ယခုတခါ ကျွန်ုပ်တို့သည် support/resistance level များကို အသုံးပြု၍ကုန်သွယ်ခြင်း၏ အခြေခံများကို လေ့လာကာ ဤနည်းဗျူဟာသည် "exchange grail” နှင့် နီးစပ်မှုရှိမရှိ အဖြေရှာကာကြည့်ကြပါမည်။
ကုန်သွယ်ရေးစတင်ဆောင်ရွက်ပြီး နှစ်လခန့်ကြာသည်အထိ ဈေးနှုန်းရွေ့လျားမှုနှင့်စပ်လျဉ်းသော support/resistance level များ၏ သဘောတရားကို ရိပ်မိသိရှိခြင်း မရှိခဲ့လျှင်၊ ထိုသူသည် ပျင်းရိလေးတွဲ့သော ကုန်သည်တဦးသာလျှင် ဖြစ်ပေလိမ့်မည်။ အင်တာနက်ပေါ်တွင် “ဈေးတန်းများကို အခြေခံ၍ကုန်သွယ်ခြင်း” “အကျိုးအမြတ်ရစေသော ဈေးတန်းများဖြင့် ကုန်သွယ်ခြင်း”၊ “ဝါရင့်တဦးအဖြစ် ဈေးတန်းများဖြင့် ကုန်သွယ်ခြင်း”၊ “အကျိုးဖြစ်ထွန်းမှုလွန်စွာ မြင့်မားသော ဈေးတန်းများတွင်ကုန်သွယ်ခြင်း” စသဖြင့် ကြော်ငြာဆောင်းပါးများ မရေတွက်နိုင်အောင်ပင် ရှိကြပါသည်။
ဖိုရမ်များတွင် တူညီသောအချက်ရှိပါသည် - မတူကွဲပြားသော နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာရေး indicator များ/ဇယားများကို ဝေဖန်ရှုံ့ချကာ၊ level များကိုဇယားအလွတ်တခုပေါ်တွင် ခွဲခြမ်းစိတ်ဖြာခြင်းအား အမွှမ်းတင်ရေးသားကြသည်။ Indicator များကိုအသုံးမပြုပဲ ကုန်သွယ်ကြသူများသည်၊ Indicator များဖြင့် ကုန်သွယ်ကြသူများအား အထင်အမြင်သေးလိုကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် Indicator များ အသုံးပြုခြင်းကို နားလည်သဘောပေါက်ခြင်းမရှိကြသေးသည့်အပြင် ပရော်ဖက်ရှင်နယ်လ် ကုန်သွယ်ရေး နည်းလမ်းနှင့် ဝေးကွာနေသောကြောင့်ပင်ဖြစ်သည်။ သို့ရာတွင် မှားယွင်းမှုတခု ရှိပါသည်။ ထိုအကြောင်းကို အောက်တွင် ဆက်လက်ဖော်ပြပေးသွားပါမည်။
ကျွန်ုပ်ကိုယ်တိုင် ရေပြင်ညီဈေးတန်းများကို အသုံးချခဲ့သော အတွေ့အကြုံအရ၊ ဤခွဲခြမ်းစိတ်ဖြာခြင်း နည်းလမ်းအား မှော်ဆန်သည် သို့မဟုတ် အခြားနည်းဗျူဟာများထက်သာလွန်သည်ဟု မှတ်ယူကြသူများ အပေါ် စိတ်ပျက်ရပါသည်။ level များသည် 100% အကျိုးအမြတ်ကို အာမမခံနိုင်ပါ။ ဈေးနှုန်းသည် မည်သည့် “အခိုင်မာဆုံးသောဈေးတန်းတခု”ကိုဖြစ်စေ ချိုးဖောက်ဖြတ်ကျော်နိုင်ပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- အဓိက မှတ်သားဖွယ်ရာများ
- Forex ကုန်သွယ်ရေးတွင် Support and Resistance ဆိုသည်မှာ အဘယ်နည်း။
- ဈေးနှုန်းဖြစ်ပေါ်လာပုံ
- Support ဆိုသည်မှာ အဘယ်နည်း။
- Resistance ဆိုသည်မှာ အဘယ်နည်း။
- Dynamic Support and Resistance
- Support and Resistance သည် အဘယ်ကြောင့် အရေးကြီးပါသနည်း။
- Support and Resistance မျဉ်းများကို မည်သို့ရေးဆွဲ ရမည်နည်း။
- MT4 Support and Resistance လမ်းညွှန်
- MT5 Support and Resistance လမ်းညွှန်
- LiteFinance ပလက်ဖောင်း ရှိ Support and Resistance လမ်းညွှန်
- Support and Resistance Level များကို မည်သို့ ရှာဖွေ အသုံးချရမည်နည်း။ S&R အတွက် အကောင်းဆုံး Indicators များနှင့် နည်းဗျူဟာများ။
- Trend Lines အသုံးပြုမှု။
- Pivot Points
- Stock Support and Resistance Levels။ ၎င်းတို့အား မည်သို့ကုန်သွယ်ရမည်နည်း။
- အနှစ်ချုပ်
- Support and Resistance FAQ
support/resistance level များ (သို့မဟုတ် ဝယ်လိုအား/ရောင်းလိုအားရပ်ဝန်းများ) ၏ ယေဘုယျသဘောတရားနှင့် ၎င်းတို့ဖြစ်ပေါ်လာပုံအကြောင်းကို သဘောပေါက်နားလည်စေရန် ကျွန်ုပ်တို့၏ “စတင်လေ့လာသူများအတွက်လမ်းညွှန်ဆောင်းပါး”တွင် လေ့လာကြည့်ရှုကြပါစို့။
အဓိက မှတ်သားဖွယ်ရာများ
အဓိက အကြောင်းအရာ | အလေးအနက် သုံးသပ်မှုများနှင့် အရေးပါသောအချက်များ |
အဓိပ္ပါယ် | Support နှင့် Resistance levels များသည် ဈေးနှုန်းရွေ့လျားမှုနှင့်သက်ဆိုင်သော Forex ကုန်သွယ်ရေးတွင် အခြေခံကျသည့် အယူအဆများ ဖြစ်ကြပါသည်။ ၎င်းတို့သည် ဈေးနှုန်းမှ ရောင်းလိုအားများသည့်နေရာ သို့မဟုတ် ဝယ်လိုအားများသည့်နေရာ ကို တွေ့ရှိသည်ဟုယူဆရသော အရေးပါသည့် ဈေးတန်းအဆင့်များကို ကိုယ်စားပြုပါသည်။ Support နှင့် Resistance indicator ကို အသုံးပြုခြင်းအားဖြင့် ကုန်သည်များသည် အဆိုပါ နေရာများကို နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။ |
ဈေးနှုန်းသည် မည်ကဲ့သို့ ဖွဲ့စည်းဖြစ်ပေါ်လာသနည်း။ | စျေးနှုန်းသည် ဝယ်လိုအားနှင့် ရောင်းလိုအား နိယာမအရ ဖွဲ့စည်းဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့်၊ စျေးနှုန်း ကျဆင်းသောအခါတွင် ပိုမိုများပြားသောလူအရေအတွက်မှ ဝယ်ယူကြလိမ့်မည်။ ဝယ်ယူမှုပမာဏသည် ရောင်းချမှုပမာဏထက် ကျော်လွန်သည်အထိ စျေးနှုန်း မြင့်တက်လာပါလိမ့်မည်။ Support နှင့် Resistance indicator သည် ဤအကူးအပြောင်းများကို ခွဲခြားသတ်မှတ်ရာတွင် အကူအညီပေးနိုင်ပါသည်။ |
Support အဓိပ္ပါယ် | Support level ဆိုသည်မှာ စျေးနှုန်း လှုပ်ရှားမှုတွင် အတက်လမ်းကြောင်းတခုအတွင်း ဝယ်ယူလိုသောဆန္ဒ သို့မဟုတ် အကျဘက်လမ်းကြောင်းတခုအတွင်း ရောင်းချလိုသောဆန္ဒတို့ကြောင့် ဖြစ်ပေါ်လာသော ဈေးနှုန်း၏လုပ်ဆောင်ချက် ဖြစ်ပါသည်။ ၎င်းသည် နည်းပညာဆိုင်ရာ လေ့လာဆန်းစစ်သူများကို နောက်ထပ်လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ကြွစွာထောက်ခံအားပေးစေသည့် စျေးနှုန်း ဖြစ်ပါသည်။ Support နှင့် Resistance indicator သည် အဆိုပါအဆင့်များကို ဖော်ထုတ်ပြသနိုင်ပါသည်။ |
Resistance အဓိပ္ပါယ် | Resistance ဆိုသည်မှာ စျေးကွက် ပါဝင်သူများကို အမြတ်အစွန်းများသိမ်းဆည်းစေပြီး၊ ထပ်မံ၍ စျေးနှုန်းကို တူညီသောဦးတည်ရာသို့ ဆက်လက်ရွေ့လျားခြင်းမပြုစေရန် ကာဆီးထားသော ဈေးတန်းတခု ဖြစ်ပါသည်။ Support နှင့် Resistance indicator ကို အဆိုပါ အရေးကြီးသောပွိုင့်များကို ခွဲခြားသတ်မှတ်ရာတွင် အသုံးပြုနိုင်ပါသည်။ |
Dynamic Support နှင့် Resistance | Dynamic levels များသည် ပုံသေတည်ရှိသော ပုံမှန် ဈေးတန်းများကဲ့သို့မဟုတ်ပဲ၊ “ရွေ့လျားနိုင်သော” သို့မဟုတ် “ရွေ့လျားနေသော” ဈေးတန်းများ ဖြစ်ကြပါသည်။ Support နှင့် Resistance indicator သည် ပုံသေနှင့် ရွေ့လျားမှုရှိသော ဈေးတန်းများကြား ခွဲခြားရာတွင် အထောက်အကူပြုပါသည်။ |
အရေးကြီးသောအချက် | Support နှင့် Resistance ဇုန်များကို နားလည်သဘောပေါက်ခြင်းသည် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စျေးကွက် အခြေအနေကို နားလည်ရန်၊ အလှည့်အပြောင်းများကို ကြိုတင်ခန့်မှန်းရန်၊ စျေးကွက်အလေးသာမှုကို ဆုံးဖြတ်ရန်၊ ကုန်သွယ်မှုဗျူဟာများကို ရေးဆွဲရန်၊ မှားယွင်းသော ဖောက်ထွက်အချက်ပြမှုများကို စစ်ထုတ်ရန်၊ နှင့် ခွဲခြမ်းစိတ်ဖြာမှုကို လွယ်ကူရိုးရှင်းစေရန် ကူညီပေးသောကြောင့် ဖြစ်ပါသည်။ Support နှင့် Resistance indicator သည် ဤသဘောပေါက်နားလည်မှုကို ပိုမို မြှင့်တင်ပေးပါသည်။ |
မည်သို့ရေးဆွဲရမည်နည်း | ဤမျဥ်းများကိုရေးဆွဲရန်အတွက် လိုအပ်သည်မှာ အနည်းဆုံး ၄ နာရီနှင့်အထက်ရှည်လျားသော linear chart (မျဉ်းဖြင့် ဖော်ပြသောဇယား)ပေါ်တွင် ဖြာထွက်နေသည့် ရေပြင်ညီမျဉ်းများဖြင့် extremum (အနိမ့်ဆုံး၊ အမြင့်ဆုံးတန်ဖိုး)များကို မှတ်သားခြင်း ဖြစ်ပါသည်။ Support နှင့် Resistance indicator သည် ဤလုပ်ငန်းစဉ်တွင် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။ |
ညွှန်ပြချက်များ | ဤဆောင်းပါးတွင် Support နှင့် Resistance level များကို ခွဲခြားသတ်မှတ်ရန်အတွက် indicators များစွာကို ဖော်ပြပေးထားပါသည် - ၎င်းတို့မှာ extremum(အနိမ့်ဆုံး၊ အမြင့်ဆုံးတန်ဖိုး)များ၊ Fibonacci ချန်နယ်လ်များ၊ moving average (ပျမ်းမျှရွေ့လျားမှု)များ၊ ဈေးနှုန်းလမ်းကြောင်းခွဲခြမ်းစိတ်ဖြာမှုများ၊ နှင့် pivot point များ ဖြစ်ပါသည်။ အထူးသဖြင့် Forex ကုန်သွယ်ရေးတွင် Fibonacci sequence ကို Support နှင့် Resistance indicator အဖြစ် တွင်ကျယ်စွာ အသုံးပြုကြပါသည်။ |
နည်းဗျူဟာများ | Support နှင့် Resistance level များကို ခွဲခြားသတ်မှတ်ရန်အတွက်၊ ကုန်သည်များအနေဖြင့် နောက်ဆုံးပေါ်ပေါက်ခဲ့သော အမြင့်ဆုံးတန်ဖိုးနှစ်ခုနှင့် အနိမ့်ဆုံးတန်ဖိုးနှစ်တခုတလျှောက်တွင် မျဉ်းတန်းများကို ရေးဆွဲခြင်း၊ ဖောက်ထွက်မှုမဖြစ်သော ထိတွေ့စမ်းသပ်ခြင်းများအတွက် ဈေးနှုန်းလုပ်ဆောင်ချက်ကို ခွဲခြမ်းစိတ်ဖြာခြင်း၊ MT4 နှင့် MT5 ကဲ့သို့ ကိရိယာများကို အသုံးချခြင်း စသည့်နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ ထို့အပြင်၊ ATH (ကာလတလျှောက်အမြင့်ဆုံး) နှင့် ATL (ကာလတလျှောက်အနိမ့်ဆုံး)အမှတ်များ၏ အရေးပါမှုကို နားလည်သဘောပေါက်ခြင်းသည်လည်း အဓိကကျပါသည်။ |
အားသာချက်များနှင့် ကန့်သတ်ချက်များ | Support နှင့် Resistance indicator များကို အသုံးပြုခြင်း၏ အားသာချက်များတွင် စျေးနှုန်း ရွေ့လျားမှုများကို ပိုမိုကောင်းမွန်စွာ သုံးသပ်ခန့်မှန်းနိုင်ခြင်းနှင့် ကုန်သွယ်မှုဗျူဟာများကို မြှင့်တင်နိုင်ခြင်းတို့ ပါဝင်ပါသည်။ |
Forex ကုန်သွယ်ရေးတွင် Support and Resistance ဆိုသည်မှာ အဘယ်နည်း။
ကုန်သွယ်ပစ္စည်း၏ဈေးနှုန်းတန်ဖိုး မြင့်တက်လျက်ရှိသော အတက်လမ်းကြောင်းတခုတွင် အဝယ် တိုးပွားမှုများနှင့် ကုန်သွယ်ပစ္စည်း၏ဈေးနှုန်းတန်ဖိုးကျဆင်းလျက်ရှိသော အကျလမ်းကြောင်းတခု တွင် အရောင်းတိုးပွားမှုများကြောင့် ဖြစ်ပေါ်လာသော ဈေးနှုန်းလုပ်ဆောင်ချက်တခုအား Support level တခုအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။ ၎င်းသည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာသူများအတွက် နောက်ထပ် ဖွံ့ဖြိုးတိုးတက်လာမည့်လမ်းကြောင်းတခုကို တက်ကြွစွာထောက်ပံ့ပေးသော ဈေးတန်း ဖြစ်ပါသည်။ အပြန်အလှန်အားဖြင့် resistance အား ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ Resistance level ဆိုသည်မှာ ဈေးကွက်ပါဝင်သူများအား အမြတ်များကိုသိမ်းဆည်း၍ ဆန့်ကျက်ဘက်လမ်းကြောင်းသစ်သို့ ဝင်ရောက်စေသော ဈေးတန်းတခုဖြစ်ပါသည်။ ဆိုလိုသည်မှာ တူညီသောဦးတည်ရာဘက်သို့ နောက်ထပ် ဈေးနှုန်းရွေ့လျားမှုများကို ခုခံကာဆီးခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ Support သို့မဟုတ် Resistance level များသည် အတက်၊အကျလမ်းကြောင်းရှိနေသော ဈေးကွက်၌သာရှိရမည်ဟု တထစ်ချမှတ်ယူ၍ မရပါ။ ထိုအရေးပါသော level များအား အနိမ့်အမြင့်နည်းပါးသော ဈေးကွက်များတွင်လည်း တွေ့ရှိနိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် Support level သည် ကုန်သွယ်ရေးချန်နယ်လ်၏ အောက်ပိုင်းလစ်မစ်နှင့်လည်းကောင်း၊ Resistance level သည် အထက်လစ်မစ်နှင့်လည်းကောင်း ထပ်တူကျနေမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ဇယားပေါ်တွင် အဆိုပါတန်ဖိုးများအား ခပ်ပါးပါး ရေပြင်ညီမျဉ်းတခုဖြင့် အမှတ်အသားပြုလေ့ရှိသည်။ သို့ရာတွင် ကျွန်ုပ်အနေဖြင့် စတင်သည့်ပွိုင့်များကို ရှင်းလင်းစွာမြင်တွေ့နိုင်ရန်အတွက် အရောင်လင်းသောမျဉ်းများကို အသုံးပြုခြင်းအား ပို၍နှစ်ခြိုက်ပါသည်။ ဈေးနှုန်း level တခုသည် သက်တမ်းကြာရှည်လေလေ၊ သက်တမ်းနုသော တန်ဖိုးများထက် ပိုမို၍ ခိုင်မာလေလေဖြစ်ကြောင်းကိုမူ သက်သေပြခဲ့ပြီး ဖြစ်ပါသည်။
