမူ အလွယ်တကူ မရရှိနိုင်ပါ။
Small-Cap Stocks
စျေးကွက်အရင်းအနှီးပမာဏ ၃၀၀ မီလီယံဒေါ်လာနှင့် ၂ ဘီလီယံဒေါ်လာကြားတွင်ရှိသော အသေးစား ကုမ္ပဏီများ၏ ရှယ်ယာများကို အသေးစားစတော့များ (small-cap stocks) ဟု ခေါ်ဆိုကြပါသည်။ ၎င်းတို့တွင် ထင်မှတ်မထားသော အနာဂါတ်တိုးတက်မှု အလားအလာများ ရှိတတ်ပါသည်။ မည်သို့ပင် ဖြစ်စေ ရင်းနှီးမြှုပ်နှံသူများအတွက် အဆိုပါစတော့များသည် စီးပွားရေးစျေးကွက် အကြပ်အတည်းများတွင် ထင်ရှားသော ဆုံးရှုံးနိုင်ခြေရှိကြောင်း ဖော်ပြနေပါသည်။ အသေးစား စီးပွားရေးလုပ်ငန်းများသည် စီးပွားရေးကျဆင်းချိန်များနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းသောကာလများတွင် ကြံ့ကြံ့ခံ၍ ရပ်တည် ဖြေရှင်းနိုင်ရန် အတွက် ယုံကြည်အားကိုးလောက်သော ကျောထောက်နောက်ခံ ငွေကြေးအင်အား နည်းပါးပါသည်။
Growth Stocks နှင့် Value Stocks
စတော့များကို ရင်းနှီးမြှုပ်နှံမှုစတိုင်အရလည်း အမျိုးအစားခွဲခြားနိုင်ပါသည်။ ဤအုပ်စုအတွင်း အထင်ရှား ဆုံး စတော့ရှယ်ယာများမှာ growth stocks (တောက်လျှောက်ဈေးတက်နေသော စတော့) နှင့် value stocks (တန်ဖိုးတက်လာနိုင်သော စတော့) ဖြစ်သည်။
Growth Stocks
Growth stocks သည် အနာဂါတ်တွင် စျေးကွက်အားလွှမ်းမိုးနိုင်မည့် အလားအလာကောင်းမွန်လျက်ရှိသော ကုမ္ပဏီများကို ကိုယ်စားပြုပါသည်။ အမည်နှင့်အညီ အဆက်မပြတ် တိုးတက်လျက်ရှိသော စတော့များ ဖြစ်ကြသည်။ တိုးတက်မှုရပ်တန့်သွားသည်နှင့် တပြိုင်နက် ၎င်းတို့အား growth stocks ဟု ဆက်လက် ခေါ်ဆိုနိုင်တော့မည် မဟုတ်ပါ။ ဤစတော့များအနက် အလွန်ရှားပါးသော အရေအတွက်သည်သာ မြင့်မားသော အမြတ်ဝေစု သို့မဟုတ် သာမာန်အမြတ်ဝေစုများကို ပေးချေလေ့ရှိသည်။ ထို့ကြောင့် growth stocks များတွင် ရင်းနှီးမြှုပ်နှံသူ အများစုသည် လျင်မြန်စွာတိုးတက်နေသော ရှယ်ယာစျေးနှုန်းများကိုသာ အာရုံစိုက်လေ့ ရှိကြသည်။
ရင်းနှီးမြှုပ်နှံသူများသည် growth stocks ၏ စွဲဆောင်မှုရှိသော တိုးတက်နှုန်းအပေါ် တန်ဖိုးထားကြသည်။ သို့သော် စတော့တန်ဖိုးသည် ကုမ္ပဏီဝင်ငွေနှင့် မသက်ဆိုင်သော အခြေအနေမျိုး ဖြစ်ပေါ်နိုင်ပါသည်။ ကုမ္ပဏီဝင်ငွေတိုးတက်ခြင်းသည် အမြတ်အစွန်းကို အမြဲတမ်း မတိုးတက်စေနိုင်ပါ။
Value Stocks
Value stocks သည် စျေးကွက်မှ မှားယွင်းစွာတန်ဖိုးဖြတ်သော စီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြု သည်။ စျေးကွက်အတွင်း ၎င်းတို့၏ စတော့တန်ဖိုးမှာ ကုမ္ပဏီ၏ တန်ဖိုးအစစ်အမှန်ထက် နိမ့်ကျ၍ နေလေ့ရှိသည်။
ထိုစတော့များကို မှားယွင်းစွာ တန်ဖိုးဖြတ်သော အကြောင်းရင်းများမှာ အမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာအား ဖြင့် အကယ်၍ ၎င်းစတော့များနှင့် နယ်ပယ်ချင်းတူညီသော အခြားစတော့များတွင် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော ကာလမျိုးတွင် တန်ဖိုးရှိစတော့များသည် ထိုအဖြစ်အပျက်၏ ရိုက်ခတ်မှု ကို ခံရနိုင်ပါသည်။ Value stocks တွင် ရင်းနှီးမြှုပ်နှံကြသူများသည် တနေ့နေ့တချိန်ချိန်တွင် စျေးကွက်မှ ၎င်းတို့၏ တန်ဖိုးအစစ်အမှန်ကို သတိပြုမိပြီး ရှယ်ယာစျေးနှုန်းများ မြင့်တက်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဤစတော့အမျိုးအစားကို ဝယ်ယူကြခြင်း ဖြစ်သည်။
