ကမ္ဘာ့စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းတခုအဖြစ်၊ စတော့အိတ်ချိန်းများသည် ကုန်သွယ်ရေး လှုပ်ရှားမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မောင်းနှင်သူများ ဖြစ်ကြပါသည်။ စတော့ကုန်သွယ်မှုအကြောင်းကို ကျွန်ုပ်တို့အားလုံး ကြားဖူးနားဝရှိကြပြီးဖြစ်ပါသည်။ သို့ရာတွင် ဤကုန်သွယ်ရေး၏ အလုပ်လုပ်ပုံ အလုံးစုံကိုမူ လူတိုင်း သိနားလည်ခြင်း မရှိကြပါ။ ဤပြည့်စုံသော လမ်းညွှန်ချက်တွင် ကျွန်ုပ်တို့သည် ဤအတွေးအခေါ်ကို လက်ကိုင်ထား၍ စတော့အိတ်ချိန်းများ၏ အမျိုးအစားခွဲခြားမှုများ၊ ၎င်းတို့၏ အလုပ်လုပ်ပုံနှင့်တကွ ၎င်းတို့သည် ကုန်သည်များအတွက် မည်ကဲ့သို့ အကူအညီပေးသည် စသော မေးခွန်းများအပါအဝင် လူအများ မေးလေ့မေးထရှိသည့် အခြားသော စတော့အိတ်ချိန်းနှင့် ပတ်သတ်သမျှ မေးခွန်းများစွာကို ဖြေဆိုပေးထားပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- စတော့အိတ်ချိန်းတခုဆိုသည်မှာ အဘယ်နည်း။
- စတော့ဈေးကွက်များ၏ သမိုင်းကြောင်း
- စတော့အိတ်ချိန်းများသည် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။
- စတော့အိတ်ချိန်းတခု၏ လုပ်ဆောင်ချက်များ
- စတော့အိတ်ချိန်းများတွင် ပါဝင်သူများ၏ အရေးပါမှု
- Primary နှင့် Secondary Market
- စတော့အိတ်ချိန်း အမျိုးအစားများ
- စတော့အိတ်ချိန်းများနှင့် IPOs များ
- ကမ္ဘာ့အဓိကစတော့အိတ်ချိန်းများ
- အမေရိကန်တွင် အကြီးဆုံး စတော့အိတ်ချိန်းများမှာ မည်သည်တို့ ဖြစ်သနည်း။
- စတော့အိတ်ချိန်းများတွင် မည်ကဲ့သို့ ရင်းနှီးမြှုပ်နှံရမည်နည်း။
- စတော့အိတ်ချိန်းများ၏ အားသာချက်၊ အားနည်းချက်များ
- စတော့အိတ်ချိန်းဆိုင်ရာ အမေးများသောမေးခွန်းများ
စတော့အိတ်ချိန်းတခုဆိုသည်မှာ အဘယ်နည်း။
စတော့အိတ်ချိန်းတခုသည် ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များအား ရှယ်ယာအရောင်းအဝယ်များ ပြုလုပ်ခွင့်ပေးသော အဖွဲ့အစည်း ဖြစ်ပါသည်။ ၎င်းသည် ပါဝင်သူများအပေါ် ထိန်းချုပ်ရန်မှုစနစ်ကို ပံ့ပိုးပေးပြီး၊ မျှတမှုနှင့် ကုန်သွယ်မှုအမြန်နှုန်းများကို အာမခံပါသည်။ အပြည့်အဝပြီးမြောက်သော ကုန်သွယ်မှုတခုတိုင်းကို မှတ်ပုံတင်စာရင်းသွင်းထားပါသည်။
အိတ်ချိန်းများတွင် အတန်းအစားအမျိုးမျိုး ရှိပါသည်။ အခြေခံအားဖြင့် ၎င်းတို့သည် အောက်ပါ လက္ခဏာရပ်များတွင် ကွဲပြားကြပါသည်။
ကုန်သွယ်သောပစ္စည်းအမျိုးအစား။ စတော့အိတ်ချိန်းများအပြင် ကုန်စည်၊ ခရစ်ပတိုငွေကြေးနှင့် နိုင်ငံတကာငွေကြေး ကုန်သွယ်ရေးပလက်ဖောင်းများလည်း ရှိပါသည်။ စတော့အိတ်ချိန်းတခုသည် ပါဝင်သူများအား ရှယ်ယာများကို ကုန်သွယ်ခွင့်ပေးပါသည်။ ကုန်စည်အိတ်ချိန်းများတွင် (စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အဖိုးတန်သတ္တု) ကဲ့သို့သော ကုန်စည် အစစ်များကို ကုန်သွယ်ကြပါသည်။ Derivative ဈေးကွက်ဟုခေါ်ဆိုကြသော ဈေးကွက်များလည်း ရှိကြပါသည် - ၎င်းဈေးကွက်များတွင် ဘဏ္ဍာရေးဆိုင်ရာ ထုတ်ကုန်များ ဖြစ်ကြသော (futures၊ options) စသည်တို့ကို ကုန်သွယ်ကြပါသည်။
ပါဝင်ဆောင်ရွက်မှုပုံစံ - စတော့အိတ်ချိန်းအမျိုးအစားနှစ်ခု ရှိပါသည် - open အမျိုးအစားနှင့် closed အမျိုးအစား တို့ ဖြစ်ကြပါသည်။ Open exchanges တွင် ကုန်သွယ်မှုများအား ရောင်းချသူများ၊ အိတ်ချိန်းအဖွဲ့ဝင်များနှင့် ဝယ်ယူသူများမှ ဆောင်ရွက်နိုင်ကြပါသည်။ Closed exchanges တွင် စတော့အိတ်ချိန်းအဖွဲ့ဝင်များသာ ကုန်သွယ်ခွင့်ရှိကြပါသည်။