ဈေးနှုန်းဖြစ်ပေါ်လာပုံ
ဆက်လက်ဖတ်ရှုခြင်းမပြုမှီ၊ အောက်ပါမေးခွန်းကို ဖြေဆိုကြည့်ပါ။ “ဈေးနှုန်းသည် အဘယ်ကြောင့် အလုံးစုံမြင့်တက်၊ ကျဆင်းခြင်း ဖြစ်ပါသနည်း”။ Price Action မျဉ်းကွေးသည် လက်တွေ့ဘဝမှ နမူနာဖြစ်ရပ်များကို အမှတ်ရစေမည်ဟု ထင်မြင်မိပါသည်။ အရောင်းမြှင့်တင်ခြင်းများ၊ ကုန်ပစ္စည်း ပြတ်လပ်ချိန်များတွင် မည်သို့ဖြစ်ပျက်လေ့ရှိသည်ကို သတိတရရှိကြမည်ဖြစ်သည်။
နံပါတ် ၁ ဥပမာကို လေ့လာကြည့်ကြပါစို့။
ငွေကြေးဈေးကွက်များအတွင်း ခရမ်းချဉ်သီးရောင်းချသူ သုံးဦးရှိပါသည်။
ပထမတဦး၏ ခရမ်းချဉ်သီးရောင်းဈေးမှာ တကီလိုလျှင် 50 ဖြစ်ပါသည်။
ဒုတိယတဦး၏ ခရမ်းချဉ်သီးရောင်းဈေးမှာ တကီလိုလျှင် 60 ဖြစ်ပါသည်။
တတိယတဦး၏ ခရမ်းချဉ်သီးရောင်းဈေးမှာ တကီလိုလျှင် 70 ဖြစ်ပါသည်။
သင်သည် မည်သူ့ထံမှ ခရမ်းချဉ်သီးကို ဝယ်ယူမည်နည်း။ သင့်အတွက် အားသာမှုအရှိဆုံးဈေးဖြင့် ရောင်းချသော ပထမဈေးသည်ထံမှသာ ဝယ်ယူလိမ့်မည် ဖြစ်ပါသည်။ အခြားသူများရော မည်သို့ရှိ မည်နည်း။ အလားတူပင် ဖြစ်ပါလိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ဝယ်လိုအားနှင့် ရောင်းလိုအား နိယာမကို သဘောပေါက်နားလည်နိုင်ပြီဖြစ်သည်။ “ကုန်ပစ္စည်းတခုသည် ဈေးနှုန်း သက်သာလေလေ၊ ဝယ်ယူလိုသူပိုများလေလေ” ဖြစ်ပါသည်။
အကယ်၍ ကျွန်ုပ်တို့သည် ဤနိယာမအား အိတ်ချိန်းကုန်သွယ်ရေးတွင် အသုံးချမည်ဆိုပါက၊ ဤသို့ ဆိုနိုင်ပေသည်။ အဝယ်ကုန်သည်များသည် အရောင်းကုန်သည်များမှ ကမ်းလှမ်းသော အသက်သာဆုံး ဈေးနှုန်းကို ရရှိရန် ပြိုင်ဆိုင်ကြလိမ့်မည်ဖြစ်သည်။
ရိုးရှင်းစွာ ဆိုရပါလျှင်၊ ဈေးနှုန်းကျဆင်းသောအခါ၊ ယခုထက်ပိုများသော ဝယ်သူများ ပေါ်ပေါက်လာမည် ဖြစ်သည်။
အဝယ်ကုန်သည်များသည် အရောင်းကုန်သည်များမှ ကမ်းလှမ်းသော အသက်သာဆုံးဈေးနှုန်းကို ရရှိရန် အတွက် အချင်းချင်း ပြိုင်ဆိုင်ကြလိမ့်မည်ဖြစ်သည်။
ဈေးနှုန်းကို မည်သည့်အရာက ရွေ့လျားစေပါသနည်း။
သင်သည် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်အတွင်း အကြီးစားကုန်သည်တဦးဖြစ်သည်ဟု ယူဆကြည့်ကြ ရအောင်။ “ဈေးကွက်ဖန်တီးသူ” နှင့် မိမိကိုယ်တိုင်ဆုံးရှုံးခြင်းမရှိပဲ အခြားသောကုန်သည်များကိုသာ ဆုံးရှုံးစေသူမျိုးမဟုတ်ပဲ၊ ကြီးကြီးမားမား ကုန်သွယ်သူတဦးသာဖြစ်သည်ဟု ဆိုကြပါစို့ (ဥပမာ- စုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တဦး)။ ဥပမာအရ- သင်သည် ယူရိုငွေ ၅ ဘီလီယံကို ဝယ်ယူရန် လိုအပ်နေသည်။
ဈေးနှုန်း | ဤဈေးနှုန်းအတွက် ရရှိမည့် ပမာဏ |
1.1600 $ | 2 ဘီလီယံ ယူရို |
1.1500 $ | 2 ဘီလီယံ ယူရို |
1.1400 $ | 2 ဘီလီယံ ယူရို |
ဝယ်လိုအားနှင့် ရောင်းလိုအား နိယာမနှင့် ယေဘုယျစဉ်းစားတွေးခေါ်မှုအရ၊ သင်သည် ကမ်းလှမ်းထားသည့် တန်ဖိုးများအနက် အသက်သာဆုံးဈေးနှုန်းဖြစ်သော 1.1400ဖြင့် စတင်ဝယ်ယူလိမ့်မည်ဖြစ်သည်။ သို့ရာတွင် ရရှိမည့်ယူရိုပမာဏမှာ မလုံလောက်သေးကြောင်း တွေ့ရပေမည်။ ရောင်းသူမှာ 2 ဘီလီယံကိုသာ ရောင်းချခြင်းဖြစ်ပြီး၊ သင်လိုအပ်သော ပမာဏမှာ 5 ဘီလီယံဖြစ်သည်။ ထိုရောင်းချသူနှင့် အရောင်းအဝယ် ပြီးစီးသည့်နောက်တွင် ရောင်းသူမှာ လိုအင်ပြည့်ဝစွာဖြင့် ဈေးကွက်မှ ထွက်ခွာသွားကာ၊ သင်သည် နောက်ထပ် 3 ဘီလီယံကို ထပ်မံလိုအပ်လျက် ကျန်ရစ်ခဲ့ပါမည်။
မည်သို့ဆက်၍ဖြစ်မည်နည်း။
ဈေးကွက်အတွင်းသို့ သင်မဝင်ရောက်မှီက၊ ယူရို၏ အနိမ့်ဆုံးနှုန်းထားမှာ 1.1400 ဖြစ်ခဲ့ပါသည်။ သင်၏ အဝယ်လုပ်ငန်းစတင်သောအခါ၊ သင်သည် ထိုနှုန်းထားဖြင့် ရောင်းချသော ယူရိုငွေအားလုံး(2ဘီလီယံ)ကို ဝယ်ယူခဲ့ပါသည်။ ယခုအခါ ဈေးကွက်အတွင်း ယူရိုငွေ၏ အသက်သာဆုံးရောင်းဈေးမှာ 1.1500 ဖြစ်သည်။ သင်ဝယ်ယူရမည့် ပမာဏမှာ 1.1400 ဖြင့်ရောင်းချသော ပမာဏထက်ပိုများသောကြောင့်၊ သင်၏အဝယ်ဈေးနှုန်းသည် 1.1500 အထိမြင့်တက်သွားပါသည်။ ထိုဈေးနှုန်းလုပ်ဆောင်ချက်သည် မည်မျှကြာသည်အထိ အထက်သို့မြင့်တက်မည်နည်း။ အဝယ်ပမာဏသည် အရောင်းပမာဏထက် ကျော်လွန်နေသမျှ ထိုသို့မြင့်တက်နေမည် ဖြစ်ပါသည်။
သင်၏ဥပမာအရ၊ သင်သည် 1.1500 ဖြင့်ကမ်းလှမ်းသော ပမာဏအားလုံး (2ဘီလီယံ) နှင့်၊ 1.1600 ဖြင့်ကမ်းလှမ်းသော ပမာဏ၏တဝက်(1ဘီလီယံ) ကို ဝယ်ယူလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ယူရို ၅ ဘီလီယံကို ဝယ်ယူရာတွင်၊ ဈေးနှုန်းသည် 1.1400 မှ 1.1600 အထိ မြင့်တက်သွားမည်ဖြစ်သည်။
ထိုဥပမာကိုကြည့်၍ မည်သို့ကောက်ချက်ချနိုင်ပါသနည်း။
အဝယ်ပမာဏသည် အရောင်းပမာဏထက် ပိုများနေသမျှ ဈေးနှုန်းသည် ပို၍မြင့်တက်သွားပါသည်။ ထို့ကြောင့် အရောင်းသည် အဝယ်ထက် ပမာဏပိုများသွားသည်နှင့် တပြိုင်နက် ဈေးနှုန်းကျဆင်းသွား ပါသည်။
ဝယ်ယူသောပမာဏသည် ရောင်းချသောပမာဏထက် ပို၍များနေသမျှကာလပတ်လုံး ဈေးနှုန်း မြင့်တက်နေမည် ဖြစ်ပါသည်။
မည်သည့်အရာက ဈေးနှုန်းကို ရပ်တန့်စေနိုင်ပါသနည်း။
နောက်ဆုံးတွင် အရေးအကြီးဆုံးပွိုင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ သင်သည် ယူရို ၅ ဘီလီယံအား တိကျသောဈေးနှုန်းတခုဖြင့် ဝယ်ယူလိုကာ၊ ပိုမြင့်သောဈေးနှုန်းဖြင့် ဝယ်ယူရန် ပြင်းထန်စွာ ငြင်းဆန်ပါက မည်သို့ဖြစ်မည်နည်း။
ယခင်ဥပမာကိုပင် တန်ဖိုးများပြောင်းလဲ၍ လေ့လာကြည့်ကြရအောင်။
1.1600 – 2 ဘီလီယံ ယူရို
1.1500 – 2 ဘီလီယံ ယူရို
1.1400 – 2 ဘီလီယံ ယူရို
သင်သည် 1.1400 ဖြင့် 2 ဘီလီယံယူရိုအား ဝယ်ယူလိုက်သည်။ နောက်ထပ် 3 ဘီလီယံယူရိုကို ထပ်မံဝယ်ယူရန် လိုအပ်နေပါသည်။ ထိုအချိန်တွင် သင်နှင့်တန်းတူ အရင်းအနှီးအင်အားကြီးမားသော ကုန်သည်တဦးပေါ်ပေါက်လာပြီး 1.1500၊ ထို့နောက် 1.1600၊ ထို့နောက် 1.1700 စသဖြင့် မြင့်တက်လာသော ဈေးနှုန်းများဖြင့် ယူရိုများကို စတင်ဝယ်ယူပါသည် (iPhone များ၏ဥပမာကိုသတိရပါ)။ ထိုအဖြစ်အပျက်ကြောင့် ဈေးနှုန်းသည် တမဟုတ်ချင်း လျှင်မြန်စွာ မြင့်တက်သွားပါသည်။ ဖြစ်စဉ်မှာ ဤမျှသာဖြစ်သည်။ ဈေးနှုန်းသည် ပို၍မြင့်မားသွားခဲ့ပြီး၊ သင့်အနေဖြင့် ပိုမြင့်သောတန်ဖိုးကို ပေးချေလိုခြင်း မရှိပါ။ ထိုကြောင့် သင်သည် အလိုရှိသောဈေးနှုန်းကို စောင့်ဆိုင်း၍နေပါသည်။ အကယ်၍ ဈေးနှုန်းသည် 1.1400 သို့ ပြန်လည်ကျဆင်းခဲ့လျှင်၊ သင်၏အဝယ်လုပ်ငန်းကို ပြန်လည်စတင်မည်ဖြစ်သည်။ တဖန် သင်ဝယ်ယူရန်လိုအပ်သော ပမာဏသည် 1.1400 ဖြင့်ကမ်းလှမ်းသော ယူရိုပမာဏထက် ပိုများ၍နေလျှင်၊ ထိုအခြေအနေသည် ဈေးနှုန်းကျဆင်းခြင်းကို တားဆီး၍ ဈေးနှုန်းတိုးတက်ရန် လမ်းဖွင့်ပေးလိမ့်မည် ဖြစ်ပါသည်။ ဇယားအတွင်း၌ မည်သို့ တွေ့မြင်ရမည်နည်း။ အောက်ပါအတိုင်း တွေ့မြင်ရပါမည်။
Support level သည် 1.1400 ဖြစ်သည်။
သင်သည် ရောင်းချသောပမာဏအားလုံးကို ဝယ်ယူလိုက်သောအခါ၊ ထိုနေရာတွင် ကြီးမားသော ဈေးနှုန်း အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်။ ဈေးနှုန်းကျဆင်းသည် – ထိုအခါ သင်သည် ရောင်းချသမျှ ပမာဏကို ဝယ်ယူသည် – အခြားနည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာသူများသည်လည်း ၎င်းအမှတ်ကို တွေ့ရှိကာ စတင်ဝယ်ယူကြသည်။ ထို့ကြောင့် Price Action မျဉ်းအား တွန်းတင်ပေးသကဲ့သို့ဖြစ်ပြီး ဈေးနှုန်းသည် အထက်သို့ တိုးတက်သွားပါသည်။
ထိုဈေးနှုန်းအကူးအပြောင်းဖြစ်ပေါ်ရာ ဈေးတန်းများသည် ရေပန်းစားသော support and resistance ကုန်သွယ်ရေးဘောင်များပင် အတိအကျ ဖြစ်ကြပါတော့သည်။
ပမာဏကြီးမားသော ဝယ်ယူမှုများအတွက် Price Action တွင် ကြီးမားသော ရွေ့လျားမှုလှိုင်းများ ဖြစ်ပေါ်ပါလိမ့်မည်။ အဆိုပါ အကူးအပြောင်းအစိတ်အပိုင်းများသည် support သို့မဟုတ် resistance level များကို တည်ဆောက်ပါသည် (အထက်ပါဇယားတွင်ကြည့်ပါ)
Support ဆိုသည်မှာ အဘယ်နည်း။
အထက်သို့ ဈေးနှုန်းတိုးတက်သွားသော အခြေအနေတခုကို စိတ်ကူးယဉ်ကြည့်ကြရအောင်။
Price Action မျဉ်း၏ အထက်သို့ ရွေ့လျားမှုမှာ ညီညာခြင်း မရှိပါ။ ထို့အပြင် price action သည် အောက်ဘက်သို့ ကျဆင်းလိုသော အရိပ်အယောင်ကိုလည်း ပြသပါသည်။ သို့ရာတွင် တစုံတခု(အများအားဖြင့် အကြီးစားရင်းနှီးမြှုပ်နှံမှုများ)မှ ထောက်ပံ့ပေးထားခြင်းကြောင့် ဈေးနှုန်းသည် သတ်မှတ်ထားသော တန်ဖိုး၏အောက်သို့ ကျဆင်းခြင်း မရှိပါ။ ကုန်သွယ်ပစ္စည်း၏ ဈေးနှုန်းအား ဆက်လက်ကျဆင်းခြင်းမဖြစ်စေရန် ကာဆီးထားသော ဈေးတန်းတခုအား "support level" ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
အထက်ပါဇယားတွင် Bitcoin တခုအတွက် 29,000 USD ဈေးတန်း၌ရှိနေသော support level တခုအား နမူနာအဖြစ် ကြည့်ရှုနိုင်ပါသည်။ ရောင်းချသူများသည် ၂၀၂၁ တွင် Support level အား ဖောက်ထွက်နိုင်ရန် လေးကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် ဝယ်သူများသည် တန်ဖိုး ပြောင်းလဲခြင်းမရှိစေရန် စီမံထိန်းချုပ်နိုင်ခဲ့ကြသည်။
Resistance ဆိုသည်မှာ အဘယ်နည်း။
H1 ဇယားတွင် ဈေးနှုန်းလုပ်ဆောင်ချက်တခုအား အကဲဖြတ်ကြည့်ကြပါစို့။
အထက်ပါဇယားတွင် မြင်တွေ့ကြရသည့်အတိုင်းပင်၊ တစုံတခုသည် Bitcoin အား သတ်မှတ်ထားသည့် ဈေးတန်းတခုမှ ထိုးထွက်၍မရနိုင်အောင် ကာဆီးထားပါသည်။ ထိုနေရာသည် Resistance ကုန်သွယ်ရေးမျဉ်းကို အမှတ်အသားပြုရမည့် နေရာပင်ဖြစ်ပါသည်။ ၎င်းဈေးနှုန်းမှာ 42,230 USD ဖြစ်ပါသည်။
Dynamic Support and Resistance
“Dynamic” ဆိုသည်မှာ အဘယ်နည်း။ ရူပဗေဒအတန်းချိန်များတွင် သင်ယူခဲ့ရသည့်အတိုင်း “dynamic” ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ရွေ့လျားမှုကိုလေ့လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤဖြစ်စဉ်တွင် “dynamic level” ဆိုသည်မှာ “ရွေ့လျားနိုင်သော” သို့မဟုတ် “ရွေ့လျားနေသော” ဈေးတန်းတခုဖြစ်ပါသည်။ ပြောင်းပြန်အားဖြင့် မူလ support and resistance ကုန်သွယ်ရေးဘောင်များသည် ရွေ့လျားမှုမရှိသော ပုံသေဈေးတန်းများ ဖြစ်ကြပါသည်။