Value stocks များကို အသုံးပြု၍ ဝယ်ယူ-ကိုင်ဆောင်ထားသော နည်းဗျူဟာကို အကောင်အထည် ဖော်နိုင်ပါသည်။ ထိုနည်းဗျူဟာကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လုံလောက်သော စိတ်ရှည်သည်းခံမှုရှိရန် လိုအပ်ပါသည်။
Income Stocks
Income stocks များတွင် သက်တမ်းပြည့်ဝ၍ ဖွဲ့စည်းပုံကောင်းမွန်သော ကုမ္ပဏီများ၏ ရှယ်ယာများ ပါဝင်ပါသည်။ အဆိုပါ ကုမ္ပဏီများသည် ပုံမှန် အမြတ်ဝေစုများကို ဖြည့်ဆည်းပေးလေ့ရှိသည်။ ၎င်းစီးပွားရေးလုပ်ငန်းများသည် အဆက်မပြတ်တိုးတက်ခြင်းမျိုး မရှိသော်လည်း ၎င်းတို့၏ ရှယ်ယာဝင်များအတွက် ယုံကြည်စိတ်ချရပြီး၊ အလုပ်လုပ်စရာမလိုသော ဝင်ငွေလမ်းကြောင်းကို ဖန်တီးပေးထားပါသည်။ အမြတ်ဝေစုရရှိနှုန်း အတိုင်းအတာများတွင် ကုမ္မဏီမှ ရှယ်ယာရှင်များထံသို့ ပိုလျှံငွေများ ဖြန့်ဝေပေးသော ငွေသားပေးချေမှုများ ပါဝင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် နှစ်သက်ဖွယ်ရာ အကျိုးအမြတ်ကို ပြန်လည်ရရှိကြသောကြောင့် ပုံမှန်အမြတ်ဝေစု ပေးချေသော ကုမ္ပဏီများကို အထူးသဘောကျလေ့ရှိကြပါသည်။
- အများပြည်သူ၏ အခြေခံ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးသော ယုံကြည်စိတ်ချရသည့် ကုမ္ပဏီများသည် ရေရှည်ရပ်တည်မှုအတွက် ၎င်းတို့၏ တစိတ်တပိုင်းကို income stocks များဖြင့် ဖွဲ့စည်းထားလေ့ရှိသည်။
- Income stocks များကို ထုတ်ဝေလေ့ရှိသော ကုမ္ပဏီများသည် ပုံသေအမြတ်ဝေစုရရှိရန် အကောင်းဆုံး အရင်းအမြစ်ဖြစ်သော preferred stocks များကိုလည်း မကြာခဏဆိုသလို ထုတ်ဝေရောင်းချလေ့ရှိကြပါသည်။
- Income stocks များသည် ပင်စင်စား အငြိမ်းစား လူတန်းစားများအကြားတွင် အထူးရေပန်းစားပြီး၊ ရင်းနှီးမြှုပ်နှံသူ အများစုသည် ပင်စင်ယူပြီး ကုန်ကျစားရိတ်များအတွက် ၎င်းတို့ကို အသုံးပြုလေ့ ရှိကြသည်။
- Income stock များ ကို ပိုင်ဆိုင်သော ရင်းနှီးမြှုပ်နှံသူများသည် (ပုဂ္ဂလိကအငြိမ်းစားအကောင့် IRA အစရှိသော) အခွန်သက်သာခွင့်ရှိသော အကောင့်တခုကို ဖွင့်လှစ်ထားသင့်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ရရှိသောဝင်ငွေမှ ချက်ချင်းဖြတ်တောက်သော အရင်းအနှီးအမြတ်ခွန်မှ သက်သာခွင့် ရရှိနိုင်ပါလိမ့်မည်။
တည်နေရာအပေါ်မူတည်၍ စတော့အမျိုးအစား ခွဲခြားခြင်း။
ကုမ္ပဏီတခု၏ ပထဝီဝင် တည်နေရာများအပေါ် မူတည်၍လည်း စတော့များကို အုပ်စုခွဲနိုင်ပါသည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများတွင် ခွဲဝေ၍ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် အမျိုးအစားစုံလင်သော ရင်းနှီးမြှုပ်နှံမှု အစုအဝေးကို ပိုင်ဆိုင်နိုင်ပါသည်။ နိုင်ငံတကာ ငွေချေးစာချုပ်များတွင် ရင်းနှီးမြှုပ်နှံသောအခါ သင့်အနေဖြင့် ချဲ့ထွင်ရန် အလားအလာရှိသော အခြေအနေကောင်းမွန်သည့် တက်သစ်စ စျေးကွက်များကို ထည့်သွင်း စဥ်းစားသင့်ပါသည်။
US စတော့များ
US ကုမ္ပဏီများ၏ စတော့များကို ကမ္ဘာတဝှမ်းလုံးမှ သိရှိကြပါသည်။ ၎င်းတို့အား အမျိုးမျိုးသော စျေးကွက်များတွင် ကုန်သွယ်နိုင်ပြီး အသေးငယ်ဆုံးသော အများပိုင် ကုမ္ပဏီများမှစ၍ Intel (INTC) နှင့် Netflix (NFLX) တို့ကဲ့သို့သော ဧရာမလုပ်ငန်းစုကြီးများအထိ အတန်းအစားများစွာ ရှိပါသည်။