အဖွဲ့အစည်း - လက်ရှိအိတ်ချိန်း အများစုသည် ရှယ်ယာဝင်များစွာ ပူးတွဲပိုင်ဆိုင်သော အများပိုင် ကုမ္ပဏီများ ဖြစ်ကြပါသည်။ အကယ်၍ ပုဂ္ဂလိကကုမ္ပဏီတခုမှ ရှယ်ယာဝင်အဖြစ်ပါဝင်ခြင်း စသောအခြေအနေမျိုးတွင် အိတ်ချိန်းများ၏ အမျိုးအစား ရောထွေးနိုင်ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအခန်းကဏ္ဍ။ နိုင်ငံတွင်းနှင့် နိုင်ငံတကာ စတော့အိတ်ချိန်းများ ရှိကြပါသည်။ နိုင်ငံတွင်း အိတ်ချိန်းများမှာမူ အတော်အသင့် သေးငယ်ပါသည်။ ၎င်းတို့သည် နိုင်ငံတကာအိတ်ချိန်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှ်ိသော အသေးစားကုမ္ပဏီများ၏ စတော့ရှယ်ယာများကို ကုန်သွယ်ကြပါသည်။
စတော့ဈေးကွက်များ၏ သမိုင်းကြောင်း
ပထမဆုံး အိတ်ချိန်းများ၏ သမိုင်းကြောင်းသည် ပထမဦးဆုံးအနေဖြင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ အီတလီ၊ ဗြိတိန် စသည့် ဥရောပနိုင်ငံများမှ အစပြုခဲ့ပါသည်။ အိတ်ချိန်းများပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းသည် ပထမဆုံး အစိုးရဘွန်းစာချုပ်များနှင့် ဆက်နွယ်နေပါသည်။ ၎င်းသည် စတော့ဈေးကွက်၏ လုပ်ငန်းဆောင်ရွက်မှုအတွက် အခြေအနေများကို ဖန်တီးခဲ့ပါသည်။ အပိုဆောင်း ရန်ပုံငွေများကို ရရှိရန်အတွက် အစိုးရသည် ဘွန်းစာချုပ်များကို စတင်ထုတ်ဝေခဲ့ပါသည်။ အဆိုပါ စာချုပ်များကို ပြည်တွင်းနှင့် နိုင်ငံခြားဈေးကွက်များအတွင်း ရောင်းချကမ်းလှမ်းခဲ့ပါသည်။
၁၅၃၁ ခုနှစ် တွင်၊ ဘယ်လ်ဂျီယံ (Antwerp) တွင် ပထမဆုံး စတော့အိတ်ချိန်း ပေါ်ပေါက်ခဲ့ပါသည်။ အကျိုးဆောင်များနှင့် ငွေရှင်ကြေးရှင်များသည် ထိုနေရာတွင် ဆုံတွေ့ကြ၍ စီးပွားရေးလုပ်ငန်း ဆိုင်ရာချေးငွေများ၊ အစိုးရချေးငွေနှင့် ပုဂ္ဂလိကသီးခြားချေးငွေများကိုပါမကျန် ဆောင်ရွက်လုပ်ကိုင် ခဲ့ကြသည်။ ၁၅၀၀ ပြည့်နှစ်များမှပင်စ၍ စတော့အိတ်ချိန်း၏ ပထမဆုံး ရှေ့ပြေးပုံစံသည် အိတ်ချိန်း ပြေစာများနှင့် ဘွန်းစာချုပ်များကို သီးခြား ထုတ်ဝေခဲ့သည်။ စတော့အစစ်များကို ရောင်းချခြင်းမရှိခဲ့ပါ။
၁၆၀၂ ခုနှစ်တွင် Netherlands East India Company (နယ်သာလန်နှင့်အရှေ့အိန္ဒိယကုမ္ပဏီ)သည် ၎င်း၏ရှယ်ယာများကို Amsterdam Stock Exchange တွင် စာရင်းသွင်းခြင်းအားဖြင့် ကမ္ဘာ့ပထမဆုံးသော တရားဝင် အများပိုင်ကုမ္ပဏီတခု ဖြစ်လာခဲ့သည်။
၁၇-၁၈ ရာစုနှစ်များအတွင်း အင်္ဂလန်၏ စက်မှုလုပ်ငန်းထွန်းကားမှုသည် English အိတ်ချိန်း ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခဲ့ပါသည်။ ထိုအချိန်သည် ရှယ်ယာများထုတ်ဝေသော စီးပွားရေးပုံစံအသစ် ပေါ်ပေါက်လာရန် အစပြုခဲ့သော အချိန်ဖြစ်ပါသည်။ ၁၇၇၃ တွင် အစုရှယ်ယာများကို ရောင်းချပေးသော လန်ဒန်စတော့အိတ်ချိန်း ပေါ်ပေါက်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၁၈၂၅ မတိုင်မီ၊ ကုမ္ပဏီများအား ရှယ်ယာများထုတ်ဝေရန် ခွင့်ပြုထားခြင်း မရှိသောကြောင့် လန်ဒန်စတော့အိတ်ချိန်း လည်ပတ်မှုတွင် အကန့်အသတ်မြင့်မားခဲ့သည်။ ဤအချက်သည် ၁၉ ရာစုအတွင်း LSE (London Stock Exchange) အတွက် အကြီးဆုံးစတော့အိတ်ချိန်းတခုဖြစ်လာရန် အတားအဆီးဖြစ်ခဲ့ပါသည်။
၁၇၉၂ ခုနှစ်တွင် နယူးယောက် စတော့အိတ်ချိန်း (USA) အား ပထမဆုံး အကျိုးဆောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော အကျိုးဆောင် ၂၄ ဦး မှ စတင်တည်ထောင်ခဲ့သည်။ ၁၈၈၂ ခုနှစ်သို့ရောက်သောအခါ အမေရိကန်ပြည်ထောင်စုတွင် ချီကာဂိုစတော့အိတ်ချိန်း ပေါ်ပေါက်ခဲ့သည်။ ၁၈၈၀ ပြည့်နှစ်နှောင်းပိုင်းများတွင် စတော့နှင့် ဘွန်းစာချုပ် အရောင်းအဝယ်များ အရေအတွက် တိုးတက်၍ အမြတ်များ ပိုမိုရရှိလာသည်နှင့်အမျှ အိတ်ချိန်းသည်လည်း သိသိသာသာ စည်ပင်ကြီးထွားလာခဲ့သည်။