ကျွန်ုပ်သည် အထက်ပါ ဇယားတွင် ရွေ့လျားနိုင်သော ဈေးတန်းနှစ်ခုကို ၎င်းတို့ကြားမှ ခြားနားမှုကို မြင်နိုင်စေရန် ရေးဆွဲပြသထားပါသည်။ ဘယ်ဘက်တွင် ငြိမ်သက်သော support and resistance ကုန်သွယ်ရေးဘောင်များကို မျက်နှာချင်းဆိုင်အနေအထားဖြင့် တွေ့ရပါမည်။ ညာဘက်တွင် dynamic level များကို မြင်ရပါမည်။ အနီရောင်သည် support level ဖြစ်ပြီး၊ အစိမ်းရောင်သည် resistance level ဖြစ်ပါသည်။ support level နှင့် လမ်းကြောင်းမျဉ်းအကြား ခြားနားချက် ရှိပါသလားဟု မေးခဲ့ပါက၊ ကျွန်ုပ်အနေဖြင့် “မရှိပါ” ဟုသာ ဖြေဆိုရပါလိမ့်မည်။
S&P500 ဇယားတွင် တွေ့မြင်ရသည့်အတိုင်း index ၏ အစွန်းများသည် ၂၀၂၂ နိုဝင်ဘာလမှစ၍ dynamic မျဉ်းများပေါ်တွင် ရောက်ရှိနေကြပါသည်။ နှုန်းထားသည် အနီရောင်မျဉ်းမှ လေးကြိမ်တိုင်တိုင် နောက်ပြန်ဆုတ်ခဲ့ပါသည်။ တချိန်တည်းမှာပင် dynamic resistance level သည် ၂၀၂၁ တနှစ်တာလုံး၏ လမ်းကြောင်းလစ်မစ်အတွင်း ဈေးတန်း၏ အထက်နယ်နိမိတ်မျဉ်းကို သတ်မှတ်လိုက်ပါသည်။ ထို့နောက် dynamic resistance ကုန်သွယ်ရေးမျဉ်းသည် မေလ၏ ယာယီပြင်ဆင်မှုအပြီးတွင် support levels အနီးသို့ ရွေ့လျားခဲ့ပါသည်။ ကုန်သွယ်ရေးချန်နယ်လ်သည် တစထက်တစ ကျဉ်းမြောင်းလာပါသည်။ ဤအခြေအနေ သည် အားကောင်းသော အပြီးသတ် နောက်ပြန်လှည့်ခြင်းအတွက် အစောဆုံး ညွှန်ပြမှုတခု ဖြစ်ခဲ့ပါသည်။
Support and Resistance သည် အဘယ်ကြောင့် အရေးကြီးပါသနည်း။
ကျွန်ုပ်၏ကိုယ်ပိုင်အတွေ့အကြုံနှင့် အထက်ပါဥပမာများကို အခြေခံ၍၊ ကုန်သည်များအတွက် support and resistance ဇုန်များ(ကုန်သွယ်ရေးဘောင်များ)ကို နားလည်သဘောပေါက်ရန် လွန်စွာအရေးကြီးရခြင်း၏ အခြေခံပိုင်းဆိုင်ရာ အကြောင်းရင်း ခုနှစ်ရပ်ကို ဤသို့ ရွေးထုတ်နိုင်ခဲ့ပါသည်။
၎င်းတို့သည် ယေဘုယျဈေးကွက်အခြေအနေကို နားလည်စေရန် ကူညီပေးနိုင်ပါသည်။
၎င်းတို့သည် လမ်းကြောင်းခွဲခြမ်းစိတ်ဖြာရာတွင် အသုံးဝင်ပါသည်။
၎င်းတို့ကို အသုံးပြုခြင်းအားဖြင့် လမ်းကြောင်းနောက်ပြန်လှည့်သောအခြေအနေကို ကြိုတင် ခန့်မှန်းနိုင်ပါသည်။
အရေးပါသောအဆင့်များအပေါ် price action ၏ တုံ့ပြန်မှုသည် ငွေကြေးဈေးကွက်အတွင်း ပါဝင်ကြသူများ၏ စိတ်အခြေအနေကို ဆုံးဖြတ်ရာတွင် အကူအညီဖြစ်စေပါသည်။
၎င်းတို့သည် ကုန်သွယ်ရေးနည်းဗျူဟာတခု ရေးဆွဲရာတွင် ဈေးနှုန်းပစ်မှတ်များ၊ အဝင်/အထွက် ပွိုင့်များနှင့် အရှုံးကန့်သတ်ချက်များ ချမှတ်ရန်အတွက် လမ်းညွှန်ပေးနိုင်ပါသည်။
၎င်းတို့သည် အချက်ပြမှုအမှားများကို စစ်ထုတ်၍၊ စစ်မှန်သော အချက်ပြမှုများကို အတည်ပြုပေးပါသည်။
၎င်းတို့သည် အချိန်ဘောင်များစွာကို အသုံးပြုရာတွင် ခွဲခြမ်းစိတ်ဖြာမှု အစ/အဆုံးကို ရှင်းလင်းစေပါသည်။
Support and Resistance မျဉ်းများကို မည်သို့ရေးဆွဲ ရမည်နည်း။
အတွေ့အကြုံရင့်ကျက်သော ခွဲခြမ်းစိတ်ဖြာသူများနှင့် ကုန်သည်များသည် Support and Resistance မျဉ်းများကို မျက်စိမှိတ်၍ပင် ရေးဆွဲနိုင်ကြပါသည်။ သို့ရာတွင် ၎င်းမျဉ်းများကို မှန်ကန်စွာ ရေးဆွဲနိုင်ရန်အတွက် လေ့လာသင်ယူရန် လိုအပ်ပါသည်။ သို့မဟုတ်လျှင် မှားယွင်းစွာ ရေးဆွဲခြင်းက ငွေကုန်ကြေးကျများစေလိမ့်မည် ဖြစ်ပါသည်။ အမှားအယွင်းများကို ရှောင်ရှားရန် အဆင့် ၃ ဆင့်သာ လိုအပ်ပါသည်။
အဆင့် ၁။ အနည်းဆုံး လေးနာရီထက် ပို၍ရှည်လျားသော မျဉ်းကြောင်းဇယားတခု ဖြင့် စတင်ပါ။
တိုတောင်းသော ကုန်သွယ်မှုအချိန်ဘောင်များ၊ ဥပမာအားဖြင့် တမိနစ်အချိန်ဘောင်များတွင် မတည်ငြိမ်မှု မြင့်မားလေ့ရှိကာ၊ အချက်ပြမှုအတုပေါင်းများစွာ ပေါ်ထွက်လေ့ရှိသည်။ ထို့အပြင် ငွေဖြစ်ရန်ခက်ခဲသော ပိုင်ဆိုင်မှုများသည် 1M ဇယားများတွင် အချက်အလက်ပြည့်စုံမည်မဟုတ်ပဲ၊ ကွဲလွဲမှုများ ပြည့်နှက်နေကာ ဖောက်ထွက်မှုအမှားစွာကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပါသည်။
ကိုယ်စားပြုပုံစံတခုအဖြစ် စံသတ်မှတ်ထားသော Candlestick များနှင့်စပ်လျဉ်း၍မူ၊ ၎င်းတို့သည် ရှည်လျားသော candle shadow များတွင် အမှားအယွင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် မျဉ်းကြောင်းဇယားများသည် ပိုမိုကောင်းမွန်သော ရွေးချယ်မှု ဖြစ်နိုင်ပါသည်။
ကျွန်ုပ်သည် EURUSD အချိန်ဘောင်ဇယားတခုကို ရွေးချယ်၍ မျဉ်းကြောင်းပုံစံသို့ ပြောင်းလဲခဲ့ပါသည်။
အဆင့် ၂။ ရေပြင်ညီ ရောင်စဉ်မျဉ်းဖြင့် အမြင့်ဆုံး/အနိမ့်ဆုံးအစွန်းများကို အမှတ်အသား ပြုပါ။ အမြင့်ဆုံးများအတွက် အစိမ်းရောင်၊ အနိမ့်ဆုံးများအတွက် အနီရောင်ကို အသုံးပြုပါ။
ဈေးနှုန်းလှုပ်ရှားမှုသည် သင်ရေးဆွဲနေသော ရောင်စဉ်မျဉ်းကို မချိုးဖောက်သင့်ပေ။ အကယ်၍ သင်သည် ကျွန်ုပ်လုပ်ဆောင်သည့်ပုံစံများအတိုင်း ထပ်တူလုပ်ဆောင်ပါက အထက်ပါရုပ်ပုံနှင့် အလားတူရုပ်ပုံတခုကို ရရှိပါလိမ့်မည်။ မှားယွင်းရေးဆွဲမိသော မျဉ်းကိုလည်း ခရမ်းရောင်ဖြင့် အမှတ်အသား ပြုလုပ်ပေးထား ပါသည်။
ကျွန်ုပ်သည် အဆိုပါ ရောင်စဉ်မျဉ်းများကို အဘယ်ကြောင့် အားမပေးခြင်း ဖြစ်ပါသနည်း။ အကြောင်းမှာ ဖောက်ထွက်မှုပေါ်ပေါက်ပြီးသော Support သို့မဟုတ် Resistance ကုန်သွယ်ရေးဧရိယာတခုသည် ဆက်လက်၍ မှန်ကန်ခြင်းမရှိတော့သည့်အပြင် ခွဲခြမ်းစိတ်ဖြာမှုမပြုသင့်သောကြောင့်ပင်ဖြစ်သည်။ တိုတောင်းသော ကုန်သွယ်မှုကာလအတွက် ဈေးနှုန်းသည် ထိုဧရိယာအတွင်း ခေတ္တရပ်နားနိုင်သည်။ သို့ရာတွင် ထိုအချက်ပြမှုအများစုသည် မှားယွင်းအချက်ပြမှုများသာ ဖြစ်တတ်ကြပါသည်။
Support and Resistance ကုန်သွယ်ရေးဘောင်များ၏ ဂုဏ်သတ္တိများကို ဖော်ထုတ်ကြည့်ကြပါစို့။
၎င်းတို့သည် အတည်ပြုပြီးချိန်မှစ၍ ပိုမိုခိုင်မာပါသည်။ အတည်ပြုခြင်းဆိုသည်မှာ ဈေးနှုန်းသည် မျဉ်းအနီးသို့ ချဉ်းကပ်သွားပြီး၊ ထိုမျဉ်းကို ထိတွေ့ခြင်းမရှိပဲ နောက်သို့ပြန်ကာလှည့်သွားခြင်းကို ဆိုလိုပါသည်။
ထို level သည် လက်ရှိဈေးနှုန်းမှ ပိုမိုကွာဝေးလေလေ၊ ယုံကြည်စိတ်ချရမှု ပိုမိုအားကောင်းလေလေ ဖြစ်ပါသည်။ အကယ်၍ ဒုတိယချဉ်းကပ်မှုတွင် ဈေးနှုန်းလုပ်ဆောင်ချက်၏ တုံ့ပြန်မှု တစုံတရာ မရှိပါက ဖောက်ထွက်မှုပေါ်ပေါက်နိုင်သော အလားအလာဖြစ်ပါသည်။
များသောအားဖြင့် support level သို့မဟုတ် resistance ဇုန်များကို ဖောက်ထွက်ခြင်း ၏ အနောက်မှ ပြင်းထန်၍အားကောင်းသော ရွေ့လျားမှုတခု လိုက်ပါလေ့ရှိသည်။
များစွာသော support/resistance ကုန်သွယ်ရေး level များသည် ဧရိယာ သို့မဟုတ် ဇုန်များအတွင်း စုဖွဲ့၍နေနိုင်ပါသည်။
သက်ဆိုင်ရာဈေးတန်းအနီး၌ တည်ရှိနေသော ချိုးဖောက်ခံရသည့် ဈေးတန်းများအား အဆိုပါဇုန်များ ၏ လစ်မစ်ကို ဆုံးဖြတ်ရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။
အဆင့် ၃။ ယခုအခါ dynamic support and resistance levels များကို ဆုံးဖြတ်ရပါမည်။
ဤအဆင့်မှာ ပို၍လွယ်ကူပါသည်။ နောက်ဆုံးဖြစ်သော အမြင့်ဆုံးဈေးနှုန်းနှစ်ခုတွင် ရောင်စဉ်မျဉ်း တကြောင်းကို ရေးဆွဲပါ။ နောက်ဆုံးဖြစ်သော အနိမ့်ဆုံးဈေးနှုန်းနှစ်ခုတွင် အခြားရောင်စဉ်မျဉ်းတကြောင်းကို ရေးဆွဲပါ။ ဈေးနှုန်းလှုပ်ရှားမှုသည် ရလာဒ်အဖြစ်ထွက်ပေါ်လာသော ဘုံရွေ့လျားမှုအား မချိုးဖောက်ရပါ၊ သို့မဟုတ်လျှင် အဆိုပါ ရွေ့လျားမှုသည် အကြုံးမဝင်ပါ။
Support သို့မဟုတ် Resistance ဇုန်များအတွက် အခြားရှင်းလင်းသော ညွှန်ပြမှုတခုမှာ ဖောက်ထွက်ခြင်းအတွက် ပြန်လည်ထိတွေ့မှု မရှိခြင်းပင်ဖြစ်သည်။ အထက်ပါဇယားတွင် ထိုဥပမာအား အပြာရောင်မျဉ်းဖြင့် ပြသထားပါသည်။
Dynamic level များမှာ အရေအတွက်များစွာ ရှိနိုင်ပါသည်။ ရောင်စဉ်မျဉ်းတခုသည် ဈေးနှုန်းရာဇဝင်များကို ပိုမိုကျယ်ပြန့်စွာ ဖုံးလွှမ်းထားလေလေ၊ ၎င်း၏ ယုံကြည်စိတ်ချရမှု ပိုမိုခိုင်မာလေလေဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဈေးနှုန်းဖောက်ထွက်ပြီးသော မျဉ်းများကို စစ်ထုတ်ရန် မမေ့သင့်ပါ။ အထက်ပါဇယား တွင် အဆိုပါမျဉ်းတကြောင်းကို အနီရောင် ကြတ်ခြေခတ်ဖြင့် အမှတ်အသားပြုထားပါသည်။ ၎င်းကို နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန် မသင့်လျော်ပါ။
MT4 Support and Resistance လမ်းညွှန်
MT4 တွင် support သို့မဟုတ် resistance ကို အဆင့်အနည်းငယ်မျှဖြင့် ခွဲခြားနိုင်ပါသည်။
၁။ "Symbols” ဝင်းဒိုးအတွင်းရှိ ကုန်သွယ်ပစ္စည်းတခုအပေါ်တွင် Right-click ကိုနှိပ်ပါ။ ထို့နောက် "Chart window” ခလုပ်ကို Right-click နှိပ်ပါ။
၂။ Charts သို့ သွားပါ။ Line charts ကို ရွေးချယ်ပါ။ Grid ကိုဖွင့်ပါ။ ထို့နောက် Properties သို့သွားပါ။
၃။ ဤအဆင့်ကို မဖြစ်မနေဆောင်ရွက်ရန် မလိုပါ။ သို့သော် ကျွန်ုပ်၏အမြင်အရ ကျော်သွားရန် မသင့်ပါ။ အဖြူပေါ်တွင် အနက်ရောင်ကို ရွေးချယ်ပါ။
၄။ ထို့နောက် ယခင်ညွှန်ကြားချက်များကို အသုံးပြု၍ Forex ပလက်ဖောင်းတွင် support and resistance မျဉ်းများကို ရေးဆွဲပါ။ ကံမကောင်းစွာဖြင့် MT4 သည် ရောင်စဉ်မျဉ်းများအသုံးပြုခွင့်ကို အထောက်အပံ့မပေးပါ။ ဈေးတန်းများ၏ သက်ဆိုင်ရာ ထိပ်ဆုံးအဆင့်များကို မြင်နိုင်ရန်အတွက် အမြင့်တခုချင်းစီကို အမှစ်ခြစ်၍ ပြသထားပါသည်။ ရွေ့အားရှ်ိသော level များကို အမှတ်အသားပြုရန် လမ်းကြောင်းမျဉ်းများကို အသုံးပြုပါသည်။
ရေပြင်ညီ/လမ်းကြောင်းမျဉ်းများနှင့် အမြင့်ဆုံး/အနိမ့်ဆုံး သတ်မှတ်ချက်များ ပါဝင်သော ခလုပ်များကို အထက်ပါဇယားတွင် အနီရောင်မြှားဖြင့် အမှတ်အသားပြု၍ထားပါသည်။
MT5 Support and Resistance လမ်းညွှန်
MT 5 အတွက် Support or resistance level များကို ရေးဆွဲရာတွင် MT4 တွင်ရေးဆွဲသည့်အတိုင်း တူညီသော level များ၌ ရေးဆွဲပါသည်။ ဖွဲ့စည်းပုံများမှာ အနည်းငယ်သာ ကွဲလွဲပါသည်။ ထို့ကြောင့် ကျွန်ုပ်အနေဖြင့် အထက်ပါအဆင့်များကိုသာ ထပ်မံဖော်ပြရပါလိမ့်မည်။
သင်၏ ကုန်သွယ်ရေးပစ္စည်း အမျိုးအစားကို ရွေးချယ်ပါ။
ဈေးနှုန်းဇယားကို မျဉ်းကြောင်းဇယားအဖြစ်ပြောင်းလဲ၍ မလိုအပ်သော ကိရိယာများကို မြင်ကွင်းမှ ထုတ်ပယ်ပါ။
အဆင်ပြေသော အရောင်အစီအစဉ်ကို ရွေးချယ်ပါ။ အဖြူပေါ်တွင် အမဲရောင်အား ရွေးချယ်ရန် အကြုံပြုပါသည်။
အစွန်းများတလျှောက်တွင် ရေပြင်ညီမျဉ်းတကြောင်းကို နေရာချပါ။ စတင်သောပွိုင့်များကို ရှင်းလင်းစွာ မြင်နိုင်ရန် ထိပ်ဖျားများကို အမှတ်အသားပြုပါ။