အမေရိကန်ပြည်ထောင်စုတွင် အကျော်ကြားဆုံးနှင့် အကြီးမားဆုံး စတော့စျေးကွက်များမှာ NASDAQ၊ American Stock Exchange နှင့် New York Stock Exchange တို့ဖြစ်ကြသည်။
အမေရိကန်ပြည်ထောင်စုအတွင်းမှ ပြည်တွင်းကုမ္ပဏီများ၏ စုပေါင်းစတော့များသည် ရင်းနှီးမြှုပ်နှံသူများ အတွက် ကမ္ဘာ့ငွေဖြစ်မှုအမြင့်မားဆုံး စျေးကွက်များတွင် ကုန်သွယ်ခွင့်ကို ဖန်တီးပေးပါသည်။ ထို့အတူ ရင်းနှီးမြှုပ်နှံသူများအတွက် ကမ္ဘာ့အောင်မြင်မှုအရှိဆုံး ကုမ္ပဏီများ၏ စတော့များကို ဝယ်ယူနိုင်သော အခွင့်အရေးကိုလည်း ပံ့ပိုးပေးထားပါသည်။ US ပြည်တွင်းပိုင် စတော့ရှယ်ယာအများစုသည် ပုံမှန်အားဖြင့် သင့်တင့်မျှတသော စွန့်စားမှုအပေါ် အခြေခံ၍ ကောင်းမွန်သော အကျိုးအမြတ်ကို ပေးစွမ်းပါသည်။ ထို့ကြောင့်ပင် ၎င်းတို့အား ကာလရှည် ရင်းနှီးမြှုပ်နှံမှု အစုအဝေး၏ အဓိကအစိတ်အပိုင်းများအဖြစ် ယူဆကြပါသည်။
ရင်းနှီးမြှုပ်နှံသူများသည် ပြည်တွင်းရှိ mutual funds စတော့ရှယ်ယာအမျိုးအစားကို ဝယ်ယူကြသောခါ ၎င်းတို့၏ ရင်းနှီးငွေအား ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၏ အစုရှယ်ယာများကို ဝယ်ယူရန် အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။ Mutual funds များ၏ ရည်ရွယ်ချက်မှာ ရင်းနှီးမြှုပ်နှံသူများအနေနှင့် တခုခြင်းစီ သီးခြားဝယ်ယူစုဆောင်းရန် မလွယ်ကူသော ကုမ္ပဏီမျိုးစုံတို့၏ စတော့များကို အဆင်သင့် စုစည်းပေးထားခြင်းဖြစ်သည်။
နိုင်ငံတကာစတော့များ
နိုင်ငံခြားစတော့ (ခေါ်) နိုင်ငံတကာစတော့များသည် အမေရိကန်ပြည်ထောင်စု၏ ပြင်ပတွင် လုပ်ငန်း လည်ပတ်သော ကုမ္ပဏီများ၏ အစုရှယ်ယာများ ဖြစ်ကြသည်။ နိုင်ငံခြားစတော့များတွင် common နှင့် preferred အမျိုးအစားနှစ်ခုစလုံး ပါဝင်နိုင်သည်။ မည်သည့်အမျိုးအစားပင်ဖြစ်စေ၊ ၎င်းတို့အား အမေရိကန်ပြည်ထောင်စုပြင်ပတွင် ရုံးစိုက်သော နိုင်ငံတကာအဖွဲ့အစည်းများမှသာ ထုတ်ဝေရောင်းချခြင်း ဖြစ်သည်။ နိုင်ငံခြားစတော့များအား ကမ္ဘာတဝှမ်းရှိ စတော့အိတ်ချိန်းပေါင်းစုံတွင် ကုန်သွယ်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ၎င်းတို့အား ADRs (American depositary receipts) ပုံစံဖြင့် ကုန်သွယ်ကြသည်။
နိုင်ငံတကာစတော့များကို ရည်ရွယ်ချက်ပေါင်းစုံအတွက် အသုံးချနိုင်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် သင်၏ ရှယ်ယာအစုအဝေးကို အမျိုးအစားစုံလင်စေပြီး ပို၍အားကောင်းလာစေသည် (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှု၏ အသီးအပွင့်များကို လျင်မြန်စွာ တိုးတက်စေရန် လမ်းကြောင်းအသစ်များကို ဖော်ဆောင်ပေးနိုင်သည်။
နိုင်ငံတကာစီးပွားရေးများကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်ခြင်းသည် ကမ္ဘာတဝှမ်းရှိ လုပ်ငန်းစုများ၏ ကုန်ထုတ်စွမ်းအားများကို တိုးတက်စေပါသည်။ ထိုတိုးတက်မှုသည် ကမ္ဘာနေရာဒေသ အသီးသီးရှိ လူနေမှုအဆင့်အတန်းများကို မြှင့်တင်ပေးပါသည်။ ရလာဒ်အနေဖြင့် နောက်ဆုံးတွင် ကမ္ဘာလုံးဆိုင်ရာ မျှတသော လူလတ်တန်းစား အသိုင်းအဝိုင်းတခုကို ဖြစ်ပေါ်စေပါသည်။ ဤကွဲပြားထင်ရှားသော စျေးနှုန်း လမ်းကြောင်း များအရ အမေရိကန်ပြင်ပ စီးပွားရေးများ၏ တိုးတက်မှုနှုန်းကို သိသာထင်ရှားစွာ မျှော်မှန်းနိုင်ပါသည်။ ဤသတင်းအချက်အလက်များကို သိရှိထားပြီးသော ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှု အစုအဝေးတွင် နိုင်ငံတကာစတော့များကိုလည်း တစိတ်တပိုင်းအဖြစ် ပါဝင်စေရန် အလေးအနက်ထား စဥ်းစားသင့်ပါသည်။