ဘုံဘေစတော့အိတ်ချိန်း သည် အာရှတွင် ပထမဆုံး စတော့အိတ်ချိန်းတခု ဖြစ်ပါသည်။ ၎င်းသည် ၁၈၇၅ တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်း၏နောက် ၁၈၇၈ တွင် ဆာမူရိုင်း ခေါ် သီးသန့်အသိုင်းအဝိုင်း တခုအတွက် ထုတ်ဝေသော အစိုးရဘွန်းများကို ကုန်သွယ်မှုပြုလုပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံသည် တိုကျိုစတော့အိတ်ချိန်း ကို ဖွင့်လှစ်ခဲ့သည်။ ၁၈၉၁ ခုနှစ်တွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် စီးပွားရေးသမားများသည် ရှန်ဟိုင်းစတော့အိတ်ချိန်းကို စတင်တည်ထောင်ခဲ့သည်။
ရုရှားနိုင်ငံ ၌ Peter I လက်ထက်တွင် ပထမဆုံး အိတ်ချိန်းများ ပေါ်ပေါက်ခဲ့သည်။ ၁၇၀၅ ခုနှစ်တွင် ပထမဆုံးရုရှားအိတ်ချိန်းအား စိန့်ပီတာစဘတ်တွင် တည်ထောင်ခဲ့သည်။ သို့သော် ထိုစဉ်အချိန်က ကုန်သွယ်ရေးဆောင်ရွက်ကြသော ပမာဏများသေးငယ်သည့်အပြင် ငွေအပ်နှံခြင်းစနစ်တွင် အားနည်းချက် များရှိသည့်အတွက်၊ ထိရောက်မှုရှိသော ဈေးကွက်တခုဟု ခေါ်ဆိုနိုင်ခြင်း မရှိခဲ့ပေ။ များသောအားဖြင့် နိုင်ငံပိုင်စက်ရုံများ၏ ပြေစာများကိုသာ ရောင်းဝယ်ခဲ့ကြသည်။
စတော့အိတ်ချိန်းများသည် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။
လူများစွာတို့သည် စတော့အိတ်ချိန်းအား ရုပ်ရှင်ရုံတွင် ပြသသော မြင်ကွင်းတခုကဲ့သို့ - ဆူဆူညံညံ ပြောဆို နေကြသူများ၊ ဖုန်းပြောနေကြသူများ စုဝေးနေကြသော နေရာတခုအဖြစ် စိတ်ကူးယဉ် တွေးထင်ကြလေ့ရှိသည်။ ယခင်အချိန်ကမူ မြေပြင်ကုန်သွယ်ရေးဈေးကွက်တခု အမှန်ပင်ရှိခဲ့ပါသည်။ လေလံဆွဲသူများသည် ဝယ်ယူ၊ ရောင်းချရန် အော်ဟစ်၍ ကမ်းလှမ်းကြသည်။ ယခုအခါ ကုန်သွယ်ရေးလှုပ်ရှားမှုများစွာတို့ကို အွန်လိုင်းမှတဆင့်သာ လုပ်ဆောင်ကြသည်။
စတော့အိတ်ချိန်းပေါ်တွင် ပြုလုပ်ကြသော ကုန်သွယ်မှုတခုစီတိုင်းသည် အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ကြရပါသည်။
လုပ်ဆောင်ပုံ။ ဝယ်သူသည် အင်တာနက် သို့မဟုတ် ဖုန်းခေါ်ဆိုမှုမှတဆင့် တောင်းဆိုမှုကို ပြုလုပ်ပါသည်။ ၎င်းတို့၏ အဝယ် သို့မဟုတ် အရောင်းအော်ဒါသည် အီလက်ထရွန်းနစ်စနစ်သို့ ဝင်ရောက်သွားပါသည်။
နှစ်ဦးနှစ်ဖက်ပြေလည်အောင်ညှိနှိုင်းခြင်း။ ကုန်သွယ်မှုအတိုင်းအတာများ အားလုံးကို ရင်းနှီးမြှုပ်နှံသူ များ နှင့် ရှယ်ယာရောင်းချသူများ နှစ်ဦးစလုံးဘက်မှ သေချာစွာ စစ်ဆေးကြပါသည်။
စာရင်းရှင်းလင်းခြင်း (အိတ်ချိန်းတွင်လုပ်ဆောင်သော အပြန်အလှန် ငွေပေးချေမှုများ)။ ငွေအပေးအယူ ကို စစ်ဆေး၍ စာရွက်စာတမ်းဆိုင်ရာကိစ္စရပ်အားလုံးကို ဆောင်ရွက်ပါသည်။
အရောင်းအဝယ်ပြီးမြောက်ခြင်း။ နောက်ဆုံးအဆင့်တွင် အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူ၏ ငွေကြေးဖြင့် တိုက်ရိုက်ဖလှယ်ပါသည်။
စတော့ဈေးကွက်အတွင်း တိကျသောကာလများ ရှိသည်ကို မှတ်သားအပ်ပါသည်။ ထိုကာလများအတွင်း ဝယ်ယူခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ပါသည်။ ဥပမာအားဖြင့် အချို့သော အိတ်ချိန်းများသည် ရုံးပိတ်ရက်များတွင် အလုပ်မလုပ်ပါ။
စတော့အိတ်ချိန်းတခု၏ လုပ်ဆောင်ချက်များ
အိတ်ချိန်းသည် အစုရှယ်ယာဈေးကွက်အတွက် မျှတသော ဈေးနှုန်းများကို ထိန်းသိမ်းကာ၊ ဝယ်ယူသူများနှင့် ရောင်းချသူများကို ချိတ်ဆက်ပေးပါသည်။ ရှယ်ယာထုတ်ဝေသူများအားလုံးသည် ကုန်သွယ်ခွင့်ကို မရရှိမီ၊ ၎င်းတို့၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို အိတ်ချိန်းပေါ်သို့ တင်သွင်းရန် လိုအပ်ပါသည်။ ကုန်သွယ်မှုများအား အိတ်ချိန်းပေါ်တွင် ထုတ်ပြန်ထားသော စည်းမျဉ်းများနှင့်အညီ တိကျသော အချိန်တခုအတွင်း ဆောင်ရွက်ပါသည်။ ၎င်းတို့နှင့် ပတ်သတ်သမျှ သတင်းအချက်အလက်များအားလုံးကို အများဆိုင်ဒိုမိန်းတွင် ဖော်ပြထားပါသည်။ သက်ဆိုင်ရာ အိတ်ချိန်း၏ ဝက်ဘ်ဆိုက်တွင် ၎င်းတို့ကို ရှာဖွေတွေ့ရှိနိုင်ပါသည်။