Dynamic support and resistance level များကို ခွဲခြားရန် နောက်ဆုံးထိပ်ဖျားများတလျှောက်တွင် မျဉ်းစောင်းများကို ရေးဆွဲပါ။
LiteFinance ပလက်ဖောင်း ရှိ Support and Resistance လမ်းညွှန်
LiteFinance ပလက်ဖောင်းပေါ်မှ ဇယားတခုတွင် support သို့မဟုတ် resistance level တခုကို ရေးဆွဲရန် ညာဘက်ရှိ "Trade” ခလုပ်ကိုနှိပ်ပါ။ ကုန်သွယ်ရေးပစ္စည်းတခုကို ရွေးချယ်၍ ဘယ်ဘက်မောက်စ်ခလုပ်ကို တချက်နှိပ်ကာ ၎င်း၏ဇယားကိုဖွင့်ပါ။
ဥပမာအဖြစ် EURUSD အတွဲကို ရွေးချယ်ထားပါသည်။ ဇယားပွင့်လာသည်နှင့်တပြိုင်နက် ပိုနေသော အစိတ်အပိုင်းအားလုံးကို ဖယ်ထုတ်ပါ။ ရှ်ိရင်းစွဲ ဈေးနှုန်းဇယားပေါ်တွင် ခင်းကျင်းထားသော grid ဇယားကွက်တခုပါဝင်ပြီး၊ ကုန်သွယ်မှုပမာဏများကို အောက်တွင် ပြသထားပါသည်။
ပမာဏညွှန်ပြမှုများကို ဖယ်ရှားရန် အထက်ပါရုပ်ပုံတွင်ပြသထားသော ကြက်ခြေခတ်အမှတ်အသားကို နှိပ်ပါ။ grid အကွက်စဉ်ကို ဖယ်ရှားရန် ဂီယာအမှတ်အသားကို နှိပ်ပါ။
Grid အကွက်ကို ဖြုတ်ရန်အတွက် setting ဝင်းဒိုးတခုကို ရရှိပါလိမ့်မည်။ Chart Look ခလုပ်တွင် OK ကိုနှိပ်ပါ။ သင်၏ support and resistance level များကို စတင်ချိန်ညှိရန်အတွက် အချိန်ဘောင်ကိုရွေးချယ်၍ ဇယားအမျိုးအစားအား မျဉ်းကြောင်းပုံစံသို့ ပြောင်းပါ။
ယခုအခါ Forex ပလက်ဖောင်းတွင် support level and resistance level ကို သတ်မှတ်ကြပါမည်။
MT4၊ MT5 တို့နှင့် မတူသည့်အချက်မှာ LiteFinance ဝက်ဘ်ပလက်ဖောင်း သည် Magnet option ကို ပံ့ပိုးပေးပါသည်။ ၎င်းလုပ်ဆောင်ချက်အား ခွင့်ပြုထားပါက ၎င်းသည် သင်သတ်မှတ်ထားသော တန်းဖိုးများကို အစွန်းများသို့ သွားရောက်ပူးကပ်၍ နေစေမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ၎င်းတို့အား အချိန်တိုင်းတွင် ချိန်ညှိမှုပြုလုပ်နေရန် မလိုအပ်တော့ပေ။ ထိုရွေးချယ်ခွင့်အား အထက်ပါရုပ်ပုံတွင် သံလိုက်ပုံအမှတ်အသားဖြင့် ပြသထားပါသည်။
ငြိမ်သက်သော level များကို သတ်မှတ်ရန်၊ ရေပြင်ညီ ရောင်စဉ်များကို အသုံးပြုနိုင်ပါသည်။ Dynamic level များကို ရေးဆွဲရန်အတွက်မူ လမ်းကြောင်းမျဉ်းများကို အသုံးပြုခြင်းက ပို၍ကောင်းမွန်ပါသည်။ လမ်းကြောင်းမျဉ်းများကို ကလစ်နှစ်ချက် နှိပ်ယုံဖြင့် ရောင်စဉ်မျဉ်းစောင်းများအဖြစ်သို့ ပြောင်းလဲနိုင်ပါသည်။
မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။
Support and Resistance Level များကို မည်သို့ ရှာဖွေ အသုံးချရမည်နည်း။ S&R အတွက် အကောင်းဆုံး Indicators များနှင့် နည်းဗျူဟာများ။
ယခုအခါ ကျွန်ုပ်တို့သည် support and resistance level များကို မည်သို့ခွဲခြားရမည်ကို သင်ယူလေ့လာခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် support and resistance level indicator ဆောင်းပါးကို ပြန်လည်သုံးသပ်နိုင်ပါသည်။ အစွန်းများဖြင့် အလုပ်လုပ်ခြင်းသည် မည်သည့်ကုန်သည်တွင်မဆို ရှိသင့်သော အခြေခံ အရည်အချင်းတခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုံဈေးနှုန်းရွေ့လျားမှုများနှင့် ၎င်းတို့၏ ဦးတည်ချက် အပြောင်းအလဲများအပေါ်မူတည်၍ support သို့မဟုတ် resistance level များပြောင်းလဲပုံကို ကြည့်ရှုကြပါမည်။ ဆက်လက်၍၊ ကျွန်ုပ်တို့သည် ကုန်သွယ်ရေးတွင် ATH (ကာလတလျှောက်၏အမြင့်ဆုံး) နှင့် ATL (ကာလတလျှောက်၏အနိမ့်ဆုံး)တို့၏ အရေးပါပုံကို ဖော်ထုတ်ကြပါမည်။
ကံမကောင်းစွာဖြင့်၊ အရေးပါသောဈေးတန်းများအား အစအဆုံး ခွဲခြမ်းစိတ်ဖြာခြင်းသည် ဥပက္ခာပြုခြင်း ခံရသော နည်းလမ်းတခု ဖြစ်၍နေပါသည်။ မည်သို့ပင်ဖြစ်စေ အစအဆုံး ခွဲခြမ်းစိတ်ဖြာခြင်း နည်းဗျူဟာသည် အချက်ပြမှုများကို စိစစ်ပေးပြီး၊ လူအများစု သတိမမူမိကြသော ဈေးကွက်အမြင်များကို ရရှိစေပါသည်။
Fibonacci channels သည် ကုန်သည်နှင့် ခွဲခြမ်းစိတ်ဖြာသူများစွာတို့အကြား အထူးရေပန်းစားပါသည်။ သို့ရာတွင် ၎င်းတို့အား မည်ကဲ့သို့ မှန်ကန်စွာ အသုံးပြုရမည်ကို သိရှိသူနည်းပါးပါသည်။ ကျွန်ုပ်တို့သည် ကလေးဆန်သော မှားယွင်းမှုများကို ရှောင်ရှားနိုင်ရန် အဆိုပါနည်းလမ်း၏ ထူးခြားသောအင်္ဂါရပ်များကို အကဲဖြတ်ကြည့်ကြပါမည်။
Moving average သည် ရှေးကျသော Forex နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေး indicator တခု ဖြစ်ပြီး ယနေ့ထက်တိုင် အသုံးတွင်ကျယ်နေဆဲ ဖြစ်ပါသည်။ ကုန်သည်တိုင်းသည် မည်သည့် ပလက်ဖောင်းတွင် ကုန်သွယ်သည်ဖြစ်စေ ၎င်းကို မည်သို့မည်ပုံအသုံးပြုရမည်ကို လေ့လာသင့်ပါသည်။
Support and Resistance levels များကို ခွဲခြမ်းစိတ်ဖြာရာတွင် လမ်းကြောင်းခွဲခြမ်းစိတ်ဖြာမှုသည်လည်း အရေးပါပါသည်။ ၎င်းတို့အား ခွဲခြားထား၍ မရနိုင်ပေ။ ၎င်းတို့၏ အသေးစိတ်အချက်အလက်များကို လေ့လာကြည့်ရှုကြပါမည်။
Pivot point - ဤနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေး indicator သည် support သို့မဟုတ် resistance level များနှင့် အလုပ်လုပ်ရာတွင် ကိတ်မုန့်ပေါ်သို့ လောင်းချရသော သကာရည်နှယ်ပင် ဖြစ်ပါသည်။ ကံမကောင်းစွာဖြင့် ဤမျှကောင်းမွန်သော ကိရိယာကို ကုန်သည်တိုင်း အသုံးမပြုကြပါ။ ဆက်လက်၍သာ ဖတ်ရှုသွားပါ။ ထပ်မံဖတ်ရှုရမည့် သတင်းအချက်အလက်သည် သည်၏ ကုန်သွယ်စွမ်းရည်ကို များစွာမြှင့်တင်ပေးနိုင်ပါလိမ့်မည်။
Peaks and troughs
အမြင့်ဆုံး/အနိမ့်ဆုံးတန်ဖိုးများဖြင့် စတင်အလုပ်လုပ်ရန် ဖြစ်နိုင်သမျှ သက်တမ်းအရင့်ဆုံး အချိန်ဘောင်ဇယားကို ဖွင့်ပါ။ ဥပမာ တလ။
ကုန်သွယ်ရေးကာလတလျှောက်အမြင့်ဆုံးတန်ဖိုး – ATH ကို ဇယားပေါ်တွင် အမှတ်အသားပြုပါ။ ကုန်သွယ်ရေးကာလတလျှောက်အနိမ့်ဆုံးတန်ဖိုး – ATL ကို ဇယားပေါ်တွင် အမှတ်အသားပြုပါ။
ကျွန်ုပ်သည် LiteFinance ဝက်ဘ်ပလက်ဖောင်းမှ ရွှေဈေးနှုန်းဇယားတခုကို နမူနာအဖြစ် ပြသထားပါသည်။ အကယ်၍ ကျွန်ုပ်တို့အနေဖြင့် လစဉ်အချိန်ဘောင်ကို ရွေးချယ်ပါက၊ ကုန်သွယ်ရေးရာဇဝင်တခုလုံးကို တွေ့မြင်ရပါမည်။ ၎င်းသည် ၂၀၀၀ ခုနှစ်တွင် စတင်ပါသည်။
ရွှေကို ထို့ထက်များစွာပိုစောသော ကာလများမှပင် စတင်ကုန်သွယ်ခဲ့ကြသည်။ သို့သော် ပုံပေါ်တွင် လက်ရှိမြင်တွေ့ရသမျှသည် ကျွန်ုပ်တို့အတွက် ခွဲခြမ်းစိတ်ဖြာမှုတခု ပြုလုပ်ရန် လုံလောက်ပါသည်။ ဇယား၏ ATH သည် 2,074 USD ဝန်းကျင်တွင်ဖြစ်သည် – ဇယားပေါ်တွင် အစိမ်းရောင်မျဉ်းဖြင့် ပြသထားသည်။ ၎င်းတို့သည် အားကောင်းသော Support and Resistance level များလည်း ဖြစ်ကြပါသည်။
လက်ရှိဈေးတန်းများသည် ATH ဆီသို့ ပို၍ နီးကပ်လာပြီး၊ ကာလပတ်လည် ရွှေဈေးနှုန်းရွေ့လျားမှုများသည် အတက်ဘက်သို့ ပြောင်းလဲလာပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် သမိုင်းတလျှောက် အမြင့်ဆုံးစံချိန် များကိုချိုး၍ စံချိန်သစ်တင်နိုင်မည့် အခွင့်အရေးကို ရှာဖွေရန် ပို၍စိတ်ဝင်စားဖွယ်ရာ အခြေအနေ ဖြစ်၍နေပါသည်။ ATH နှင့် ATL တို့သည် ချိူးဖောက်ခံရခြင်းမရှိပဲ သက်တမ်းကြာမြင့်လေလေ၊ ၎င်းတို့၏ ခိုင်မာမှု ပို၍ အားကောင်းလေလေဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဖြစ်ရပ်တွင် ATL အား အသစ်ပြင်ဆင်ခြင်းမရှိသည်မှာ နှစ်ပေါင်းနှစ်ဆယ် ကျော်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းသည် မကြာမှီအချိန်အတွင်း ထို level သို့ ရောက်ရှိနိုင်သော အလားအလာ မရှိသလောက်ပင် ဖြစ်သည်။
အခြားတဖက်မှကြည့်လျှင်၊ ATH အား လွန်ခဲ့သောတနှစ်ခန့်က အသစ်ပြင်ဆင်ခဲ့သည်။ ထို့ကြောင့် ဈေးနှုန်းသည် ဆက်လက်၍ မြင့်တက်သွားနိုင်ရန် ပိုမိုကြီးမားသော အခွင့်အရေးတခု ရှိနေပါသည်။ ထိုသဘောတရားကို အခြေခံ၍ ကျွန်ုပ်တို့ကောက်ချက်ချနိုင်သော အချက်မှာ resistance and support အသစ်နှင့် ယခင် အမြင့်ဆုံး/အနိမ့်ဆုံးအစွန်းများ၏ တခုနှင့်တခု ပိုမိုဝေးကွာသွားသော အရှိန်အဟုန်သည် ဆန့်ကျင်ဘက်သို့ ပြန်လှည့်မည့် အခြေအနေအတွက် ကြိုတင်အချက်ပြမှုတခု ဖြစ်ပါသည်။
ကာလပတ်လည်လမ်းကြောင်းနှင့် ATH/ATL အသစ်ပြင်ဆင်သော ကာလအပိုင်းအခြားများကို ဆုံးဖြတ်ပြီးသောအခါ၊ ကျွန်ုပ်တို့သည် လက်ရှိကာလ၏ အမြင့်ဆုံး/အနိမ့်ဆုံးအစွန်းများကို အကဲဖြတ်နိုင်ပြီ ဖြစ်သည်။ ၎င်းတို့အား အထက်ပါ XAUUSD အပတ်စဉ်ဇယားတွင် တိုတောင်းသော အနီရောင်နှင့် အစိမ်းရောင် မျဉ်းဖြတ်များဖြင့် အမှတ်အသားပြုထားပါသည်။ ၎င်းတို့အား ခွဲခြားပြီးသည့်နောက် အစွန်းများအားလုံးကို တိကျသော စံတခုဖြင့် အုပ်စုဖွဲ့နိုင်ပါသည်။ အထက်ပါဇယားကို ကြည့်ပါ။ အနီ၊ အဝါနှင့် အစိမ်းရောင်ရှိသော ဘဲဥပုံစက်ဝိုင်းများဖြင့် အမှတ်အသားပြုထားသော အုပ်စုသုံးခုကို တွေ့ရပါမည်။ ၎င်းတို့သည် ဈေးနှုန်းရွေ့လျားမှု ဦးတည်ရာကို ပြသပါသည်။ ထိုအချက်သည် အထက်တွင် ဆိုခဲ့သည့် တိကျသော စံတခုဖြစ်ပါသည်။
ကျဆင်းသောဈေးနှုန်းလမ်းကြောင်းတခုသည် လက်ရှိ အနိမ့်ဆုံးတန်ဖိုးများကို ပို၍နိမ့်ဆင်းစေသည်။ နောက်ထပ်ပေါ်ပေါက်လာသော အမြင့်ဆုံးတန်ဖိုးများသည်လည်း ယခင်အမြင့်ဆုံးတန်ဖိုးများထက် ပို၍ နိမ့်ပါသည်။ ၎င်းကို ဇယားအတွင်း အနီရောင် ဘဲဥပုံဖြင့် ပြသထားပါသည်။ ဈေးကွက်အတွင်း ရေပြင်ညီရွေ့လျားမှု အခြေအနေမျိုးတွင် အနိမ့်ဆုံး/အမြင့်ဆုံးတန်ဖိုးများသည် ပြောင်းပြန်ပြောင်းလဲပါသည် – အနိမ့်ဆုံးဈေးနှုန်းများသည် များသောအားဖြင့် ပို၍တိုးတက်လာသည်။ အမြင့်ဆုံးတန်ဖိုးများသည် ထိုအခြေအနေတွင် များသောအားဖြင့် ကျဆင်းလေ့ရှိသည်။ အဆိုပါပုံစံမျိုးကို ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှုတွင် "triangle”ဟု ခေါ်ဆိုပါသည်။
အထက်သို့တိုးတက်သောလမ်းကြောင်းတခုသည် ပိုမြင့်သော အမြင့်ဆုံးဈေးနှုန်းအသစ်များကို ဖြစ်ပေါ်စေ မည်ဖြစ်သည်။ လက်ရှိအနိမ့်ဆုံးဈေးတန်းများသည်လည်း ယခင်ထက်မြင့်တက်၍လာပါမည်။ အဆိုပါ ဈေးကွက် အခြေအနေမျိုးကို ဇယားပေါ်တွင် အစိမ်းရောင်ဘဲဥပုံအမှတ်အသားဖြင့် ပြသထားပါသည်။
Troughs and Peaks နည်းလမ်းကို အသုံးပြုခြင်းအားဖြင့် လက်ရှိဈေးကွက်၏ အရှိန်ကို သိရှိနိုင်ပါသည်။ ထို့အပြင် ထိုတန်ဖိုးများသည် support and resistance level များဖြစ်ကြပါသည်။ ကုန်သွယ်ရေး အစီအစဉ်တခု ပြုလုပ်ရာတွင် ၎င်းတို့အား ထည့်သွင်းစဉ်းစားသင့်ပါသည်။
ယခင်အချိန်ဘောင်မှ Support and resistance level များ
သမိုင်းတလျှောက် အနိမ့်ဆုံး/အမြင့်ဆုံးတန်ဖိုးများ၊ လက်ရှိ အနိမ့်ဆုံး/အမြင့်ဆုံးတန်ဖိုးများ၊ ကာလပတ်လည်လုံးဆိုင်ရာ ဈေးနှုန်းဦးတည်ချက်နှင့် လမ်းကြောင်း၏ အရှိန် စသည်တို့အား ဆုံးဖြတ်ပြီးသောအခါ၊ နောက်ထပ်လုပ်ဆောင်ရမည့် အဆင့်မှာ တိုတောင်းသော အချိန်ဘောင်များကို ခွဲခြမ်းစိတ်ဖြာရန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။ အောက်ပါ အကြောင်းရင်းအချို့ကြောင့် ဖြစ်ပါသည်။