လုပ်ငန်းနယ်ပယ်များအလိုက် စတော့အမျိုးအစား ခွဲခြားခြင်း။
စတော့များအား ၎င်းတို့၏ လုပ်ငန်းနယ်ပယ်အလိုက် ထပ်မံခွဲခြားနိုင်သည်။ အတွေ့များသော အခြေခံ အမျိုးအစား ၁၁ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
- အများပြည်သူအခြေခံလိုအပ်ချက် လုပ်ငန်းနယ်ပယ် (Utility) - ပြည်သူလူထု၏ နေ့စဥ် လူနေမှုဘဝအတွက် အခြေခံလိုအပ်ချက်များဖြစ်သော မိလ္လာဝန်ဆောင်မှု၊ သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ရေပေးဝေရေးလုပ်ငန်းများ အစရှိသည်တို့ဖြစ်သည်။
- ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းနယ်ပယ် (Communication services) - အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ၊ တယ်လီဖုန်းလိုင်းများနှင့် ဖျော်ဖြေရေးအစီအစဥ်များကို တင်ဆက်သော မီဒီယာကုမ္ပဏီများ အစရှိသည်တို့ ပါဝင်သည်။
- ဇိမ်ခံပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ် (Consumer discretionary) - ဤနယ်ပယ်တွင် လူအများအတွက် ဒုတိယအရေးအပါဆုံး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ရောင်းချ ဖြည့်ဆည်းပေးသော ကုမ္ပဏီများ ပါဝင်သည်။ ဥပမာပေးရလျှင် မော်တော်ကား ကုမ္ပဏီစတော့များ၊ ဟိုတယ်လုပ်ငန်းစတော့များ နှင့် ကော်ဖီဆိုင်များ၏ အစုရှယ်ယာများ စသည်တို့ဖြစ်ကြသည်။
- အခြေခံစားသောက်ကုန်လုပ်ငန်းနယ်ပယ် (Staple consumer) - မရှိမဖြစ်လိုအပ်သော စားသောက်ကုန်များ၊ အဖျော်ယမကာနှင့် ဆေးလိပ် စသည်တို့ကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော လုပ်ငန်းများဖြစ်ကြသည်။
- စွမ်းအင်လုပ်ငန်းစုနယ်ပယ် (Energy) - ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးများ၊ ပိုက်လိုင်းကုမ္ပဏီများနှင့် ဓာတ်ဆီဆိုင်လုပ်ငန်းများသည် စွမ်းအင်စျေးကွက်၏ ထိပ်ဆုံးတွင် ရှိကြသည်။
- ဘဏ္ဍာရေးနယ်ပယ် (Financial) - ဤနယ်ပယ်သည် ဘဏ်များ၊ အပေါင်ခံသော ကုမ္ပဏီများ၊ အာမခံကုမ္ပဏီများ၊ ငွေကြေးအဖွဲ့အစည်းများနှင့် အကျိုးဆောင်ကုမ္ပဏီများကို ရည်ညွှန်းပါသည်။
- ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ် (Healthcare) - ဇီဝနည်းပညာလုပ်ငန်းများ၊ ဆေးဘက် ဆိုင်ရာ စက်ပစ္စည်း ထုတ်လုပ်ရေးများ၊ ကျန်းမာရေးအာမခံကုမ္ပဏီများ ဖြစ်ကြသည်။
- စက်မှုလုပ်ငန်းနယ်ပယ် (Industrial) - လေယာဉ်တည်ဆောက်သော ကုမ္ပဏီများ၊ ကာကွယ်ရေး ပစ္စည်းကိရိယာများဖြစ်သော လက်နက်ခဲယမ်း ထုတ်လုပ်သော စက်ရုံများ၊ မီးရထားလမ်း ဆောက်လုပ်ရေး၊ စက်ယန္တရားများနှင့် အခြားစက်ယန္တရားအကြီးစားများကို တည်ဆောက်သော စက်ရုံအလုပ်ရုံများသည် စက်မှုလုပ်ငန်းနယ်ပယ်၏ အဓိက လုပ်ငန်းစုများ ဖြစ်သည်။