စတော့အိတ်ချိန်း၏ အဓိကတာဝန်များတွင် အောက်ပါတို့ ပါဝင်ပါသည်။
အမြဲတမ်းအတွက် လုပ်ငန်းလည်ပတ်သော ရှယ်ယာဈေးကွက်တခု ဖန်တီးခြင်း။
နိုင်ငံများကြား၊ နိုင်ငံတခုတွင်းမှ မတူညီသော စီးပွားရေးကဏ္ဍများနှင့် နယ်ပယ်များကြားသာမက၊ သီးခြားအဖွဲ့အစည်းများကြားတွင် ရန်ပုံငွေများကို ခွဲဝေချထားခြင်း။
ပုံမှန်စတော့တခုတွင် ရင်းနှီးမြှုပ်နှံသူ၏ ရှယ်ယာကို ထည့်သွင်းပေးခြင်း။
Market liquidity နှင့် ကုန်သွယ်မှု အကောင်အထည်ဖော်ခြင်းများအား အဖိုးအခဖြင့် လက်ခံဆောင်ရွက်ပေးခြင်း။
စတော့အိတ်ချိန်းများတွင် ပါဝင်သူများ၏ အရေးပါမှု
အိတ်ချိန်းပေါ်မှ မိနစ်တိုင်းတွင် ကြီးမားသောအရေအတွက်ရှိသည့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ပါသည်။ လုပ်ငန်းဆောင်ရွက်ချက်တိုင်းတွင် ပါဝင်သူအမျိုးအစားများစွာ တပြိုင်နက်တည်း ပါဝင်ပတ်သတ်နေပါသည်။
ရင်းနှီးမြှုပ်နှံသူ။ ရင်းနှီးမြှုပ်နှံသူတဦးသည် တရားဝင်အဖွဲ့အစည်းတခုဖြစ်နိုင်သကဲ့သို့၊ သီးခြား လူပုဂ္ဂိုလ်တဦးလည်း ဖြစ်နိုင်ပါသည်။ ၎င်း၏ ရည်ရွယ်ချက်သည် အမြတ်ရရန်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ ဘဏ္ဍာရေးရည်မှန်းချက်များ အောင်မြင်စေရေးအတွက် ရင်းနှီးမြှုပ်နှံသူသည် စတော့များ၊ ဘွန်းစာချုပ်များ၊ စုပေါင်းရန်ပုံငွေများ၊ futures စာချုပ်များ သို့မဟုတ် အခြားစတော့ဈေးကွက်ပိုင်ဆိုင်မှုများကို ဝယ်ယူရောင်းချခွင့် ရရှိကြပါသည်။
ထုတ်ဝေသူ။ ၎င်းသည် အရင်းအနှီးကို မြှင့်တင်ရန်အတွက် ရှယ်ယာများကို ထုတ်ဝေသူ ဖြစ်ပါသည်။ ၎င်းသည် ကုမ္ပဏီတခု၊ မြို့တခု သို့မဟုတ် ပြည်နယ်တခုပင်ဖြစ်နိုင်ပါသည်။ အိတ်ချိန်းသည် ၎င်းတို့အတွက် ဈေးကွက်အဖြစ် ဆောင်ရွက်ပေးပါသည်။
အကျိုးဆောင်။ ထုတ်ဝေသူနှင့် ရင်းနှီးမြှုပ်နှံသူကြား ကြားခံအဖြစ် ဆောင်ရွက်ပါသည်။ ဈေးကွက်အတွင်း ကုန်သွယ်မှုများ ပြုလုပ်သောအခါ၊ အကျိုးဆောင်များသည် ရင်းနှီးမြှပ်နှံသူ ကိုယ်စား သီးသန့်ဆောင်ရွက်ပေးပါသည်။ ရင်းနှီးမြှုပ်နှံသူသည် အကျိုးဆောင်တခုဖြင့် သဘောတူ စာချုပ် ချုပ်ဆိုခြင်း၊ အကျိုးဆောင်ထံတွင် အကောင့်တခု ဖွင့်လှစ်ခြင်းများ မပြုလုပ်ပဲ၊ အိတ်ချိန်းပေါ်တွင် မည်သည့်ကုန်သွယ်မှုမျိုးမှ ဆောင်ရွက်၍ မရနိုင်ပါ။
မော်ကွန်းထိန်း။ မော်ကွန်းထိန်းသည် အစုရှယ်ယာအားလုံး၏ မှတ်ပုံတင်စာရင်းသွင်းခြင်းများကို ထိန်းသိမ်းပေးပါသည်။ သို့ဖြစ်၍ ကုမ္ပဏီသည် မည်သူက မိမိ၏ရှယ်ယာဝင်ဖြစ်လာသည်ကို သိရှိနိုင်ပါသည်။
ထိန်းသိမ်းစောင့်ရှောက်သူ။ ၎င်းသည် အစုရှယ်ယာများကို ထိန်းသိမ်းပေးပြီး၊ အရောင်းအဝယ်များ ပြီးဆုံးသည့်အခါ၊ မှန်ကန်သော ငွေလွှဲပြောင်းမှုမှတ်တမ်းများကို သိမ်းဆည်းပေးပါသည်။
စည်းကမ်းကြီးကြပ်သူ။ များသောအားဖြင့် ဤသည်မှာ ဗဟိုဘဏ်တခု ဖြစ်လေ့ရှိပါသည်။ ၎င်းသည် အစုရှယ်ယာများဈေးကွက်အတွင်း ပါဝင်သူများ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် လိုင်စင်များကို ထုတ်ပေးပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံသူများအား မသမာသော ကုမ္ပဏီများ၏ရန်မှ ကာကွယ်ရန် ကူညီပေးပါသည်။
Primary နှင့် Secondary Market
Primary market တွင်၊ လုပ်ငန်းစုများနှင့် အစိုးရ၏ ပထမဆုံးထုတ်ဝေသော အစုရှယ်ယာများကို ရောင်းချပါသည်။ ဤဈေးကွက်အတွင်း တိုက်ရိုက်နည်းလမ်းဖြင့် အရောင်း၊အဝယ်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြပါသည်။ အစုရှယ်ယာများကို ချေးငွေနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများမှ အဓိက ထုတ်ဝေကြပါသည်။