ကျွန်ုပ်တို့တွင် ယေဘုယျဈေးကွက်ရုပ်ပုံတခု ရှိထားပြီး ဖြစ်ပါသည်။ ယခုအခါ ပို၍နက်ရှိုင်းစွာ လေ့လာ၍ လက်ရှိ အင်အားများ၏ အနေအထားကို ကြည့်ရှုရန်လိုအပ်ပါသည်။
လက်ရှိဈေးနှုန်းရွေ့လျားမှု အရှိန်များကို ခွဲခြမ်းစိတ်ဖြာ၍ နောက်ပြန်လှည့်နိုင်မည့် အလားအလာကို ကြိုတင်ခန့်မှန်းရန် လိုအပ်ပါသည်။
အဝင်ပွိုင့်များကို ခွဲခြား၍ ကုန်သွယ်ရေးအစီအစဉ်တခု ချမှတ်ရန် လိုအပ်ပါသည်။
အထက်ပါဇယားသည် ယခင် candle ဖြင့် ခွဲခြမ်းစိတ်ဖြာမှုအား မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို နမူနာပြသထားခြင်း ဖြစ်ပါသည်။ ပထမဆုံးအနေဖြင့် ကျွန်ုပ်တို့သည် အပတ်စဉ်မှ နေ့စဉ်အချိန်ဘောင်သို့ ကူးပြောင်းခဲ့ပါသည်။ အစိမ်းရင့်ရောင် မျဉ်းဖြတ်သည် ATH ကို ညွှန်ပြပါသည်။ အနီရောင်မျဉ်းဖြတ်သည် ယခင်ခွဲခြမ်းစိတ်ဖြာမှုမှ အနိမ့်ဆုံးတန်ဖိုးများကို ညွှန်ပြပါသည်။ အစက်အပြောက်မျဉ်းများသည် နေ့စဉ်အချိန်ဘောင်မှ အနိမ့်/အမြင့်တန်ဖိုးများအား အပတ်စဉ်ဇယားတွင် ပြုလုပ်ခဲ့သည့်အတိုင်း အလားတူ ညွှန်ပြပါသည်။ ရလာဒ်အနေဖြင့် အပတ်စဉ်အချိန်ဘောင်ကို ခွဲခြမ်းစိတ်ဖြာစဉ်က မထင်ရှားခဲ့သော အကြောင်းအရာများစွာကို တွေ့မြင်ရပါသည်။ ကာလပတ်လည်လုံးဆိုင်ရာ အတက်ဈေးကွက်လှိုင်းမှအပ၊ ကုန်သွယ်ရေးဘောင်တခု စတင်ဖြစ်ထွန်းပြီးသော လက်ရှိအချိန်တွင် XAUUSD သည် ယာယီပြင်ဆင်မှု အခြေအနေတွင် ရှိ၍နေပါသည်။
အနိမ့်ဆုံးတန်ဖိုးများ အပြောင်းအလဲမရှိပဲ၊ လက်ရှိအမြင့်ဆုံးတန်ဖိုးများ ပို၍နိမ့်ဆင်းလာသောကြောင့် လက်ရှိဈေးကွက်သည် အရှိန်ကုန်ခမ်း၍ ဈေးနှုန်းစုဖွဲ့နေပါသည်။
ဈေးနှုန်းဇယားတွင် မပါဝင်သော အမှတ်အသားပြုထားသည့် level များကို ခန့်မှန်းမည်ဆိုပါက၊ support and resistance level တန်ဖိုးများစွာကို ရရှိပါလိမ့်မည်။ အသစ်ဖြစ်ပေါ်လာသော အစိတ်အပိုင်းများအား support သို့မဟုတ် resistance ဇုန်များအဖြစ် စုစည်းနိုင်ပါသည်။
အဆိုပါ support and resistance ဇုန်များသည် မည်သည့်ဈေးတန်းနှင့် ကိုက်ညီလိမ့်မည်ကို ဆုံးဖြတ်ရန် အရေးကြီးပါသည်။ အထက်ပါဇယားတွင် တွေ့မြင်ရသည့်အတိုင်း၊ ATH သည် အစိမ်းရောင် resistance ဧရိယာနှင့် ကိုက်ညီပါသည်။ အပတ်စဉ်အချိန်ဘောင်မှ လတ်တလော အနိမ့်ဆုံးဈေးတန်းသည် အနီရောင် support level ဇုန်အတွင်း ရှိနေပါသည်။ ATH သည် လက်ရှိ ဈေးတန်းများထက် ပို၍အားကောင်းသည့်အလျှောက် Support ဇုန်တစ်ခုလုံးကို ပိုမိုအရေးကြီးစေကာ၊ ငွေကြေးဈေးကွက်များ ၏ လှုပ်ရှားမှုများကို ဆန့်ကျင်နေပါသည်။ ဧရိယာ၏ အကျယ်သည်လည်း အရေးကြီးသောအချက်တခု ဖြစ်သည်။ ဧရိယာပို၍ကျယ်ပြန့်လေလေ၊ ၎င်းကို ချိုးဖောက်ဖြတ်ကျော်ရန် ခက်ခဲလေလေဖြစ်သည်။ ဤသို့သိရှိထားခြင်းဖြင့် ကျွန်ုပ်တို့သည် ဆန့်ကျင်ဘက်အခြေအနေအား ဓမ္မဓိဋ္ဌာန်ကျကျ ခန့်မှန်းနိုင်မည်ဖြစ်သောကြောင့် ဈေးကွက်ငြိမ်သက်နေချိန်များတွင် ဤအသိပညာသည် လွန်စွာ အဖိုးတန်လိမ့်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဥပမာတွင် ပြုလုပ်ခဲ့သော ခွဲခြမ်းစိတ်ဖြာမှုအရ နောက်ထပ်တိုးတက်မှုတခုထက် နောက်ထပ်ကျဆင်းမှုတခုသည် ပို၍ဖြစ်နိုင်ခြေရှိပါသည်။
Fibonacci levels
Fibonacci ဟု အများသိကြသော Leonardo of Pisa သည် သက်လတ်ပိုင်း အီတလီလူမျိုး သင်္ချာပညာရှင်တဦး ဖြစ်ပါသည်။ နောက်ဆက်တွဲနံပါတ်တစ်ခုစီသည် ယခင်နှစ်ခု၏ပေါင်းလဒ်ဖြစ်သော နံပါတ်စဉ်ကို ဖော်ထုတ်ခြင်းဖြင့် လူသိများခဲ့သူ တဦးဖြစ်ပါသည်။ ထိုဂဏန်းများကို ယခင်ဂဏန်းဖြင့် စားပါက 0.618 ကိုရရှိပါမည်။
သိပ္ပံပညာရှင်များသည် ဤအချိုးအတိုင်း အတိအကျ ပြန်လည်ဖြစ်ပေါ်ခြင်းသဘာဝနှင့် စပ်လျဉ်း၍ ဥပမာများစွာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို့ကြောင့်ပင် ဤအချိုးအား “ရွှေရောင်အချိုး”ဟု တင်စားခေါ်ဆိုကြပါသည်။ ဤအချိုးအား Forex ကုန်သွယ်ရေးတွင် မကြာခဏမြင်ရလေ့ရှိကြောင်းကို သင့်အနေဖြင့် ခန့်မှန်းမိနိုင်ပါသည်။ ထို့ကြောင့်ပင် Fibonacci နံပါတ်စဉ်အား support and resistance level indicator အဖြစ် တွင်ကျယ်စွာ အသုံးပြုကြခြင်း ဖြစ်ပါသည်။
အထက်ပါ ရွှေဇယားတွင် ကာလပတ်လည်လုံးဆိုင်ရာ အနိမ့်ဆုံး/အမြင့်ဆုံးတန်ဖိုးများ၏ နောက်ဆုံး အချက်အလက်အပေါ် အခြေခံထားသော Fibonacci ပြင်ဆင်မှုအဆင့်များကို တွေ့မြင်ရပါမည်။ ထိုအဆင့်များတွင် အရေးအကြီးဆုံးမှာ level 0.382 နှင့် 0.618 ကြားရှိ "golden ratios" ဖြစ်ပါသည်။ 0.236 တန်ဖိုးသည် 0.382 နှင့် 0.618 တို့၏ နှုတ်လာဒ်ဖြစ်သည်။ 0.786 တန်ဖိုးသည် 0.618 ၏ နှစ်ထပ်ကိန်းရင်း ဖြစ်ပါသည်။ ၎င်းတို့အား ကုန်သွယ်ရေးတွင် အရန်ဈေးတန်းများအဖြစ်လည်း အသုံးပြုနိုင်ပါသည်။
ဆက်လက်ဖြစ်ပေါ်မည့် ပြင်ဆင်မှုသည် 0.382 မျဉ်းကို ရပ်တန့်ထားသည်ကို တွေ့ရပါသည်။ ထိုအခြေအနေတွင် ယခင်အဆင့်၌ ဆုံးဖြတ်ခဲ့သော အားကောင်းသည့် support ဇုန်တခု ရှိနေပါသည်။
အရေးပါသောဈေးတန်းများ ကိုက်ညီမှုရှိပါသည်။ ထို့အပြင် ၎င်းတို့သည် ဈေးနှုန်းခန့်မှန်းချက်များ ပြုလုပ်ရန်အတွက် ပိုမိုသင့်လျော်နေပါသည်။
ဇယားမှ ရရှိသော အခြားကောက်ချက်တခုမှာ အနီရောင်ဇုန် ကျိုးပျက်သည်နှင့် တပြိုင်နက် ရောင်းချသူများ၏ နောက်ထပ်ပစ်မှတ်သည် 0.618 level၊ 1,430 USD ဝန်းကျင်ဈေးနှုန်းဖြစ်ပါသည်။ ထို့ကြောင့် ဖောက်ထွက်မှုဖြစ်ပွားချိန်တွင် ရောင်းချရန်အတွက် ကျွန်ုပ်တို့၏ အမြတ်ကန့်သတ်ပစ်မှတ်ကို ရရှိပြီး ဖြစ်ပါသည်။
ယခုအခါ Fib 0.236 သည်လည်း ထင်ရှားလျက်ရှိသောကြာင့်၊ ၎င်းကို ဆက်လက်၍ အကဲဖြတ်ကြည့်ကြပါမည်။ ဈေးနှုန်းရွေ့လျားမှုရာဇဝင်သည် ထိုအချက်ကို အတည်ပြုပါသည်။ ကျွန်ုပ်သည် ထို level အား လမ်းကြောင်း၏အားနည်းမှုကို ညွှန်ပြသော indicator အဖြစ် အသုံးပြုလေ့ရှိပါသည်။ ဦးတည်ရာရှိသော ရွေ့လျားမှုတွင် လက်ရှိဈေးနှုန်းသည် ထို level အောက်၌ ကြာရှည်စွာ နေလေ့မရှိပေ။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဥပမာတွင် မြင်ရသည့်အခြေအနေအတိုင်း ဈေးနှုန်းသည် 0.236 အောက်မှ ကုန်သွယ်ရေးဘောင်အတွင်းသို့ ဝင်ရောက်သွားသောအခါ၊ ပေါ်ပေါက်လာမည့် ဆန့်ကျင်ဘက် အခြေအနေတခုအတွက် ကျဆင်းမှုကို အချက်ပြခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။
Moving averages
နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းတွင် indicator များ ပေါများလှပါသည်။ သို့သော် moving average သည် ရှေးအကျဆုံးကိရိယာများမှ တခုဖြစ်ပါသည်။ ၎င်း၏အမျိုးအစားများမှာ simple moving average, weighted သို့မဟုတ် exponential ဟူ၍ဖြစ်ကြပြီး၊ တိကျသောကာလတခုအတွင်းရှိ ပျမ်းမျှဈေးနှုန်းတခုကို ကိုယ်စားပြုပါသည်။
မည်သည့် moving average အမျိုးအစားကို အသုံးပြုသည်ဖြစ်စေ၊ ကုန်သွယ်ရေးအချက်ပြမှုများစွာကို တွေ့ရမည်သာ ဖြစ်သည်။ ၎င်းတို့အား မှန်ကန်စွာ အသုံးပြုနိုင်ရန်၊ အကြောင်းအရာအချို့ကို စဉ်းစားရန် လိုအပ်ပါသည်။
Moving averages များသည် ကာလနှင့်အချိန်ဘောင်သို့ နှောင့်နှေးစွာ အချိုးကျသော အချက်ပြမှုများကို ထုတ်ပေးပါသည်။
နှောင့်နှေးမှုများသည် ကာလနှင့်အချိန်ဘောင်သို့ တိုက်ရိုက် အချိုးကျပါသည်။ ကာလရှည်ကြာ၍ အချိန်ဘောင် အိုဟောင်းလေလေ၊ အချက်ပြမှုတခု ပိုမိုနှောင့်နှေးလေလေ ဖြစ်သည်။
မှားယွင်းအချက်ပြမှုအရေအတွက်သည် ကာလနှင့်အချိန်ဘောင်သို့ ပြောင်းပြန် အချိုးကျပါသည်။ ကာလနှင့်အချိန်ဘောင် သေးငယ်လေလေ၊ အချက်ပြမှုတွင် မှားယွင်းနိုင်လေလေ ဖြစ်ပါသည်။
Moving Average တခုအား အတည်ပြု indicator တခုအဖြစ်သာ အသုံးပြုနိုင်ပါသည်။ မည်သည့် အချိန်ဘောင်ကို အသုံးပြုသည်ဖြစ်စေ၊ မှားယွင်းအချက်ပြမှုများလည်း ပေါ်ပေါက်နိုင်ပါသည်။
ကုန်သွယ်ရေးတွင် moving averages များကို အသုံးပြုသော နည်းလမ်းများစွာ ရှိပါသည်။ ကျွန်ုပ်သည် ၎င်းတို့အား support level indicator အဖြစ်အသုံးပြုသော ကျွန်ုပ်၏ နည်းလမ်းအား သင်တို့ထံ မျှဝေပေးပါမည်။
ပို၍ နားလည်သဘောပေါက်နိုင်စေရန်၊ ကျွန်ုပ်၏ ယခင်ဆောင်းပါးများမှ ရွှေ၏ ဥပမာကိုပင် အသုံးပြုခဲ့ပါသည်။ အကယ်၍ သင်၏ခွဲခြမ်းစိတ်ဖြာမှုအား ပုံကြမ်းအဆင့်မှ စတင်ပြုလုပ်ပါက အစောပိုင်းတွင် support and resistance levelများကို ခွဲခြားရန်အတွက် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့သည့် အတိုင်း လက်ရှိကာလအတွင်းရှိ အစွန်းများကို ဦးစွာဆုံးဖြတ်ရန် လိုအပ်ပါသည်။ MAs အတွက် မှန်ကန်သောကာလကို သတ်မှတ်ရန် ထိုအဆင့်ကို မဖြစ်မနေဆောင်ရွက်ရပါမည်။
ကျွန်ုပ်သည် exponential moving averages (EMA) ကို အသုံးပြုထားပါသည်။ သို့ရာတွင် ထိုသို့အသုံးပြုရန် မဖြစ်မနေ မလိုအပ်ပါ။ အခြား MA အမျိုးအစားတခုကိုလည်း ရွေးချယ်နိုင်ပါသည်။ ကျွန်ုပ်၏ အတွေ့အကြုံအရမူ EMA သည် အကောင်းဆုံးဖြစ်သည်ဟု သိရှိခဲ့ရပါသည်။
Candlestick ၏ ဈေးနှုန်းပိတ်သိမ်းချိန်တွင် တွက်ချက်ထားသော moving averages သုံးခုကို ဇယားပေါ်သို့ ပေါင်းထည့်ပါ။ အစွန်းတန်ဖိုးများကို ဖြစ်နိုင်သမျှ ဖြတ်သန်းသွားစေရန် EMA တခုစီအတွက် ကာလတခုကို ရွေးချယ်ပါ။ ကျွန်ုပ်၏ဥပမာတွင်၊ ၎င်းတို့သည် 61၊ 497 နှင့် 545 EMAs ဖြစ်သည်။အထက်ပါဇယားတွင် အောက်ဖျားများကို ဖြတ်သန်းသွားသော ပွိုင့်များအား စက်ဝိုင်းများဖြင့် အမှတ်အသားပြုထားပါသည်။ ဖြစ်ပေါ်လာသော moving averages သုံးခုသည် support မျဉ်းများဖြစ်သည်။ ဖွဲ့စည်းသော ကာလပို၍ရှည်လျားလေလေ၊ ထို support level ၏ ခိုင်မာမှု ပို၍အားကောင်းလေလေ ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဖြစ်စဉ်တွင် 497 နှင့် 545 မျဉ်းတို့သည် မလှမ်းမကမ်းတွင် တည်ရှိနေကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဈေးကွက်အပေါ် အကျိုးသက်ရောက်မှုအား တခုတည်းသော support ဧရိယာအဖြစ် ယူဆနိုင်ပါသည်။
EMA(61) — ကာလအတိုဆုံးတခု — ဈေးနှုန်းဦးတည်ချက် ပြောင်းလဲပုံ အဆင့်များကို ညွှန်ပြပါသည်။ အကယ်၍ ဈေးနှုန်းသည် ထိုမျဉ်း၏ အထက်တွင်ရှိနေပြီး၊ ယာယီပြင်ဆင်မှုအတွင်း ထိုမျဉ်းမှ လာရာလမ်းကြောင်းအတိုင်း အနောက်သို့ပြန်ရွှေ့ပါက အားကောင်းသော အထက်သို့ရွေ့လျားမှုတခု ရှိနေခြင်းပင်ဖြစ်သည်။ အကယ်၍ ဈေးနှုန်းသည် ထိုမျဉ်းအား ဖြတ်သွားပြီး၊ ထိုမျဉ်း၏ အောက်ခြေတွင် တည်ရှိနေပါက၊ နောက်ပြန်လှည့်သော သို့မဟုတ် ဘေးတိုက်ရွေ့လျားသော ဈေးကွက်အခြေအနေတခုကို ရရှိနိုင်ပါသည်။