- သဘာဝနှင့်ဓာတုကုန်ကြမ်းနယ်ပယ် (Materials) - သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် ထုပ်ပိုးမှုဆိုင်ရာ ထုတ်ကုန်အမျိုးမျိူး တို့ဖြစ်ကြသည်။ ဓာတုပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီများကိုလည်း ဤနယ်ပယ်သို့ ရည်ညွှန်းပါသည်။
- အိမ်ခြံမြေနယ်ပယ် (Real estate) - ဤနယ်ပယ်တွင် စိတ်ကူး၍ရသမျှသော အိမ်ခြံမြေလုပ်ငန်း အမျိုးအစားအားလုံး ပါဝင်ပါသည်။
- နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းနယ်ပယ် (Technology) - လက်ရှိအချိန်တွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေသော နယ်ပယ်တခုဖြစ်သည်။ နည်းပညာကုမ္ပဏီများသည် ဆော့ဖ်ဝဲလ်များ၊ ဟာ့ဒ်ဝဲလ်များ၊ semiconductors များ၊ ဆက်သွယ်ရေးပစ္စည်းများ အစရှိသည် တို့ကို ထုတ်လုပ်ပြီး၊ ကျယ်ပြန့်လှသော IT ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးပါသည်။
Blue-Chip Stocks နှင့် Penny Stocks
သင်၏ ရှယ်ယာအစုအဝေးကို ကောင်းမွန်စွာအမျိုးအစားခွဲခြားထားခြင်း မရှိပဲ ရေရှည်ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ရန် မဖြစ်နိုင်ပါ။ အရည်အသွေးကို အခြေခံ၍ ခွဲခြားခြင်း အပါအဝင် စတော့အပေါ်အခြေခံသော ရှယ်ယာအမျိုးအစားပေါင်းစုံကို ထည့်သွင်းစဥ်းစားရန် လွန်စွာ အရေးကြီး လှပါသည်။
Blue-Chip Stocks
Blue-chip စတော့များသည် စီးပွားရေးလောကတွင် လူကြိုက်အများဆုံး ထိပ်တန်းစတော့များ ဖြစ်ကြသည်။ ၎င်းစတော့များသည် ပြစ်ချက်ကင်းသော နာမည်ကောင်းနှင့်အတူ သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်များတွင် ရှေ့ဆုံးမှ နေရာယူထားကြသည်။ Blue-chip စတော့များသည် ပုံမှန်အမြတ်ဝေစုများကို နှစ်ပေါင်းများစွာ ပေးချေလာခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများကို ရရှိခဲ့ပြီး၊ အချိန်ကာလ၏ စမ်းသပ်မှုကိုလည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။ Blue-chip ကုမ္ပဏီများ၏ စတော့များသည် အကျိုးအမြတ်ရရှိမှု အမြင့်ဆုံး မဟုတ်သော်ငြား ၎င်းတို့၏ တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ကြောင့် စွန့်စားမှုကိုမနှစ်သက်သော ရင်းနှီးမြှုပ်နှံသူများအကြား ဆုံးရှုံနိုင်ခြေ အနည်းဆုံးစတော့များအဖြစ် ရေပန်းစားမှုထိပ်ဆုံးတွင် ရပ်တည်လျှက်ရှိကြသည်။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသော blue-chip ကုမ္ပဏီများမှ နမူနာအချို့ကို အောက်တွင်ဖော်ပြထားပါသည်။
Blue-chip စတော့များအကြောင်း ပိုမို၍သိရှိလိုပါက ကျွန်ုပ်တို့၏ ယခင်ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။
Penny Stocks
Blue-chip စတော့များနှင့် ဆန့်ကျင်ဘက် penny စတော့များသည် အနိမ့်စားကုမ္ပဏီများကို ကိုယ်စားပြုသည်။ ၎င်းတို့၏ စတော့စျေးနှုန်းများမှာ အလွန်ပင် စျေးပေါပြီး ပုံမှန်အားဖြင့် ရှယ်ယာတခုလျှင် တဒေါ်လာပင် ပေးရလေ့မရှိပေ။ Penny စတော့များကို ယေဘုယျအားဖြင့် စျေးနှုန်းခန့်မှန်း၍ ကုန်သွယ်သော အမျိုးအစားအဖြစ် အသုံးပြုကြပြီး၊ အန္တရာယ်များသော ရင်းနှီးမြှုပ်နှံမှု အစီအစဥ်များတွင် ပါဝင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဤစတော့များနှင့် အလုပ်လုပ်ရာတွင် သတိကြီးစွာ ထားသင့်ပါသည်။ အကယ်၍များ အခန့်မသင့်လျှင် ရင်းနှီးမြှုပ်နှံမှုတခုလုံးကို ဆုံးရှုံးရနိုင်ပါသည်။