Primary market သည် secondary market နှင့် အပြန်အလှန်ချိတ်ဆက်ထားပါသည်။ Secondary market တွင် ဈေးကွက်အတွင်းပါဝင်သူများသည် ယခင်ထုတ်ဝေထားသော အစုရှယ်ယာများနှင့် ၎င်းတို့၏ အပိုဆောင်း အရန်ရှယ်ယာများကို ဝယ်ယူ၊ ရောင်းချကြပါသည်။ စတော့အိတ်ချိန်းများသည် ရင်းနှီးမြှုပ်နှံမှု ဈေးကွက်အတွင်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြပါသည်။ ၎င်းတို့သည် အစိုးရ၏ ပါဝင်စွက်ဖက်မှုမရှိပဲ အရင်းအနှီးများကို အတူတကွ ရရှိကြပြီး၊ ၎င်းတို့အား မြင့်မားသောဝင်ငွေတခုကို ရရှိစေရန် ကတိပြုနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများအတွင်း ထည့်သွင်းပေးပါသည်။
စတော့အိတ်ချိန်း အမျိုးအစားများ
လေလံဈေးကွက်
အဆိုပါအိတ်ချိန်းများတွင် ဝယ်ယူသူများနှင့် ရောင်းချသူများသည် အပြိုင်အဆိုင် ဈေးပေးခြင်း ကမ်းလှမ်းခြင်းများကို ဆောင်ရွက်ကြပါသည်။ Market makers များသည် ပိုင်ဆိုင်မှုများအား ပို၍မြင့်သော နှုန်းထားဖြင့် ရောင်းချလိုကြသည်။ လက်ခံသူများသည် ပိုနိမ့်သောနှုန်းထားဖြင့် ဝယ်ယူလိုကြသည်။ အဝယ်နှင့် အရောင်းအော်ဒါများ ကိုက်ညီသောအခါ ကုန်သွယ်မှုများ အထမြောက်အောင်မြင်ပါသည်။ ယနေ့အချိန်တွင် နယူးယောက်စတော့အိတ်ချိန်းအပါအဝင် စတော့အိတ်ချိန်းအချို့သည် အီလက်ထရွန်းနစ် အယ်လ်ဂိုရီသမ်များကို အသုံးပြု၍ အော်ဒါများတွဲဖက်မှုအား အလိုအလျောက်စနစ်ဖြင့် လုပ်ဆောင်ကြပါသည်။
Dealer Market နှင့် Brokers
အကျိုးဆောင်ကုမ္ပဏီတခုသည် သီးသန့် client များနှင့် ပင်မဏ္ဍာရေးအဖွဲ့အစည်းများကြား စေ့စပ် ညှိနှိုင်းပေးပြီး၊ ကုန်သည်များအတွက် ငွေကြေးများ၊ စတော့များ၊ အဖိုးတန်သတ္တုများနှင့် အခြားသော ပိုင်ဆိုင်မှုများကို ဝယ်ယူ၊ ရောင်းချနိုင်ရန် ပလက်ဖောင်းတခုကို အသုံးပြုခွင့် ပံ့ပိုးပေးပါသည်။
စည်းမျဉ်းတခုအနေဖြင့်၊ လက်လီရင်းနှီးမြှုပ်နှံသူတဦးသည် အကျိုးဆောင်၏ အကူအညီမပါဝင်ပဲ စတော့အိတ်ချိန်းသို့ ဝင်ရောက်ခွင့်မရနိုင်ပါ။
ဤဈေးကွက်၏ ကိုယ်စားလှယ်များတွင် အကြီးစား Forex အကျိုးဆောင်ကုမ္ပဏီများနှင့် အိတ်ချိန်း ကုန်သွယ်ရေးဌာနများ သီးသန့်ထားရှိသော ဘဏ်များ ပါဝင်ပါသည်။
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
အီလက်ထရွန်းနစ် စတော့အိတ်ချိန်းများ
၎င်း၏ အမည်အတိုင်းပင် ၎င်းတွင် လူကိုယ်တိုင်ဆောင်ရွက်သော လှုပ်ရှားမှု သို့မဟုတ် လက်တွေ့ကုန်သွယ်ရေး နေရာတခု မရှိပါ။ အော်ဒါများကို အီလက်ထရွန်းနစ် ကုန်သွယ်ရေး အယ်လ်ဂိုရီသမ်မှ အလိုအလျောက် တွဲဖက်ပေးပါသည်။ ဤအိတ်ချိန်းများသည် ပိုမိုမြန်ဆန်ကာ ထိရောက်မှုရှိပါသည်။ ၎င်းတို့သည် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိသော ကုန်သွယ်မှုများကို တရက်အတွင်း စီစဉ်ဆောင်ရွက်နိုင်ကြပါသည်။ Nasdaq နှင့် ECNs (Electronic Communication Networks) သည် ယနေ့ခေတ်တွင် အကျော်ကြားဆုံး စတော့အိတ်ချိန်းများ ဖြစ်ကြပါသည်။
OTC Markets
အထက်ဖော်ပြထားသည်များမှအပ အခြားသော အိတ်ချိန်းအမျိုးအစားများအတွက် ယေဘုယျ အခေါ်အဝေါ်တခု ဖြစ်ပါသည်။ Over-the-counter (OTC) သည် များသောအားဖြင့် အသေးစားကုမ္ပဏီများ၊ အိတ်ချိန်းအကြီးများမှ စာရင်းမဝင်သော ရှယ်ယာထုတ်ဝေသူများ နှင့် အခြားအစုရှယ်ယာများကို စာရင်းသွင်းပါသည်။
စတော့အိတ်ချိန်းများနှင့် IPOs များ