EMA(61) သည် ကျဆင်းသော ရွေ့လျားမှုတွင်လည်း ဆင်တူသော အချက်ပြမှုများကို ထုတ်ပေးမည်ဖြစ်သည်။
EMA(497) နှင့် EMA(545) တို့သည် ပိုမိုရှည်လျားသော ကာလများကို ခွဲခြမ်းစိတ်ဖြာထားခြင်း ဖြစ်သောကြောင့်၊ ၎င်းတို့သည် ကာလတို အပြောင်းအလဲများကို တုံ့ပြန်မှုပိုနည်းပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ၎င်းတို့၏ အနာဂါတ်တည်နေရာများကို မှန်းဆနိုင်ပြီး၊ မကြာခင်အချိန်အတွင်း အဆိုပါ support level များ ရောက်ရှိမည့်နေရာကို ခန့်မှန်းနိုင်ပါသည်။ ဤအသိအမြင်သည် ကျွန်ုပ်တို့အား ပိုမိုကောင်းမွန်သော ကုန်သွယ်ရေး အစီအစဉ်ကို ပြုလုပ်နိုင်စေပါသည်။
ဥပမာများမှ တခုအား အထက်ပါဇယားတွင် ပြသထားပါသည်။ ကျွန်ုပ်တို့သည် လက်ရှိအစွန်းများနှင့် Fibo အချိုးများကို အသုံးပြု၍ အနီးဆုံး Support ဇုန်တခုကို ထုတ်ဖော်ခဲ့ကြပြီးဖြစ်သည်။ ထိုဇုန် ကျိုးပေါက်သောအခါ၊ နောက်ထပ် support level တခုသည် 0.618 Fibo အဆင့်တွင် ရှိပါလိမ့်မည်။ ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ယခင်ခေါင်းစဉ်အောက်တွင် ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ခန့်မှန်းချက်များကိုပါ ထည့်သွင်းစဉ်းစားကြည့်သောအခါ၊ ဈေးနှုန်းသည် 0.618 Fibo သို့ကျဆင်းသွားသည်နှင့် ရှည်လျားသော EMAs များသည်လည်း ထိုအဆင့်နှင့် နီးစပ်သောတနေရာတွင် အပိုဆောင်းထောက်ပံ့မှုတခုကို ပံ့ပိုးပေးလျက် တည်ရှိနေမည်ဖြစ်ကြောင်းကို တွေ့ရှိကြရပါသည်။ ထို့အပြင် ၎င်းတို့သည် အထက်သို့ရွေ့လျားမှုကို ရောင်ပြန်ဟပ်သောကြောင့် candlestick အသစ်တခု ဖြစ်ပေါ်တိုင်း တွင် အရောင်းများအပေါ် အတက်ဖိအားများ တစထက်တစ ပိုမိုကျရောက်စေပြီး၊ အတက်လမ်းကြောင်း ဆီသို့ ပြန်လည်ဦးလှည့်သော အခြေအနေတရပ် ပေါ်ပေါက်နိုင်ပါသည်။ ထို့ကြောင့် အရောင်းကုန်သွယ်မှုများ အတွက် ပစ်မှတ်သည် 1,450 USD ဝန်းကျင်တွင် ဖြစ်သင့်ပါသည်။ ပျမ်းမျှရွေ့လျားမှုများ၏ တည်နေရာ ပြောင်းလဲမှုအပေါ်လိုက်၍ ပစ်မှတ်ကို ချိန်ညှိနိုင်ပါသည်။
တချိန်တည်းတွင် ထိုဧရိယာသည် အပြီးသတ်နောက်ဆုတ်မှုတခုအား အထမြောက်စေရန်အတွက် ကာလတို အဝယ်ကုန်သွယ်မှုများဖွင့်ရန် နေရာကောင်းတခု ဖြစ်ပါသည်။ အရောင်းကုန်သွယ်မှုတခုကိုဖွင့်ရန် Stop Loss အား MAs ၏ တဖက်ခြမ်းနှင့် 0.618 Fibo တွင်နေရာချပါ။ ယခုအခါ အနီရောင်ဇုန်သည် ဝယ်သူများအတွက် ခံနိုင်ရည်အားကိုပိုမိုပြသလျက်ရှ်ိသော အနီးဆုံးပစ်မှတ် ဖြစ်၍လာပါမည်။
Trend Lines အသုံးပြုမှု။
Dynamic support level တခုအား trend line တခုအဖြစ် အသုံးပြုနိုင်ကြောင်းကို အထက်၌ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဆန့်ကျင်ဘက်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ Trend line တခုအား support သို့မဟုတ် resistance level တခုအဖြစ် ယူဆနိုင်ပါသလား။
ပထမဦးစွာ ဝေါဟာရများကို ရှင်းလင်းပါမည်။ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် trend ဆိုသည်မှာ အဘယ်နည်း။ ဇယား၏ တိုးတက်သော သို့မဟုတ် ကျဆင်းသော ရွေ့လျားမှုကို ဖော်ပြသော ရောင်စဉ်တခု သို့မဟုတ် မျဉ်းဖြတ်တခုလော။ တခါတရံတွင် ဈေးကွက်သည် တိကျသော ဦးတည်ရာတခုသို့ ရွေ့လျားခြင်းမရှိပေ။ ထိုအခါမျိုးတွင် များစွာသောကုန်သည်များသည် ဈေးကွက်အတွင်း လမ်းကြောင်းမရှိ သို့မဟုတ် ဘေးတိုက်ရွေ့လျားနေသည်ဟု ဆိုကြလေ့ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့နားလည်ထားရမည်မှာ trend ဟုဆိုလိုက်သည်နှင့် အတက်နှင့်အကျ နှစ်မျိုးသာရှိသည်။ ထိုနှစ်မျိုးမှလွဲ၍ အခြားရွေးချယ်စရာ မရှ်ိပါ။
အတက်လမ်းကြောင်းတခု၏ အဓိကလက္ခဏာမှာ လက်ရှိအနိမ့်ဆုံးဈေးတန်းများ ဆက်တိုက် မြင့်တက်ခြင်း ပင် ဖြစ်သည်။ အနည်းဆုံးဈေးနှုန်းများ၏ တန်ဖိုးတိုးတက်ခြင်းသည် အတက်လမ်းကြောင်း တခုကို ညွှန်ပြပါသည်။ အဘယ်ကြောင့် အနိမ့်ဆုံး ဈေးတန်းများ ဖြစ်ရပါသနည်း။ ဝယ်လိုအားနှင့် ရောင်းလိုအား၏ သဘာဝပင်ဖြစ်သည်။ အနိမ့်ဆုံးတန်ဖိုးများ တိုးတက်မှုသည် ကုန်သွယ်ရေးပစ္စည်း၏ ရောင်းလိုအား နည်းပါး၍ ဈေးကွက်အတွင်းမှ ဝယ်လိုအားကို မကျော်လွန်နိုင်ခြင်းကို ညွှန်ပြပါသည်။ ဝယ်သူအနေဖြင့် ဈေးနှုန်းသည် ယခင်ဈေးတန်းသို့ ပြန်လည်ကျဆင်းချိန်ထိ မစောင့်ဆိုင်းပဲ ဝယ်ယူရန် အသင့်ဖြစ်နေသည်။ ထို့ကြောင့် အနိမ့်ဆုံးအဆင့်များတလျှောက် အတက်လမ်းကြောင်းတခု ဖြစ်ပေါ်လာပြီး၊ ထိုလမ်းကြောင်း သည် support level နှင့် ထပ်တူကျပါသည်။ တချိန်တည်းမှာပင် အမြင့်ဆုံးတန်ဖိုးများတွင် အချိန်တခု ကြာသည်အထိ အပြောင်းအလဲမရှိပေ။ ထို့ကြောင့် dynamic resistance level သည် အတက်လမ်းကြောင်းမျဉ်းတခုနှင့် ထပ်တူမကျနိုင်ပါ။
Trend လမ်းကြောင်းတခုအားရေးဆွဲရန်၊ အနည်းဆုံးအနေဖြင့် အနိမ့်ဆုံးတန်ဖိုးနှစ်ခုကို လိုအပ်ပါသည်။ အားအကောင်းဆုံး လမ်းကြောင်းမျဉ်းများသည် အနိမ့်ဆုံးပွိုင့် (ထိုတန်ဖိုးအပြီးတွင် ဦးတည်ချက် ပြောင်းလဲသောပွိုင့်) မှ စတင်ကြသည်။ နောက်ထပ် အနိမ့်ဆုံးအစွန်းများသည် ပို၍မြင့်သော ဈေးတန်းတွင် ပေါ်ပေါက်ကြသည်။
အထက်ပါဇယားသည် အဆိုပါလမ်းကြောင်းမျဉ်း၏ ဥပမာတခုကို ပြသပါသည်။ အနိမ့်ဆုံးပွိုင့်အား ထူထဲသောအနီရောင်ရေပြင်ညီမျဉ်းဖြင့် ပြသထားပါသည်။ နောက်လာမည့် အနိမ့်ဆုံးတန်ဖိုးတခုသည် ဒုတိယပွိုင့်ဖြစ်၍လာပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မျဉ်းကြောင်း 1 ကို နေရာချနိုင်ပြီဖြစ်သည်။ ကျွန်ုပ်တို့၏ဥပမာတွင်၊ ဇယားသည် ထိုမျဉ်းအား ဖြတ်ကျော်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ပါ။ အခြားလမ်းကြောင်းမျဉ်းတခုကို ရေးဆွဲရန်၊ နောက်လာမည့် အနိမ့်ဆုံးအဆင့်ကို ဒုတိယပွိုင့်အဖြစ် မှတ်ယူပါသည်။ ဒုတိယလမ်းကြောင်းမျဉ်းအား ဇယားပေါ်တွင် မျဉ်းကြောင်း 2 အဖြစ် ပြသထားပါသည်။
နောက်ထပ်ရွေးချယ်စရာ နည်းလမ်းတခုမှာ နောက်လာမည့် အနိမ့်ဆုံးတန်ဖိုး၌ လမ်းကြောင်းမျဉ်းတခုကို စတင်ရေးဆွဲရန် ဖြစ်ပါသည်။ ထိုကဲ့သို့ ရွေ့အားရှိသော ဈေးတန်းမှာ ထင်ရှားသော်လည်း ဈေးနှုန်းရွေ့လျားမှု၏အစပွိုင့်မှ စတင်ရေးဆွဲသော လမ်းကြောင်းမျဉ်းတခုက ပို၍ သိသာထင်ရှားပါသည်။ ကျွန်ုပ်တို့၏ ဖြစ်ရပ်တွင် အဆိုပါ ရွေ့အားရှိဈေးတန်းသည် ပင်မလမ်းကြောင်းမျဉ်း၏ အောက်တွင် တည်ရှိနေသောကြောင့် မှေးမှိန်၍နေပါသည်။ တချိန်တည်းမှာပင် မျဉ်းကြောင်း 2 သည် လက်ရှ်ိဈေးကွက် ပေါက်ဈေး level နှင့် အလွန်ဝေးကွာလျက်ရှိလေရာ၊ အကယ်၍ ဈေးကွက်သည် ကြီးမားသော ထိတ်လန့်မှုကို ရင်ဆိုင်ရပါက သို့မဟုတ် နှစ်အနည်းငယ်ကြာသည်အထိ ပြင်ဆင်မှုတခုကို စတင်ပါက ကာလရှည်စီမံကိန်းချရန်အတွက်သာ သင့်လျော်နိုင်ပါသည်။
ကျွန်ုပ်တို့၏ ကုန်သွယ်ရေး အစီအစဉ်တွင် ဈေးကွက်၏ တိုးတက်သော ဦးတည်ချက်ကို ခွင့်ပြုရန်အတွက်၊ အစဉ်လိုက်ရှိနေသော အနိမ့်ဆုံးပွိုင့်များတလျှောက်တွင် လက်ရှိလမ်းကြောင်းမျဉ်းတခုအား ရေးဆွဲပါမည်။ ထိုမျဉ်းသည် ဇယားပေါ်မှ မျဉ်းကြောင်း 4 ဖြစ်ပါသည်။ ၎င်းမျဉ်းသည် အစောပိုင်းတွင် ဖော်ပြထားသော အနီရောင်ဇုန်သို့ ဝင်ရောက်ကာ ဝယ်သူများကို ထောက်ပံ့ပေးပါသည်။ ထို့ကြောင့် အကယ်၍ ကျွန်ုပ်တို့သည် ထိုဇုန်အတွင်း ဖောက်ထွက်မှုဖြစ်ချိန်တွင် အရောင်းကုန်သွယ်မှုများဖွင့်ရန် စီစဉ်ထားပါက၊ လမ်းကြောင်းမျဉ်း သည် သူ့အလိုအလျောက် ပျက်ပြယ်သည့်အချိန်အခါကို စောင့်ဆိုင်းကြရပါမည်။
ထို့ကြောင့် အနီရောင်ဇုန်နှင့် လမ်းကြောင်းမျဉ်းကြားမှ ဧရိယာသည် support ဇုန်တွင် ပါဝင်နေပါသည်။ အဆိုပါဇုန်အား အထက်ပါဇယားတွင် ပြသထားပါသည်။ ကုန်သွယ်ရေးအစီအစဉ်တခုတွင် မှားယွင်းအချက်ပြမှု များကို ရှောင်ရှားနိုင်ရန်အတွက်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ဈေးနှုန်းကျဆင်းနေသော ရွေ့လျားမှုတခုတွင် မျဉ်းကြောင်းများရေးဆွဲရာတွင် အမြင့်ဆုံးဈေးတန်းများ အပေါ်အခြေခံ၍ အလားတူ ရေးဆွဲပါသည်။
Pivot Points
PP သည် အလွန်ထူးကဲသော support and resistance level indicator တခု ဖြစ်ပါသည်။
အဓိကကျသောတန်ဖိုး - P - အား အနိမ့်ဆုံး၊ အမြင့်ဆုံးနှင့် ယခင် candlestick ၏ အပိတ်ဈေးတန်းများကြားမှ ပျမ်းမျှတန်ဖိုးတခုအဖြစ် တွက်ချက်ပါသည်။ အခြေခံတွက်ချက်မှုအတွက် စံပြုထားသော ကာလအပိုင်းအခြားမှာ တရက်၊ တပတ်၊ တလ သို့မဟုတ် တနှစ်တာ၏ အချက်အလက်များဖြစ်ပါသည်။
Pivot Points အမျိုးအစားများကိုလည်း သိရှိထားသင့်ပါသည်။ ၎င်းတို့တွင် မတူညီသော Support (S) and Resistance (R) တွက်ချက်မှုဖော်မြူလာရှိပါသည်။ အသုံးအတွင်ကျယ်ဆုံးသော PP အမျိုးအစားများမှာ -
Traditional
Fibonacci
Woodie
Classic
Camarilla တို့ဖြစ်ကြပါသည်။
သင်၏အချိန်ဘောင်ထက် နှစ် ဒီဂရီပိုမိုရှည်လျားသောကာလအား PP ကာလအဖြစ် သတ်မှတ်ရန် အကြံပြုလိုပါသည်။ နေ့စဉ်အချိန်ဘောင်တခုဖြင့် အလုပ်လုပ်ပါက၊ တလတာ PP ကာလကိုရွေးချယ်ပါ။ အပတ်စဉ်အချိန်ဘောင်တခုဖြင့် အလုပ်လုပ်ပါက၊ တနှစ်တာ သို့မဟုတ် ပိုမိုရှည်လျားသော ကာလကို ရွေးချယ်ပါ။ (P) level ကို မတူညီသောအရောင်ဖြင့် အမှတ်အသားပြုရန်လည်း အကြံပေးလိုပါသည်။ အထက်ပါဇယားတွင် ကျွန်ုပ်သည် အမဲရောင်ကို ရွေးချယ်ခဲ့ပါသည်။ ထိုအချက်သည် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် Pivot တန်ဖိုးသည် အချက်ပြမှုများစွာကို တပြိုင်နက်ထုတ်လွှတ်ပေးသောကြောင့် ဖြစ်ပါသည်။
၎င်းသည် များသောအားဖြင့် အားကောင်းသော resistance သို့မဟုတ် support level တွင် တည်ရှိပါသည်။
(P) သည် လမ်းကြောင်း၏ ဦးတည်ရာကို ဆုံးဖြတ်ရာတွင် ကူညီပေးပါသည်။ အကယ်၍ ဈေးနှုန်းသည် ထိုအဆင့်ကို ဖြတ်သန်းသွားပါက၊ လမ်းကြောင်းသည် ဆန့်ကျင်ဘက်ဖြစ်ရန်အတွက် အလားအလာ မြင့်မားပါသည်။
အကယ်၍ ကုန်သွယ်ပစ္စည်း၏ ဈေးနှုန်းသည် အနက်ရောင်အမှတ်အသား၏ အထက်တွင်ရှိပါက၊ ဈေးကွက်သည် အတက်ဘက်သို့ အလေးသာပါသည်။ အပြန်အလှန်အားဖြင့် ဈေးနှုန်းသည် အနက်ရောင်အမှတ်အသား၏ အောက်တွင်ရှိပါက၊ ဈေးကွက်သည် အကျဘက်သို့ အလေးသာပါသည်။
PP indicator တွင်လည်း support (S) and resistance (R) မျဉ်းများ ရှိကြပါသည်။ Fibonacci Pivot Points များတွင် တဖက်စီမှ အဆိုပါမျဉ်းသုံးကြောင်းစီ ရှိပါသည်။ ၎င်းတို့သည် support and resistance level ဧရိယာများကို ဖော်ပြပါသည်။ ယခု၊ ၎င်းတို့၏ ဂုဏ်သတ္တိများအကြောင်းကို ရှင်းလင်းပါမည်။