Cyclical Stocks နှင့် Non-Cyclical Stocks
စီးပွားရေးလုပ်ငန်းလည်ပတ်မှုစက်ဝန်း ကျယ်ပြန့်ခြင်း၊ ကျဥ်းမြောင်းခြင်းများ အပေါ်မူတည်၍ သာယာဝပြောသည့်ကာလများနှင့် ဆင်းရဲကြပ်တည်းသော ကာလများသည်လည်း နိုင်ငံတနိုင်ငံ၏ စီးပွားရေးတွင် အရေးပါသော အစိတ်အပိုင်းများ ဖြစ်ပါသည်။ အချို့သောကုမ္ပဏီများသည် ဤစီးပွားရေး စက်ဝန်း၏ သက်ရောက်မှုကို ပို၍ခံရပြီး၊ အခြားသော ကုမ္ပဏီများသည် အထိုက်အလျောက် ခံနိုင်ရည်ရှိကြပါသည်။
Cyclical Stocks
Cyclical stocks များသည် စီးပွားရေး ကျဆင်းချိန်နှင့် တိုးတက်ချိန်များအပေါ် မှီခိုလျက်ရှိသော ကုမ္ပဏီရှယ်ယာများ ဖြစ်ကြသည်။ ဥပမာအားဖြင့် ခရီးသွားလုပ်ငန်းများ၊ ဇိမ်ခံပစ္စည်းရောင်းချသော ကုမ္ပဏီများ သည် အန္တရာယ်နှင့် ပိုမိုနီးစပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စီးပွားရေး ဆုတ်ယုတ်သည့် ကာလတခုတွင် ၎င်းတို့မျှော်မှန်းထားသော ဖောက်သည်များသည် စျေးကြီးသောဝယ်ယူမှုများကို ပြုလုပ်နိုင်စွမ်း မရှိကြတော့သောကြောင့် ဖြစ်သည်။ အခြားတဖက်မှပြန်ကြည့်လျှင် စီးပွားရေးအင်အား တောင့်တင်းချိန်များတွင် ဝယ်လိုအားများ တရှိန်ထိုး မြင့်တက်ပြီး အဆိုပါကုမ္ပဏီများ၏ အခြေအနေသည် သိသိသာသာ တိုးတက်ကောင်းမွန်လေ့ရှိပါသည်။
Non-Cyclical Stocks
Non-cyclical stocks များသည် အများပြည်သူနှင့်သက်ဆိုင်သော သို့မဟုတ် ခိုင်မာသော စတော့များ ဖြစ်ကြသည်။ Cyclical stocks များနှင့် မတူသောအချက်မှာ ၎င်းတို့၏ ဝယ်လိုအားသည် စျေးကွက်အတက်အကျများအပေါ် မှီခိုခြင်းမရှိပါ။ ကုန်စုံဆိုင်စသော လုပ်ငန်းများသည် ဤစတော့များ အတွက် အကောင်းဆုံး ဥပမာဖြစ်သည်။ မည်မျှခက်ခဲသော ကာလမျိုးဖြစ်နေပါစေ၊ လူအများသည် အခြေခံစားသောက်ကုန်များကို ဝယ်ယူကြရသည်သာဖြစ်သည်။ စီးပွားရေး ကျဆင်းချိန်များ တွင် ဤသို့သော ခိုင်မာသည့်စတော့များသည် ဘေးကင်းသောပိုင်ဆိုင်မှု ဖြစ်ပြီး၊ cyclical stocks များမှာမူ အတက်စျေးကွက် ကာလများတွင် သေချာပေါက် သာလွန်စွာ စွမ်းဆောင်နိုင်ပါလိမ့်မည်။
Dividend Stocks နှင့် Non-Dividend Stocks
အမြတ်ဝေစု ပုံမှန် ပေးချေမှုများသည် ရင်းနှီးမြှုပ်နှံသူများ၏ သည်းခြေကြိုက်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အချို့သော စတော့အမျိုးအစားများတွင် အမြတ်ဝေစု ပေးချေခြင်း မရှိပါ။
Dividend Stocks
Dividend stocks များသည် အလုပ်မလုပ်ပဲ ဝင်ငွေရရှိ၍ ပိုင်ဆိုင်မှုတိုးပွားနိုင်သော နည်းလမ်းများကို ရှာဖွေနေသော ရင်းနှီးမြှုပ်နှံသူများအတွက် အလွန်တန်ဖိုးရှိပါသည်။ အမြတ်ဝေစုပေးသည့် စတော့တခု အဖြစ် သတ်မှတ်ရန်အတွက်၊ သက်ဆိုင်ရာကုမ္ပဏီသည် ၎င်း၏ ရှယ်ယာတခုအတွက် အနည်းဆုံး အမြတ်ဝေစု 0.01 ဒေါ်လာကို ပေးချေရပါမည်။
Non-Dividend Stocks
Non-dividend stocks များသည် အချိန်ကြာသည်နှင့်အမျှ ရှယ်ယာစျေးနှုန်း မြင့်တက်ရန် အလားအလာ ကောင်းမွန်ပြီး အမြတ်ဝေစု မရရှိခြင်းအပေါ် ဖြည့်တွေး၍ လက်သင့်ခံနိုင်လောက်သော အမျိုးအစားဖြစ်သည်။ အထင်ရှားဆုံး ကုမ္ပဏီများသည်ပင် အမြတ်ဝေစု အမြဲတစေ ပေးချေခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းစတော့အမျိုးသည်လည်း ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခုဟု ယူဆနိုင်ပါသည်။ သို့သော် လက်ရှိခေတ်ရေစီးကြောင်းအရ ကုမ္ပဏီများစွာတို့သည် ၎င်းတို့၏ ရှယ်ယာဝင်များအား အမြတ်ဝေစု ပေးချေလေ့ရှိကြပါသည်။