IPO (Initial Public Offering ၏ အတိုကောက်) သည် ပထမဆုံးရှယ်ယာထုတ်ဝေရောင်းချခြင်း ကို ဆိုလိုပါသည်။ ပုဂ္ဂလိကကုမ္ပဏီတခု သို့မဟုတ် အစောပိုင်းရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီကို အများပိုင်အဖြစ်ပြောင်းလဲ၍ အစုရှယ်ယာများကို ကမ္ဘာအဝှမ်းမှ ရင်းနှီးမြှုပ်နှံသူများ ပိုင်ဆိုင်ခွင့် ရရှိစေရန်အတွက် စတော့အိတ်ချိန်းများတွင် ၎င်းတို့၏ စတော့များကို ရောင်းချကြသည်။ ဤလုပ်ငန်းစဉ် အတွက် ကြားခံများအနေဖြင့် အာမခံသူများ၊ စတော့အိတ်ချိန်း၊ အကျိုးဆောင်များ၊ စာရင်းစစ်များ၊ အများပြည်သူဆက်ဆံရေးဝန်ဆောင်မှုများ၊ ဥပဒေအထောက်အပံ့ စသည်တို့ ပါဝင်ပါသည်။
ကုမ္ပဏီရှယ်ယာများ ရောင်းချခြင်းသည် ဘဏ္ဍာရေးချေးငွေမှအပ အခြားရွေးချယ်စရာ နည်းလမ်းတခုမျှ သာမက၊ ကုမ္ပဏီအား ပုံမှန် အတိုးနှုန်းများပေးဆောင်ရခြင်းမှ ကင်းလွတ်စေပါသည်။ ၎င်းသည် နောက်ထပ်အဆင့်တခုအတွက် ခြေတလှမ်းပင် ဖြစ်ပါသည်။ အများပိုင်ကုမ္ပဏီဟူသော အခြေအနေတခုဖြင့် စတော့အိတ်ချိန်းသို့ဝင်ရောက်ခြင်းအားဖြင့် ရှယ်ယာထုတ်ဝေသူအတွက် အခြားအားသာချက်များစွာကိုပါ ရရှိနိုင်ပါသည်။
လုပ်ဖော်ကိုင်ဖက်များ၊ ငွေရှင်များ ပါဝင်ခြင်းနှင့်အတူ နာမည်ဂုဏ်သတင်း တိုးတက်လာခြင်း။
နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရင်းအနှီးကို တိုးမြှင့်နိုင်ခြင်း။
စီးပွားရေးလုပ်ငန်းတခု၏ ဈေးကွက်ပေါက်ဈေးကို ဆုံးဖြတ်နိုင်ခြင်း။
ပိုမိုပွင့်လင်းမြင်သာ၍ ထိရောက်မှုရှိသော စီးပွားရေးပုံစံအသစ်ကို ဖန်တီးနိုင်ခြင်း။
ကုမ္ပဏီသည် အများပိုင်အဖြစ် ကူးပြောင်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပရောဂျက်အသစ် များ အတွက် ငွေကြေးအထောက်အပံ့များဖြည့်တင်းခြင်း၊ ပိုမိုကျယ်ပြန့်စွာ ဈေးကွက်ဖြန့်ကြက်ခြင်း စသည်တို့အား ဆက်လက်ဆောင်ရွက်နိုင်ပါသည်။
အစုရှယ်ယာများ၏ ငွေဖြစ်ရန်လွယ်ကူမှုနှင့် ဈေးကွက်ပေါက်ဈေးကို အဆုံးအဖြတ် ပေးနိုင်ခြင်း သည် သင်၏ကိုယ်ပိုင် ရှယ်ယာများကို ငွေအဖြစ်ပြောင်းလဲခြင်း၊ ဝန်ထမ်းများအား အပိုဆု ချီးမြှင့်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးပါသည်။
မည်သို့ပင်ဖြစ်စေ၊ ဤအားသာချက်များနှင့်အတူ ကုမ္ပဏီသည် ထောင်ပေါင်းများစွာသော ရင်းနှီးမြှုပ်နှံသူ များနှင့် စည်းကမ်းကြီးကြပ်သူများအတွက် အပိုဝတ္တရားများကို ထပ်လောင်း၍ တာဝန်ယူရပါသည်။
ကမ္ဘာ့အဓိကစတော့အိတ်ချိန်းများ
အမေရိကန်စတော့ အိတ်ချိန်း (AMEX)
ဈေးကွက်သည် လမ်းမပေါ်မှ ဥပစာတန်းဈေးကွက်သို့ ရောက်ရှိသောအချိန်၌ပင် စတင်ခဲ့သော အိတ်ချိန်းတခု ဖြစ်ပါသည်။ အချိန်များစွာအတွင်း AMEX သည် ငွေဖြစ်လွယ်မှုနိမ့်ပါးသော အစုရှယ်ယာများ ရောင်းချခြင်းကို အထူးအလေးပေး၍ ဆောင်ရွက်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် NYSE စတော့အိတ်ချိန်းမှ ၎င်းကို ဝယ်ယူခဲ့ပါသည်။
နယူးယောက်စတော့အိတ်ချိန်း (NYSE)
ဤအိတ်ချိန်းသည် ကမ္ဘာ့အကြီးဆုံး စတော့အိတ်ချိန်းတခု ဖြစ်ပါသည်။ ၎င်း၏ လည်ပတ်ငွေသည် ကမ္ဘာ့စတော့အိတ်ချိန်းများ၏ စုစုပေါင်းလည်ပတ်ငွေတွင် ၅၀% အထိ ပါဝင်ပါသည်။ NYSE သည် ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီပေါင်း ၃၀၀၀ ကျော် ပါဝင်ကုန်သွယ်ကြသော စီးပွားရှာခြင်းမပါဝင်သည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။ NYSE စာရင်းတွင် ပါဝင်ခွင့်ရရှိရန် လိုအပ်ချက်များသည် ကမ္ဘာ့ပေါ်တွင် အခက်အခဲဆုံးနှင့် လူအများအလိုလားဆုံးဖြစ်သည်ဟုပင် ကောလဟာလအဖြစ် ပြောဆိုလေ့ရှိကြပါသည်။
လန်ဒန်စတော့အိတ်ချိန်း