Indicator မျဉ်းကို ဖြတ်ပြီး အနောက်သို့ပြန်လှည့်သော ဈေးနှုန်းသည် support မှ resistance သို့မဟုတ် resistance မှ support ဖြစ်လာသော အခါများတွင် ဆန့်ကျင်ဘက် အကျိုးကို ရရှိပါသည်။
ဈေးနှုန်းသည် တတိယမြောက် support သို့မဟုတ် resistance မျဉ်းကို ကျော်လွန်သွားပါက ဈေးကွက်အတွင်း ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား လွန်ကဲသော အခြေအနေများ အသီးသီး ပေါ်ပေါက်ပါမည်။ ထို့နောက် အနည်းဆုံးအားဖြင့် ကျွန်ုပ်တို့သည် တတိယ level သို့ ဈေးနှုန်းခြေရာခံ၍လိုက်ပါခြင်းကို တွေ့မြင်ရနိုင်ပါသည်။
အရေးပါသည့် ဈေးတန်းများ တခုအပေါ်တခု ထပ်၍နေခြင်း၊ ထပ်တူကျခြင်း သို့မဟုတ် တခုနှင့်တခု နီးကပ်နေခြင်းများ စသော အခြေအနေများတွင် ၎င်းတို့၏ အကျိုးသက်ရောက်မှုသည် ပို၍ အားကောင်းလာပါသည်။
အထက်ပါဇယားသည် ဂုဏ်သတ္တိသုံးမျိုးကို တပြိုင်တည်း ပြသပါသည်။
ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုအား အနီရောင်ဘဲဥပုံဖြင့် ပြသထားပါသည်။ ဈေးနှုန်းသည် Pivot မျဉ်းအား မချိုးဖောက်နိုင်ခဲ့သောကြောင့် ၎င်းသည် support အဖြစ်အလုပ်လုပ်ပါသည်။ ထို့နောက် ဈေးနှုန်းသည် အထက်မှဖြတ်ကျော်ခဲ့ပြီး၊ နောက်ပြန်ဆုတ်ရန်ကြိုးပမ်းပါသည်။ (P) သည် ထိုနေရာ၌ resistance မျဉ်းတခုဖြစ်လာပါသည်။
အစိမ်းရောင် ဘဲဥပုံသည် တတိယမျဉ်း၏အနောက်သို့ ဈေးနှုန်းမည်မျှ ကျော်လွန်မည်ကို ပြသသော နမူနာတခုအား အမှတ်အသားပြုပါသည်။ ကုန်သည်အနေဖြင့် ရွှေ၏ ဝယ်လိုအားလွန်ကဲခြင်းအတွက် အချက်ပြမှုတခုကို ရရှိခဲ့ပြီး၊ အကျဈေးဖြင့် ဝယ်ယူ၍ လျှင်မြန်စွာ အမြတ်ရယူရန် scalping နည်းဗျူဟာကို အသုံးပြုနိုင်ပါသည်။
အပြာရောင် ဘဲဥပုံသည် support and resistance level များစွာတို့၏ ထပ်လျက်ရှိခြင်းကို ပြသပါသည်။ S3 မျဉ်း၊ လက်ရှိအနိမ့်ဆုံးပွိုင့်များ၏ အရေးပါသောဈေးတန်းများနှင့် Fibonacci indicator တို့ ထပ်တူကျနေပါသည်။ ၎င်းအခြေအနေသည် 1,690 မှ 1,650 USD ကြားတွင် ပိုမိုကောင်းမွန်သော ထောက်ပံ့မှုအရည်အသွေးကို ညွှန်ပြနေပါသည်။
မျက်နှာပြင်ကို ဖြတ်၍ ရေးဆွဲထားသော အနက်ရောင်ရှိသည့် နှစ်ပတ်လည် ကာလရှည် Pivot မျဉ်းကိုလည်း ကျွန်ုပ်တို့ မြင်တွေ့နိုင်ပါသည်။ ဈေးနှုန်းသည် အဓိကအားဖြင့် ထိုမျဉ်း၏အောက်တွင်သာ ရှိပါသည်။ ထို့ကြောင့် ဈေးကွက်သည် ကျဆင်းရန်အတွက် အလေးသာနေပါသည်။ အောက်တိုဘာလစဉ်ဇယားတွင်လည်း အလားတူပင် ဖြစ်ပါသည်။ ဈေးနှုန်းသည် ထိုဈေးတန်း၏ အောက်တွင် ရှိသည်။ အရေးပါသောဈေးတန်းအား ဖြတ်ကျော်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ပါ။ ယာယီပြင်ဆင်မှုလမ်းကြောင်းသည် ရှေ့ဆက်ရန် အလားအလာများပါသည်။
စိတ်ပိုင်းဆိုင်ရာဈေးနှုန်းပွိုင့်များ
ဤအကြောင်းအရာမှာ နားလည်သဘောပေါက်ရန် လွယ်ကူပါသည်။ သို့သော် အာရုံစိုက်သင့်သော အကြောင်းအရာတခုလည်း ဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာဈေးနှုန်းပွိုင့်များသည် ကုန်သွယ်ရေးပစ္စည်း အမျိုးအစားတိုင်းအတွက် အရေးကြီးပါသည်။ ဝယ်သူများသည် ကိန်းပြည့်များကို ကြောက်ရွံ့တတ်ကြသည် ကို သိရှိကြပြီးသည့်နောက် ဈေးကွက်ရှာဖွေရေး မန်နေဂျာများသည် ဤကိရိယာအား ရှေးယခင်ကပင် စတင်အသုံးချခဲ့ကြသည်။ ဝယ်သူများသည် 100 USD ဖြင့်ဝယ်ယူရန် ဝန်လေး၍ 99.99 USD ပေး၍ ဝယ်ယူရခြင်းအပေါ် ဝန်မလေးတတ်ကြပေ။ ကုန်သွယ်ရေးတွင်လည်း ထို့အတူပင်ဖြစ်သည်။
ဈေးကွက်ပါဝင်သူများ၏ အပြုအမူအရ EURUSD အတွဲအတွက် စိတ်ပိုင်းဆိုင်ရာဈေးနှုန်းပွိုင့်များကို အကဲဖြတ်ကြည့်ကြပါစို့။
1.60 USD ဈေးနှုန်းသည် ဤအတွဲ၏ ကာလတလျှောက်အမြင့်ဆုံး ဈေးနှုန်းဖြစ်သည်။ ATH များသည် များသောအားဖြင့် ကာလရှည်ကြာ ဈေးနှုန်းတိုးတက်မှုတခု၏ နောက်ဆုံးတွင် ကုန်သည်များ ချိုးဖောက်ရန် မစွမ်းသာသော ဈေးနှုန်းတခုဖြစ်ပြီး ကိန်းပြည့်များသာ ဖြစ်လေ့ရှိသည်။ ဇယားပေါ်တွင် 1.60 ဈေးတန်းအား ဖောက်ထွက်ရန် ကြိုးပမ်းမှု နှစ်ကြိမ်ကို တွေ့မြင်ရသည်။ ဒုတိယအကြိမ်ကြိုးပမ်းမှု အပြီးတွင် ဝယ်သူမှလက်လျှော့ကာ အမြတ်များကို စတင်သိမ်းဆည်းပါသည်။
မကြာခဏဆိုသလိုပင် ကိန်းပြည့်များသည် ရုတ်တရက်ဈေးနှုန်းကျဆင်းခြင်းများနှင့် နီးစပ်သော ဧရိယာအတွင်း အထောက်အပံ့ပြုလုပ်ပေးလေ့ရှိသည်။ သို့ရာတွင် ကိန်းပြည့်ဈေးတန်းနှစ်ခု၏ အလယ်အမှတ်သည်လည်း စိတ်ပညာအရ ကျွန်ုပ်တို့အတွက် အရေးပါလေ့ရှိသည်။ ကျွန်ုပ်တို့၏ ဥပမာတွင် အလယ်အမှတ်သည် 1.25 USD ဖြစ်ပါသည်။ ဤနေရာတွင် ရိုးရှင်းသော အကြောင်းပြချက်တခု ရှိပါသည်။ 1.20 သည် အလွန်နိမ့်သော ဈေးနှုန်းဟု ထင်မြင်ရပါသည်။ ဈေးသက်သာသော နှုန်းထားတွင် အချိန်မှီ ဝယ်ယူရန်အတွက် ကုန်သည်များစွာတို့သည် ပိုမြင့်သောဈေးတန်းတွင် အကြိုအော်ဒါများကို သတ်မှတ်လေ့ရှိသည်။ ကုန်သည်များသည် 1.2 နှင့် 1.3 အကြားရှိ အလယ်ပွိုင့်အား အလိုအလျောက် မျက်စိကျနှင့်ပြီး ဖြစ်လေ့ရှိသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့သည် မိမိစိတ်ကျေနပ်သော ခန့်မှန်းချက်တခုကို 1.25 ဝန်းကျင်တွင် ရရှိလေ့ရှိသည်။
အားကောင်းသော နောက်ဆုတ်ခြင်းများ၏ နောက်တွင် အားကောင်းသောကျဆင်းမှုတခု လိုက်ပါလေ့ ရှိသည်။ ဤသည်ကိုသိရှိထားကြသော ကုန်သည်များသည် ၎င်းတို့၏ နောက်ထပ်ပစ်မှတ်ကို အစီအစဉ်ချမှတ်ကြသည်။ ကာလတလျှောက် အမြင့်ဆုံးတန်ဖိုးဖြစ်သော 1.60 သည် ကုန်သည်များကို ဆွဲဆောင်လိမ့်မည်ကို ၎င်းတို့သိနှင့်ကြပြီးဖြစ်သည်။ ထို့ကြောင့် resistance level မရောက်ရှိမှီတွင် ၎င်းတို့၏ အမြတ်များကို လျှင်မြန်စွာ သိမ်းဆည်းကြသည်။ ဇယားပေါ်တွင် တွေ့မြင်ရသည့်အတိုင်း တစုံတဦးသည် 1.55 USD သို့ရောက်ရှိသည်အထိ စောင့်ဆိုင်းရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ပါဝင်သူအများစုသည် မိမိနောက်ဆုံးဖြစ်မည်ကို ကြောက်ရွံ့ကြသောကြောင့် စောနိုင်သမျှအစောဆုံး 1.50 USD ဈေးတန်းတွင် အရောင်းများ စတင်အသင့်ပြင်ကြပြီဖြစ်သည်။
1.20 USD တန်ဖိုးသည်လည်း support level များအကြားတွင် အခြားသော ကိန်းပြည့်ဥပမာတခုပင်ဖြစ်သည်။ ဝယ်သူ၏ အားနည်းချက်သည် ယခင်ဈေးတန်းဖြစ်သော 1 တွင် ထင်ရှားစပြုလာသည်။ ရောင်းချသူအများစုသည် ပို၍ စိတ်ဓာတ်တက်ကြွလာကြပြီး၊ 1.25 ဝန်းကျင်တွင် အမြတ်များကို သိမ်းဆည်းရန် စီစဉ်ကြသည်။ သို့ရာတွင် ဈေးကွက်၏ အီနားရှား(ဖြစ်မြဲတိုင်းဖြစ်သော) သဘောတရားအရ ဝယ်သူများသည် ဈေးကွက်ရွေ့လျားမှုအား 1.25 ဝန်းကျင်၌သာ ရပ်တန့်စေရန် စီမံနိုင်ခဲ့သည်။ ရောင်းသူများသည် ထိုဈေးတန်း၏အောက်တွင် ရောင်းချရန် ကြောက်လန့်ခဲ့ကြသည်။ နောက်ဆုံးတွင် မျဉ်းကြောင်း 4 ပေါ်မှ ဈေးနှုန်းသည် ဝယ်သူများအတွက် အဝင်ပွိုင့် အသစ်တခု ဖြစ်လာခဲ့သည်။
ဈေးနှုန်းသည် တတိယမြောက်လှိုင်းအပြီးတွင် 1.5 ဈေးတန်းအား ပြန်လည်ထိတွေ့ခဲ့သည်။ ထိုဈေးတန်းအား ရောင်းလိုအားများပြားသော ဇုန်အဖြစ် အမှတ်အသားပြုထားပြီးဖြစ်ရာ၊ ဝယ်သူအများစုသည် ထိုဈေးတန်းသို့ မရောက်မှီတွင် ရောင်းချရန်စီစဉ်ကြသည်။ ဝယ်သူ တယောက်ချင်းမှ ရလာဒ်ညီမျှစေရန် ထပ်မံကြိုးပမ်းကြပြီးသည့်နောက် အမြင့်ဆုံးအဆင့်သည် တစထက်တစ ပို၍ နိမ့်ဆင်းလာခဲ့သည်။ ထိုအခြေအနေသည် အရေးကြီးသော ကျဆင်းရန် အချက်ပြမှုတခုပင်ဖြစ်သည်။ ဝယ်ယူသူများ အပြည့်အဝ လက်လျှော့သွားကြပြီးသည့်နောက် 1.40 သည် အမြင့်ဆုံးဈေးတန်းတခု ဖြစ်လာခဲ့သည်။ ထို့နောက်တွင် EURUSD နှုန်းထားသည် စိတ်ပိုင်းဆိုင်ရာ resistance level သို့ မရောက်ရှိသလောက်ပင် ရှိပါသည်။ တချိန်တည်းမှာပင် ဈေးကွက်ပါဝင်သူ အများစုသည် အဝယ်များ၏ အားနည်းခြင်းကို သတိပြုမိကြပြီး၊ ဈေးနှုန်းသည် ထပ်မံတိုးတက်ခြင်း မရှိတော့ပါ။
ဈေးနှုန်းတခု အမှန်တကယ် ရောက်ရှိရန် ခဲယဉ်းသော စိတ်ပိုင်းဆိုင်ရာ ဈေးတန်းများ ရှိပါသည်။ သို့သော် ကာလရှည်တခုတွင် ၎င်းတို့၏ အကျိုးသက်ရောက်မှုကို မြင်နိုင်ပါသည်။ EURUSD အတွက် ထိုဈေးတန်းသည် ညီမျှသောတန်ဖိုးဖြစ်ပါသည်(1 USD = 1EUR ကိုဆိုလိုပါသည်)။ နှစ်ပေါင်းများစွာ ကုန်သွယ်ရေး ကာလတလျှောက်တွင် ဈေးကွက်ပါဝင်သူများသည် ၎င်းတို့၏ ပြုမူဆောင်ရွက်သမျှတွင် EUR သည် USD ထက် အမြဲတစေမြင့်မားသည်ဟူသော အယူအဆဖြင့်သာ ဆုံးဖြတ်ကြသည်။ ထို့ကြောင့် တန်းတူညီမျှသော 1=1 အဆင့်သို့ ရောက်ရှိရန် သဲလွန်စတိုင်းသည် အားကောင်းသော အဝယ်လှုပ်ရှားမှုများကို လှုံ့ဆော်လေ့ရှိသည်။ ဇယားတွင် အကြံပြုထားသည့်အတိုင်း၊ စျေးနှုန်းစမ်းသပ်မှုများသည် ထိုတန်ဖိုးသို့ မရောက်မှီ နောက်သို့ပြန်လှည့်သွားကြသည်။ ဤနေရာတွင် စိတ်ပိုင်းဆိုင်ရာဈေးတန်းနှင့် ဈေးနှုန်းကြားမှ အကွာအဝေးကို ထင်ရှားစွာ မြင်နိုင်ပါသည်။ ဈေးနှုန်းကွာဟမှု တဖြည်းဖြည်းလျော့နည်းလာသည်။ ၎င်းသည် ဆက်တိုက်ရောင်းချနေသော ဖိအားကိုဖော်ပြသည့် ကျဆင်းရန် အချက်ပြသော အရိပ်အယောင်တစ်ခုဖြစ်သည်။ အကယ်၍ အခြေအနေပြောင်းလဲခြင်း မရှိလျှင် ဝယ်သူသည် နောက်ဆုံးတွင် ထိုစျေးနှုန်းဖြင့် အသားကျသွားမည်ဖြစ်ပြီး၊ 1EUR = 1USD ဈေးနှုန်းသည် ကုန်သည်များအတွက် ထိုအတွဲအား အလောတကြီးဝယ်ယူရန် တွန်းအားပေးသော တန်ဖိုးတခုဆက်၍ဖြစ်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ပို၍နိမ့်သော ဈေးနှုန်းတခု အသားကျလာသည်နှင့်အမျှ support အဖြစ်အသုံးပြုသော စိတ်ပိုင်းဆိုင်ရာ level များသည် resistance အဖြစ် စတင်အလုပ်လုပ်လိမ့်မည် ဖြစ်ပါသည်။ အထက်ပါဇယားမှ မျဉ်း 2 နှင့် 4 တို့သည် ထိုအချက်ကို သက်သေပြခဲ့ပါသည်။ EURUSD သည် 1.25 မှ 1.20ကြားတွင် တင်းနစ်ဘောလုံးကဲ့သို့ မျက်နှာပြင်တဖက်မှတဖက်သို့ ကူးချည်သန်းချည် လှုပ်ရှားနေနိုင် ပါသည်။ အဆိုပါနေ့များတွင် ဈေးနှုန်းသည် resistance level များသို့ မချဉ်းကပ်မှီ စမ်းသပ်ကျဆင်း နိုင်ပါသည်။
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
Stock Support and Resistance Levels။ ၎င်းတို့အား မည်သို့ကုန်သွယ်ရမည်နည်း။
စတော့ကုန်သွယ်ရေးတွင် support and resistance level များကို အသုံးပြုခြင်းသည် အနည်းငယ် ခက်ခဲနိုင်ပါသည်။
ကာလရှည်တွင် စတော့ဈေးကွက်သည် အထက်သို့သာ တိုးတက်သည်။ ထို့ကြောင့် စတော့ဈေးကွက်တွင် ခြေရာခံအဆင့်များနှင့် ဖောက်ထွက်မှုများကို ကုန်သွယ်ခြင်းက ရေပန်းစားပါသည်။
Forex ဈေးကွက်နှင့် မတူညီစွာ၊ စတော့ဈေးကွက်သည် အရေးပါသောဈေးတန်းများကို ဖောက်ထွက်ကာ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် ဆန့်ကျင်ဘက်သို့ ရွေ့လျားသော ငွေဖြစ်လွယ်မှုနည်းပါးသည့် စတော့များကိုလည်း ပံ့ပိုးပေးပါသည်။ Support and Resistance ကုန်သွယ်ရေးဘောင်များကို ငွေဖြစ်လွယ်မှုမြင့်မားသော စတော့ကုန်သွယ်ရေးတွင်သာ အသုံးပြုသင့်သည်ဟု ကျွန်ုပ်အနေဖြင့် အကြံပြုလိုပါသည်။ အဆိုပါ စတော့များတွင် စတော့အညွှန်းကိန်းများ ပါဝင်ပါသည်။