IPO Stocks
IPO (intial public offering) စတော့များသည် ပုဂ္ဂလိကကုမ္ပဏီအဖြစ်မှ ပထမဆုံးစတင်၍ အများပြည်သူထံ ရှယ်ယာများ ထုတ်ဝေရောင်းချသော စီးပွားရေးလုပ်ငန်းများ၏ အစုရှယ်ယာများ ဖြစ်သည်။ IPO စတော့များသည် အစိုးမရသော သဘာဝရှိသော်လည်း တိုးတက်ရန် အလားအလာ ကောင်းသော စတော့များအဖြစ် ယေဘုယျ ယူဆကြလေ့ရှိသည်။ IPO စတော့များ၏ တိုးတက်မှု အလားလာနှင့် စပ်လျဥ်း၍ ရင်းနှီးမြှုပ်နှံမှုအသိုင်းအဝိုင်းတခုလုံးမှ တခဲနက် သဘောတူညီထားခြင်း မရှိသည့်တိုင်၊ ၎င်းတို့သည် ရင်းနှီးမြှုပ်နှံသူများကို အမှန်ပင် ဆွဲဆောင်နိုင်ပါသည်။ ပုဂ္ဂလိကကုမ္ပဏီတခု သည် ၎င်း၏ IPO စတော့ အခြေအနေကို ထိန်းသိမ်းထားနိုင်ရန် အများပိုင်အဖြစ် ပြောင်းလဲပြီးချိန်မှစ၍ အနည်းဆုံး အချိန်တနှစ်လိုအပ်ပါသည်။
ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး စတော့များမှာ အဘယ်နည်း။
အောင်မြင်သော ရင်းနှီးမြှုပ်နှံသူတိုင်းသည် ရှိရှိသမျှ စတော့အတန်းအစား များကို သေချာစွာမှတ်သား၍ အမျိုးအစားစုံလင်စွာခွဲခြမ်းခြင်း အစရှိသော နည်းလမ်းကောင်းများကို အသုံးချလေ့ရှိသည်။ စတော့ အမျိုးအစား တခုစီတိုင်းတွင် အားသာချက်၊ အားနည်းချက်များ ကိုယ်စီရှိကြသောကြောင့် ဘက်ပေါင်းစုံမှ ဂရုတစိုက် ချဥ်းကပ်၍ လေ့လာခြင်းဖြင့်သာ ဟန်ချက်ညီသော ရှယ်ယာစုစည်းမှုကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ အကယ်၍ သင်သည် ကုမ္ပဏီများ၏ စျေးကွက် အရင်းအနှီးများ၊ ပထဝီဝင် တည်နေရာများ နှင့် ရင်းနှီးမြှုပ်နှံမှုပုံစံများ အားလုံးကို ကောင်းစွာ ကြေညက်ထားပြီး ဖြစ်ပါက မည်သည့်စတော့အမျိုးအစား ဖြင့်မဆို အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ပါသည်။ စတော့အမျိုးအစား ကို သာမကပဲ ကုမ္ပဏီ၏ တိုးတက်မှုအလားအလာကိုပါ မမေ့မလျော့ ထည့်သွင်းစဥ်းစားရန်လည်း အထူးအရေးကြီးပါသည်။
ဤသတင်းအချက်များအားလုံးသည် သင့်အတွက် အနည်းငယ် ခက်ခဲမှုရှိနိုင်သော်လည်း၊ ဘဏ္ဍာရေးလောက တွင် မျှော်မှန်းထားသော ပန်းတိုင်များကို ရောက်ရှိရန် နှင့် အလားအလာကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု အစီအစဥ်ကို တည်ဆောက်နိုင်ရန်အတွက်၊ LiteFinance မှ လွယ်ကူစွာ လမ်းပြပေးနိုင်ပါသည်။
စတော့အမျိုးအစား အမျိုးမျိူးအတွက် အမေး/အဖြေများ။
စတော့အမျိုးအစား နှင့် အတန်းအစားများစွာ ရှိပါသည်။ သို့ရာတွင် အခြေခံ ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာများကို အသုံးချနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရေပန်းအစားဆုံး အမျိုးအစားများကို သိရှိထားသင့်ပါသည်။ စတော့များကို ကုမ္ပဏီ၏ အရင်းအနှီးပမာဏ၊ ပထဝီဝင် တည်နေရာနှင့် စျေးကွက်နယ်ပယ်များအပေါ်မူတည်၍ အတန်းအစားခွဲခြားနိုင်သည်။