၎င်းကို စတော့ကုမ္ပဏီတခုမှ ၎င်း၏ ကိုယ်ပိုင်အစုရှယ်ယာများကို ရောင်းချရန် စတင်ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ ဘယ်လ်ဂျီယံရှိ စတော့အိတ်ချိန်း ၂၂ ခုတွင် LSE သာလျှင် နိုင်ငံတတကာစတော့အိတ်ချိန်းနှင့် ဥရောပ ထိပ်တန်းအိတ်ချိန်းတခု ဖြစ်လာခဲ့သည်။ ပထမကမ္ဘာစစ်မတိုင်မီ၊ ၎င်းသည် ကမ္ဘာ့ထိပ်တန်း စတော့အိတ်ချိန်းများတွင် တခုအပါအဝင်ဖြစ်ခဲ့ပါသည်။ ပုဂ္ဂလိကနှင့် အစိုးရ အကျိုးဆောင်များသည် ကုန်သွယ်ဈေးကွက်၏ အဖွဲ့ဝင် ဖြစ်နိုင်ပါသည်။
ရှန်ဟိုင်းစတော့အိတ်ချိန်း (SSE)
၎င်းသည် တရုတ်ပြည်၏ အကြီးဆုံးစတော့အိတ်ချိန်းတခုဖြစ်ပြီး၊ အာရှစတော့ဈေးကွက်၏ ရှေ့ဆောင်လမ်းပြဖြစ်ပါသည်။ ၎င်းသည် စီးပွားရှာဖွေသော အဖွဲ့အစည်းတခု မဟုတ်ပါ။ ၎င်းကို အစုရှယ်ယာကော်မတီမှ ကြီးကြပ်ပါသည်။ စတော့အိတ်ချိန်းတွင် စာရင်းပြုစုထားသော ကုမ္ပဏီအားလုံး၏ အဆင့်အတန်းအား SEE Composite index ကို တွက်ချက်ရာတွင် အသုံးပြုပါသည်။
Nasdaq စတော့အိတ်ချိန်း
Nasdaq သည် အဆင့်မြင့်နည်းပညာ အထူးပြု အမေရိကန်စတော့အိတ်ချိန်းတခု ဖြစ်ပါသည်။ Nasdaq index သည် National Association of Securities Dealers မှ ၎င်း၏ နှုန်းထားများအပေါ် အခြေခံ၍ ထုတ်ဝေထားသော OTC ဈေးကွက် index တခုဖြစ်ပါသည်။
ပေါင်းစပ်ထားသော NASDAQ index သည် အဆင့်မြင့်နည်းပညာကုမ္ပဏီများ၏ ဈေးကွက်တန်ဖိုး အချိန်အတွယ် အပေါ်တွင် အခြေခံပါသည်။ အဓိပ္ပါယ်မှာ ကုမ္ပဏီရှယ်ယာတခုစီတိုင်းသည် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးနှင့် အချိုးညီစွာ index အပေါ် အကျိုးသက်ရောက်ပါသည်။ ကုန်သွယ်ရေး အချိန်ပိုင်းအတွင်း Nasdaq index သည် ကုမ္ပဏီပေါင်း ၅ ထောင်ကျော်၏ ဈေးကွက်တန်ဖိုးကို တွက်ချက်ပါသည်။
အမေရိကန်တွင် အကြီးဆုံး စတော့အိတ်ချိန်းများမှာ မည်သည်တို့ ဖြစ်သနည်း။
အမေရိကန်ရှိ အကြီးဆုံး စတော့အိတ်ချိန်းများမှာ NASDAQ၊ AMEX နှင့် NYSE တို့ ဖြစ်ပါသည်။ NASDAQ သည် ပထမဆုံး အီလက်ထရွန်းနစ်စတော့ဈေးကွက်တခု ဖြစ်ပါသည် (၎င်းတွင် ကုမ္ပဏီပေါင်း ၄၄၀၀ ကျော် ပါဝင် ကုန်သွယ်ကြသည်) - ၎င်းသည် Microsoft၊ Intel၊ Apple နှင့် Google စတော့များကို ရောင်းချပေးပါသည်။ အပြည်ပြည်ဆိုင်ရာ စတော့အိတ်ချိန်းတခုဖြစ်သော (NASDAQ) သည် IT နယ်ပယ်မှ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း အလေးထား လုပ်ဆောင်ပါသည်။
စတော့အိတ်ချိန်းများတွင် မည်ကဲ့သို့ ရင်းနှီးမြှုပ်နှံရမည်နည်း။
စတော့အိတ်ချိန်းများတွင် အမြတ်ရရှိခြင်းသည် အတွေ့အကြုံနုနယ်သော ကုန်သည်များတွေးထင်သကဲ့သို့ ကံအပေါ်တွင် မူတည်ခြင်း မဟုတ်ပါ။ အမြတ်ရရှိမှုသည် နည်းဗျူဟာ၊ ဈေးကွက်လမ်းကြောင်းများ၊ စီးပွားရေးအခြေအနေ အစရှိသော အကြောင်းအရာများအပေါ်တွင် မူတည်ပါသည်။ တနည်းမဟုတ် တနည်းဖြင့် အမြတ်များကိုမူ ခန့်မှန်းနိုင်ပါသည်။
စတော့အိတ်ချိန်းများမည်သို့အလုပ်လုပ်သည်ကို ပုံဖော်၍ကြည့်နိုင်ရန် တို၍ရှင်းလင်းသော ဥပမာတခုကို ပြသထားပါသည်။
သင်သည် စတော့များ/ဘွန်းစာချုပ်များ ကို ဝယ်ယူ၊ ရောင်းချနိုင်သည်။
အချိန်ကြာလာသည်နှင့်အမျှ ရှယ်ယာများ၏ ဈေးနှုန်းမြင့်တက်၊ ကျဆင်းကာ၊ အချိန်ကိုက် ရောင်းချ/ဝယ်ယူမှုအပေါ်မူတည်၍ အမြတ်ရရှိပါသည်။
စတော့အချို့သည် သင့်အတွက် အမြတ်ဝေစုကို ရရှိစေပါသည်။ ဘွန်းစာချုပ်များသည် အတိုးရရှိရန် အာမခံချက် - ကူပွန်ပုံစံဖြင့် ဝင်ငွေရရှိစေပါသည်။ ဘွန်းအမြတ်နှုန်းများမှာ ပို၍သေးငယ်သော် လည်း ပိုမိုခိုင်မာ၍ စိတ်ချရပါသည်။
သင်၏အမြတ်သည် သင်ရွေးချယ်သော နည်းဗျူဟာအပေါ်တွင်လည်း မူတည်ပါသည်။ ယေဘုယျအားဖြင့် အမြတ်နှုန်းပိုများလေလေ၊ ငွေကြေးဆုံးရှုံးနိုင်သော အလားအလာလည်း ပို၍များလေလေ ဖြစ်ပါသည်။ စတော့အိတ်ချိန်းတွင် သင်၏အပ်ငွေထက် ပိုများသော အမြတ်နှုန်းကို ရရှိနိုင်ပါသည်။ သို့ရာတွင် အာမခံချက်ပေးနိုင်သူ တဦးတယောက်မှ မရှိသည့်အချက်ကိုမူ အမြဲသတိပြုရပါမည်။
ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အာမခံချက်မရှိသည့်အတွက် ငွေအချို့၊ တခါတရံ သင်၏ ရင်းနှီးမြှုပ်နှံငွေ အားလုံးကို ဆုံးရှုံးရနိုင်သော အခြေအနေကို ကြုံတွေ့ရနိုင်ပါသည်။ သင်အဆုံးရှုံးခံနိုင်သော ပမာဏထက် ပို၍ အရင်းအနှီးမပြုပါနှင့်။
စတော့အိတ်ချိန်းများ၏ အားသာချက်၊ အားနည်းချက်များ
ဤအချက်အလက်ကို စိတ်တွင်မှတ်သား၍ ဆုံးရှုံးနိုင်ခြေများနှင့် အမြတ်အလားအလာတို့ကို ချိန်ထိုးကာ LiteFinance သို့မဟုတ် အခြားပလက်ဖောင်းတွင် အမြှော်အမြင်ပြည့်ဝစွာ ကုန်သွယ်ပါ။
စတော့အိတ်ချိန်းများ၏ အားသာချက်များ | စတော့အိတ်ချိန်းများ၏ အားနည်းချက်များ |
စတော့အိတ်ချိန်းတခုသည် အများသူငှာ ကုန်သွယ်မှုပြုကြသော ကုမ္ပဏီများအား ဖြစ်နိုင်သမျှ အများဆုံး ရင်းနှီးမြှုပ်နှံသူ အရေအတွက်ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် လမ်းဖွင့်ပေးပါသည်။ | ခန့်မှန်းတွက်ချက်မှု မှားယွင်းနိုင်ခြေ။ ဈေးကွက် ပါဝင်သူ အကြီးစားများ (whales) သည် ၎င်းတို့ လိုအပ်သော လမ်းကြောင်းအတိုင်း ဈေးနှုန်း ရွေ့လျားမှုကို လှုံ့ဆော်နိုင်ပါသည် (ပထမအနေဖြင့် ငွေဖြစ်မှုအားနည်းသော ပိုင်ဆိုင်မှု များတွင်)။ စတော့အိတ်ချိန်းပေါ်မှ ရွေ့လျားမှုများ သည် အလိုအလျောက် ပြောင်းလဲနိုင်ပြီး ခန့်မှန်းရန် ခက်ခဲပါသည်။ |
၎င်းတို့သည် ရောင်းလွယ်ဝယ်လွယ်စေရန် ပံ့ပိုးပေးပြီး၊ အစုရှယ်ယာများ ဝယ်ယူခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးကာ ရှယ်ယာထုတ်ဝေသူနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် လုံခြုံသော အာမခံချက်ကို ပေးပါသည်။ ကမ္ဘာ့ထိပ်တန်း စတော့အိတ်ချိန်းများ၏ အယ်လ်ဂိုရီသမ်များသည် ပွင့်လင်းမြင်သာ၍ နားလည်သဘောပေါက်ရန် လွယ်ကူပါသည်။ | စတော့အိတ်ချိန်းတွင် ကုန်သွယ်ခြင်းသည် အခြား သော ရင်းနှီးမြှုပ်နှံမှုများကဲ့သို့ပင် စွန့်စားမှု မြင့်မား ပါသည်။ ငွေကြေးဆိုင်ရာ အသိပညာ အားနည်းပါက၊ ကုန်သည်များသည် ၎င်းတို့၏ ငွေများကို ဆုံးရှုံး ရနိုင်ပါသည်။ |
စတော့အိတ်ချိန်းဆိုင်ရာ အမေးများသောမေးခွန်းများ
NYSE သည် ကမ္ဘာ့အကြီးဆုံး စတော့အိတ်ချိန်း ဖြစ်ပါသည်။ စာရင်းပြုစုထားသော ကုမ္ပဏီများ၏ ဈေးကွက်အရင်းအနှီးအင်အားမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် 28.4 ထရီလီယံ အမေရိကန် ဒေါ်လာ ဖြစ်ပါသည်။ ဒုတိယအကြီးဆုံး စတော့အိတ်ချိန်းသည် Nasdaq ဖြစ်ပါသည် (စာရင်းပြုစုထားသော ကုမ္ပဏီများ၏ ဈေးကွက်အရင်းအနှီး 22.3 ထရီလီယံ ဖြစ်ပါသည်)။
ပြည်တွင်းနှင့် နိုင်ငံတွင်း စတော့အိတ်ချိန်းများကို ရေတွက်ကြည့်ပါက စတော့အိတ်ချိန်းများ အရေအတွက် ရာနှင့်ချီပါသည်။ လက်ရှိ ကမ္ဘာ့အဓိကအိတ်ချိန်းများ၏ စာရင်းမှာ ၂၂ ခု ဖြစ်ပါသည်။
SEC (Securities and Exchange Commission) သည် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ် ပေးရန်အတွက် မျှတ၍သေချာသော ရှယ်ယာဈေးကွက်များကို ထိန်းသိမ်းပေးပြီး၊ လိုအပ်သည့် အရင်းအနှီးစုဆောင်းရာတွင် ထောက်ပံ့ပေးသော US ဖက်ဒရယ် အစိုးရ၏ အမှီအခိုကင်းသော စည်းကမ်းကြပ်မတ်ရေး အေဂျင်စီတခု ဖြစ်ပါသည်။ ၎င်းသည် ကုမ္ပဏီများ၏ IPO စတင်ခြင်း သို့မဟုတ် အမေရိကန်အိတ်ချိန်းများတွင် စတော့ထုတ်ဝေခြင်းများကို ခွင့်မပြုမီ ၎င်းတို့၏ စီးပွားရေး ပွင့်လင်းမြင်သာမှုနှင့် ရိုးသားဖြောင့်မတ်မှုတို့ကို စစ်ဆေးပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။