US စတော့ဈေးကွက်သည် ကမ္ဘာ့အလုပ်အများဆုံး ဈေးကွက်ဖြစ်သည်။ ထိုဈေးကွက်တွင် ထိပ်တန်းစတော့များကို ကုန်သွယ်မည်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ level များနှင့် ရွေ့အားရှိသော ဈေးတန်းများကို အထူးဂရုပြုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကုန်သည်များနှင့် ကုန်သွယ်ရေးအယ်လ်ဂိုရီသမ်အများစုသည် အဆိုပါအဆင့်များကို ထည့်သွင်းစဉ်းစားလေ့ ရှိကြသောကြောင့်ဖြစ်သည်။
အထက်ပါဇယားသည် support and resistance level များပါဝင်သော Alibaba Group ၏ စတော့ဇယားကို ပြသထားခြင်း ဖြစ်ပါသည်။ အပြာရောင်မျဉ်းများသည် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးများကို အမှတ်အသားပြုပါသည်။ အနီရောင်ရောင်စဉ်သည် လက်ရှိအမြင့်ဆုံးတန်ဖိုးဖြစ်သည်။ အစိမ်းရောင်အစက်အပြောက်ဖြင့် ပြသထားသော လမ်းကြောင်းမျဉ်းများသည် ခန့်မှန်းချက်အရ dynamic support and resistance မျဉ်းဖြစ်ပါသည်။ အစိမ်းရောင်စက်ဝိုင်းများသည် နောက်ပြန်ဆုတ်ခြင်းများ၏ အမှတ်အသားဖြစ်သည်။ အနီရောင်စက်ဝိုင်းများ သည် resistance ဖောက်ထွက်မှုများဖြစ်သည်။
ကျေးဇူးပြု၍ အထက်ပါဇယားကို စေ့စပ်စွာ ကြည့်ရှုပါ။ ဈေးနှုန်းသည် အရေးပါသောဈေးတန်းတခုအား ဖောက်ထွက်သည့်အခါတိုင်းတွင်၊ support မှ နောက်ပြန်လှည့်ခြင်းများ၏ အနောက်၌ ပြင်းထန်အားကောင်းသော ဈေးနှုန်းရွေ့လျားမှုတခု လိုက်ပါလေ့ရှ်ိသည်။ စတော့ကုန်သွယ်ရေးတွင် အရေးပါသည့်ဈေးတန်းများကို အသုံးပြုခြင်းသည် သင်၏ ကုန်သွယ်မှုအရည်အသွေးကို တိုးတက်စေသည့်အပြင်၊ သင်၏ကုန်သွယ်ရေးအား ပိုမို ဘေးကင်းစေပါသည်။
အနှစ်ချုပ်
Support and Resistance ၏ အရေးပါမှု
ဤဆောင်းပါးတွင် ဖော်ပြပါရှိသော ဥပမာများနှင့် အဓိကမှတ်သားဖွယ်ရာများသည် သင့်အား support and resistance ကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ ဘဝင်ကျစေလိမ့်မည်ဟု ကျွန်ုပ်အနေဖြင့် မျှော်လင့်မိပါသည်။ ဤကုန်သွယ်ရေးနည်းစနစ်အား လက်ခံကျင့်သုံးခြင်းအားဖြင့် သင်၏ ကုန်သွယ်ရေးနည်းဗျူဟာကို ပိုမိုကောင်းမွန်စေမည်ဖြစ်ပြီး၊ ဈေးကွက်ကို ပိုမိုသဘောပေါက်နားလည်နိုင်မည့်အပြင် ဈေးကွက်၏ အနေအထား နှင့် ဈေးကွက်တိုးတက်မှုအလားအလာများကိုပါ ရှုမြင်နိုင်မည်ဖြစ်ပါသည်။ ဤဆောင်းပါးကို အစအဆုံး ဖတ်ရှုပြီးသော အခါတွင်၊ သင်သည် အောက်ပါတို့ကို ရရှိပါလိမ့်မည်။
အရေးပါသော ဈေးတန်းများ ဖြစ်ပေါ်လာပုံကို ရှာဖွေတွေ့ရှိခြင်း။
ရေပြင်ညီနှင့် ရွေ့အားရှိသော dynamic support မျဉ်းများအကြောင်းကို လေ့လာသိရှိခြင်း။
Support and Resistance မျဉ်းများကို မှန်ကန်စွာရေးဆွဲနည်းအား တွေ့ရှိခြင်း။
MT4/MT5 နှင့် LiteFinance အွန်လိုင်းပလက်ဖောင်းတို့တွင် Support and Resistance ဇုန်များကို မည်သို့ဆုံးဖြတ်ရာမည်ကို သိရှိခြင်း။
ရွှေဈေးနှုန်းဇယားတွင် Support and Resistance ကုန်သွယ်ရေးဈေးတန်းများ၏ အဓိက indicator များကို အကဲဖြတ်ခြင်း။
လက်တွေ့ ဥပမာတခုကို အသုံးပြု၍ စိတ်ပိုင်းဆိုင်ရာ ဈေးတန်းများကို ရှာဖွေခြင်း။
စတော့ဈေးကွက်အတွင်း Support and Resistance ဇုန်များကို အကဲဖြတ်ခြင်း။
အကယ်၍သင်သည် စတင်လေ့လာသူတဦးဖြစ်ပါက၊ အောက်ပါအတိုင်း အကြုံပြုလိုပါသည်။
ဤဆောင်းပါးကို မှတ်သားသိမ်းဆည်းထားပါ။
LiteFinance အွန်လိုင်းပလက်ဖောင်းတွင် ကလစ်နှစ်ချက်နှိပ်ယုံဖြင့် ဒီမိုအကောင့်တခုကို ဖွင့်ပါ။
ဤဆောင်းပါးထံပြန်လာ၍ ဖတ်ရှုပါ။ ခေါင်းစဉ်တခုချင်းမှ သင်ခန်းစာများအား သင်ကိုယ်တိုင် လက်တွေ့လေ့ကျင့်ပါ။
အခပေးရသော ကုန်သွယ်ရေးအချက်ပြမှုများပါဝင်သည့် ချန်နယ်လ်များနှင့် အွန်လိုင်းသင်တန်းများ မှ နှုတ်ထွက်ပါ။ သင့်အနေဖြင့် အရာအားလုံးကို အခမဲ့ ရှာဖွေနိုင်ပါသည်။
သင်၏ကိုယ်ပိုင် ကုန်သွယ်ရေးအတွေ့အကြုံကို ရယူပါ။ အတွေ့အကြုံကို ငွေဖြင့်ဝယ်ယူ၍ မရနိုင်ပါ။ သင့်ကိုယ်သင် ယုံကြည်စိတ်ချမှုအပြည့်ရှိသည်ဟု ခံစားရသည့်အခါတွင် ငွေကြေးအစစ် ဖြင့် အသုံးပြုရသော အကောင့်တခုကို ဖွင့်ပါ။ လွယ်ကူစွာ အဆုံးရှုံးခံနိုင်လောက်သော ငွေကြေးပမာဏ ကိုသာ စွန့်စားမှုပြုပါ။
ကုန်သည်အသစ်တဦးသည် စွန့်စားမှုမြင့်မားသော နည်းဗျူဟာများကို ရှောင်ရှား၍ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းစည်းမျဉ်းများကို တင်းကြပ်စွာ လိုက်နာသင့်သည်ကို သတိပြုပါ။
ကုန်သည်အားလုံး ကံကောင်းခြင်းများနှင့် အမြတ်အစွန်းများ ရရှိကြပါစေဟု ဆုတောင်းပေးလိုက်ပါသည်။
Support and Resistance FAQ
၎င်းတို့သည် တစိတ်တပိုင်းသော ဈေးကွက်ပါဝင်သူများ၏ စိတ်ဝင်စားမှုကို ရရှိထားသည်ဟု ယုံကြည်နိုင်လောက်သော ကုန်သွယ်ပစ္စည်းတခု၏ ဈေးနှုန်းကို ကိုယ်စားပြုပါသည်။ Support level များတွင် ဈေးကွက်အား ယခင်ဦးတည်ရာအတိုင်း ဆက်လက်ရွေ့လျားစေပြီး၊ ကုန်ပစ္စည်းအပေါ် ဝယ်လိုအားများ တိုးတက်စေသော ဈေးနှုန်းတခု ပါဝင်ပါသည်။ Resistance level များတွင် ဈေးကွက်အား ဆန့်ကျင်ဘက်သို့ စတင်ရွေ့လျားစေပြီး၊ ရောင်းလိုအား တိုးတက်စေသော ဈေးနှုန်းတခု ပါဝင်ပါသည်။
Support သည် ကုန်သွယ်ရေးပစ္စည်းတခု၏ ဈေးနှုန်းကို ဆုံးဖြတ်ပေးပါသည်။ ထိုဈေးနှုန်းသည် ကုန်သည်များအား ယခင်လမ်းကြောင်းကို ထောက်ပံ့ပေးရန် တွန်းအားပေးပါသည်။ Support မျဉ်းတကြောင်းသည် ဇယားပေါ်တွင် ထောက်ပံ့မှုကို အမှတ်အသားပြုသော ဂရပ်ဖစ်ရုပ်ဝထ္ထုတခု ဖြစ်သည်။ အရောင်း၊ အဝယ်ဖိအားများသည် အောက်ပါနည်းလမ်းအားဖြင့် Support and resistance level များအပေါ်တွင် ပြင်းထန်စွာ အကျိုးသက်ရောက်စေပါသည်။
Support။ ။အကယ်၍ အားကောင်းသော အဝယ်ဖိအားတခုရှိနေပါက၊ ဈေးနှုန်းသည် support level တခုကို ချိုးဖြတ်၍ ဆက်လက်မြင့်တက်သွားနိုင်ပါသည်။ အခြားတဖက်တွင် အားပျော့သော အဝယ်ဖိအားတခုရှိနေပါက ဈေးနှုန်းသည် support level အား ဖြတ်ကျော်ရန် ခက်ခဲစွာကြိုးပမ်းပြီး ယာယီအားဖြင့် ကျဆင်းနိုင်ပါသည်။
Resistance။ ။အကယ်၍ အားကောင်းသော အရောင်းဖိအားတခုရှိနေပါက၊ ဈေးနှုန်းသည် resistance level အား ဖြတ်ကျော်ရန် ခက်ခဲစွာကြိုးပမ်းပြီး ယာယီအားဖြင့် ကျဆင်းနိုင်ပါသည်။ တဖက်တွင် အားပျော့သော အရောင်းဖိအားတခုရှိနေပါက၊ ဈေးနှုန်းသည် resistance level တခုကို ချိုးဖြတ်၍ ဆက်လက်မြင့်တက်သွားနိုင်ပါသည်။
Support and Resistance ကုန်သွယ်ရေးဧရိယာဘောင်များသည် ပုံမှန်အားဖြင့် ရောင်းလိုအား သို့မဟုတ် ဝယ်လိုအားများနှင့် အကြိုအော်ဒါများစွာကို စုစည်းပေးထားပြီး ကုန်သွယ်ရေး ပစ်မှတ်များ၊ ပျမ်းမျှခြင်းများ၊ အရှုံးကန့်သတ်ချက်များကို ထင်ဟပ်စေပါသည်။ ၎င်းကို သိရှိထားသော အခြားဈေးကွက်ပါဝင်သူများသည် support and resistance တန်ဖိုးများကို အသုံးပြု၍ ဈေးကွက်အခြေအနေ၊ အလေးသာမှုနှင့် အနာဂါတ်ရွေ့လျားမှု လှိုင်းများကို ခန့်မှန်းကြသည်။ ထိုသတင်းအချက်အလက်အပေါ်အခြေခံကာ ၎င်းတို့၏ ကုန်သွယ်ရေး အစီအစဉ်ကို တည်ဆောက်ကြသည်။ Support and Resistance level ကိုခွဲခြား သတ်မှတ်နိုင်သော နည်းလမ်းများစွာရှိပါသည် – ၎င်းတို့မှာ လမ်းကြောင်းမျဉ်းများ၊ ပျမ်းမျှရွေ့လျားမှုများ၊ ယခင် အမြင့်ဆုံး/အနိမ့်ဆုံးဈေးတန်းများ စသည်တို့ ဖြစ်ကြသည်။ သို့ရာတွင် ဆုံးဖြတ်ချက်များမပြုမှီ သတိပြုအပ်သည့် အချက်တခုမှာ အဆိုပါ level များသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပြီး၊ မတူညီသော ကုန်သွယ်ကိရိယာများအတွက် support and resistance level များစွာ တည်ရှိနိုင်သည် ဟူသောအချက်ပင် ဖြစ်ပါသည်။
Support and Resistance level များကို ခွဲခြားရန်အတွက် အသုံးအများဆုံးနည်းလမ်းမှာ ထိပ်ဖျားများနှင့် အောက်ဖျားများကို ခွဲခြမ်းစိတ်ဖြာရန်ဖြစ်သည်။ Moving averages များ၊ Fibonacci အချိုးများ၊ Pivot Points များ၊ လမ်းကြောင်းခွဲခြမ်းစိတ်ဖြာမှုများသည်လည်း support and resistance ဇုန်များကို သတ်မှတ်နိုင်ရန် ကူညီပေးပါသည်။
တရားဝင်အားဖြင့် ဈေးနှုန်းသည် support level အား အထက်မှ ဖြတ်သန်းသွားသောအခါတွင် ဖြစ်သည်။ လက်တွေ့တွင်မူ ဈေးနှုန်းသည် မျဉ်းကြောင်းအား ဖြတ်သန်းသွားပြီး၊ အချိန်တိုအတွင်း နောက်ပြန်ဆုတ်နိုင်ပါသည်။ ၎င်းကို “မှားယွင်းအချက်ပြမှု”ဟု ခေါ်ပါသည်။ ဈေးနှုန်းသည် အမှန်တကယ် ဖောက်ထွက်ခြင်းဖြစ်ကြောင်း သေချာစေရန်၊ ဈေးနှုန်းအခြေကျချိန်ကိုစောင့်ပါ။ လက်ရှိနှင့် နောက်လာမည့် candlestick ဈေးနှုန်းသည် တိုးတက်လာသော ကုန်သွယ်မှုပမာဏ များအကြား ဖောက်ထွက်လာသော level ၏ အောက်ခြေတွင် ပိတ်သိမ်းပါက ဈေးနှုန်းအခြေကျပြီ ဟု ယူဆနိုင်ပါသည်။
စည်းမျဉ်းတိုင်းတွင် ခြွင်းချက်ရှိစမြဲသာ ဖြစ်ပါသည်။ Support and Resistance ဇုန်များ သို့မဟုတ် ယခင်လုပ်ဆောင်ချက်များသည် အောမြင်သော ကုန်သွယ်ရေးအား 100% အာမ မခံနိုင်ပါ။ သို့ရာတွင် ၎င်းသည် ဈေးကွက်စိတ်ပညာကို ခွဲခြမ်းစိတ်ဖြာရန်၊ ခန့်မှန်းချက်ပြုလုပ်ရန်နှင့် ကုန်သွယ်ရေး အစီအစဉ်တခုဖွဲ့စည်းရန် အရိုးရှင်းဆုံး နည်းလမ်းများမှ တခုပင်ဖြစ်သည်။ ဤနည်းလမ်းကို လိုက်နာကာ လက်တွေ့လုပ်ဆောင်ကြသော ကုန်သည်များစွာရှိကြပြီး၊ လက်တွေ့တွင် ပိုမိုထိရောက်မှုရှိသည်ကို တွေ့ရပါသည်။ မည်သို့ပင်ဖြစ်စေ ဤ indicator၏ အကျိုးအာနိသင်ကို တိုးတက်စေရန် အရှုံးကန့်သတ်ချက်များ၊ ဇယားပုံစံများ၊ ပျမ်းမျှရွေ့လျားမှုများ စသဖြင့် အခြားသော နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ကိရိယာများဖြင့် တွဲဖက်၍ အသုံးချသင့်ပါသည်။
တနာရီအချိန်ဘောင်ထက် ပိုမိုတိုတောင်းခြင်းမရှိသော အချိန်ဘောင်တခုသည် ကုန်သွယ်ရေး အကွာအဝေးများအတွက် သင့်လျော်ပါသည်။ တိုတောင်းသော အချိန်ဘောင်များအတွက် ကုန်သွယ်ရေး အယ်လ်ဂိုရီသမ်များနှင့် ရိုဘော့များကို အသုံးပြုသင့်သည်။ သင်ခွဲခြမ်းစိတ်ဖြာသော အချိန်ဘောင်မှာ ရှည်လျားလေလေ၊ ၎င်းသည် ပို၍ ယုံကြည်စိတ်ချရလေ ဖြစ်ပါသည်။ စလယ်ဆုံး ခွဲခြမ်းစိတ်ဖြာမှုကိုလည်း လျစ်လျူမရှုသင့်ပါ။ ကုန်သွယ်ရေးပစ္စည်းတခုအတွက် အချိန်ဘောင် များစွာကို အကဲဖြတ်ခြင်းသည် ယေဘုယျဈေးကွက်ရုပ်ပုံကို ပိုမိုပြည့်စုံစေပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။


















