စတော့များအား ၎င်းတို့၏ အရည်အသွေးသတ်မှတ်ချက် (blue-chip stocks နှင့် penny stocks)၊ ရင်းနှီးမြှုပ်နှံမှုစတိုင် ( growth stocks နှင့် value stocks )၊ စီးပွားရေးစက်ဝန်းပေါ်မှီခိုမှုဒီဂရီ (cyclical stock နှင့် non-cyclical stocks တနည်း defensive stocks) နှင့် အမြတ်ဝေစုပေးချေမှု (dividend stocks နှင့် non-dividend stocks) အပေါ်မူတည်၍ အမျိုးအစားကို ဆုံးဖြတ်ပါသည်။ IPO stocks နှင့် income stocks များမှာ ၎င်းတို့၏ကိုယ်ပိုင် အမျိုးအစားဖြင့် တခုစီသာ ရှိကြသော သီးသန့်စတော့များဖြစ်ကြသည်။ ဆုံးရှုံးနိုင်ခြေနိမ့်သော စတော့များ ရှိကြသလို၊ မြင့်သော စတော့များလည်း ရှိနိုင်သည်။ ထို့အပြင် အချို့သော စတော့အမျိုးအစားများသည် ၎င်းတို့၏ ပိုင်ရှင်များအား မဲပေးနိုင်သော အခွင့်အရေးကို ပေးစွမ်းပါသည်။
စျေးကွက်အတွင်း အဓိကစတော့အမျိုးအစား နှစ်ခုရှိပါသည်။ ၎င်းတို့မှာ common stock နှင့် preferred stock ဖြစ်သည်။ Common stock ကို ပိုင်ဆိုင်သူသည် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုတွင် တစိတ်တပိုင်း ပါဝင်နိုင်သည်။ အကယ်၍ နောင်တချိန်တွင် ကုမ္ပဏီဖျက်သိမ်းခဲ့ပါက ဤစတော့ ပိုင်ရှင်များသည် ကျန်ရှိသော ပိုင်ဆိုင်မှုတန်ဖိုးအပေါ် အချိုးကျ ခံစားခွင့်ရှိပါသည်။
Preferred stocks များသည် ငွေချေးစာချုပ် နှင့် စတော့ နှစ်မျိူးပေါင်းစပ်ထားသော ပေါင်းစပ် စတော့အမျိုးအစားဖြစ်သည်။ Common stock များနှင့် မတူသည့်အချက်မှာ ၎င်းတို့၏ ပိုင်ရှင်များသည် မည်သည့်ရှယ်ယာကိုမျှ ပိုင်ဆိုင်ခြင်းမရှိပါ။ သို့ရာတွင် အမြတ်ဝေစုများကို ပုံမှန်ရရှိကြပါသည်။
စတော့များကို စတင်ကုန်သွယ်ရန် ကုန်သွယ်ရေးအကောင့်တခု ဖွင့်ရန်လိုအပ်ပါသည်။ ထို့အပြင် ခိုင်မာသော ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲရေး နှင့် ကုန်သွယ်ရေး အစီအစဥ်ကိုလည်း ချမှတ်ရပါမည်။
ရင်းနှီးမြှုပ်နှံသူများအနေနှင့် အလေးထားသင့်သော အဓိက စတော့နယ်ပယ် ၁၁ ခုရှိပါသည်။ ထိုစျေးကွက်နယ်ပယ်တခုချင်းတွင် အရင်းအနှီးပမာဏ မတူညီသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ပေါင်းစုံပါဝင်ပါသည်။ ဤနယ်ပယ်များ၏ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
- အများပြည်သူဆိုင်ရာအခြေခံဝန်ဆောင်မှု (Utilities)
- ဆက်သွယ်ရေးဝန်ဆောင်မှု (Communication services )
- ဇိမ်ခံပစ္စည်းနှင့် ဝန်ဆောင်မှု (Consumer discretionary)
- အခြေခံစားသောက်ကုန် (Consumer staple)
- စွမ်းအင် (Energy)
- ဘဏ္ဍာရေး (Finance)
- ကျန်းမာရေးစောင့်ရှောက်မှု (Healthcare)
- စက်မှုလုပ်ငန်းစု (Heavy industry)
- တွင်းထွက်၊ သဘာဝနှင့် ဓာတုကုန်ကြမ်း (Materials)
- အိမ်၊ခြံ၊မြေ (Real estate)
- နည်းပညာ (Technology )
NASDAQ စျေးကွက်တွင် စတော့ပေါင်း ၃၀၀၀ ကျော်ပါဝင်သည်။ ၎င်းတို့မှ အများစုသည် နည်းပညာပိုင်း သို့မဟုတ် အင်တာနက်ဝန်ဆောင်မှုနှင့် ဆက်နွယ်သော နယ်ပယ်များမှ ဖြစ်ကြသည်။ သို့သော်လည်း ဘဏ္ဍာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စက်မှုလုပ်ငန်း၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် အခြားကုမ္ပဏီများစွာလည်း ပါဝင်ကြပါသည်။ NASDAQ ၏ စာရင်းတွင် Apple (AAPL) ၊ Microsoft (MSFT) ၊ Amazon (AMZN) အစရှိသော ဧရာမလုပ်ငန်းစုကြီးများ ပါဝင်ကြသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။
















