ကုန်သွယ်ရေးသည် ဆုံးရှုံးနိုင်ခြေ တစိတ်တဒေသကို အစဉ်အမြဲ သယ်ဆောင်ထားပါသည်။ ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် အရောင်းအဝယ်လုပ်ငန်းစဉ်များကို မကြုံစဖူးလျင်မြန်သောအမြန်နှုန်းဖြင့် ဆောင်ရွက်ကြသည်နှင့်အမျှ ဆုံးရှုံးနိုင်သောအန္တရာယ်များလည်း ပို၍တိုးတက်လာခဲ့ပါသည်။ မျက်မှောက်ကာလတွင်၊ ကုန်သွယ်ရေးလှုပ်ရှားမှုအများဆုံးနှင့် တက်ကြွမှုအရှိဆုံးဈေးကွက်များမှတခုမှာ Forex(နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်) ဖြစ်ပြီး၊ နေ့စဉ်ကုန်သွယ်မှုပမာဏမှာ 6.6 ထရီလီယံဒေါ်လာအထိပင် ရှိပါသည်။ ၎င်းမှကမ်းလှမ်းသော အကျိုးအမြတ်အလားအလာများမှာ မြင့်မားသော်လည်း၊ ဤဈေးကွက်တွင် အလွန်ကြီးမားသော ဆုံးရှုံးမှုအလားအလာများလည်း ပါဝင်နေပါသည်။ ကျွန်ုပ်တို့၏ လမ်းညွှန်ချက်သည် Forex ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း၏ ပြည့်စုံသော အသေးစိတ်ရှင်းပြချက်တရပ်ကို ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ ဤလမ်းညွှန်ဆောင်းပါးတွင် ကုန်သွယ်ရေးဆိုင်ရာဆုံးရှုံးမှုအလားအလာများကို တိုင်းတာအကဲဖြတ်ခြင်းနည်းလမ်းများ၏ ရှင်းလင်းဖော်ပြချက်များ၊ ဆုံးရှုံးနိုင်ခြေနှင့် စွန့်စားမှုအချိုး (risk/reward ratio)ကို ကောင်းမွန်စွာချိန်ညှိနိုင်စေမည့် နည်းဗျူဟာများ၏ အကြမ်းဖျဉ်းအစီအစဉ်များ ပါဝင်ပါသည်။ ဤနည်းဗျူဟာများကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့်၊ ကုန်သည်များသည် Forex ကုန်သွယ်ရေးတွင် ၎င်းတို့၏ ဆုံးရှုံးမှုပမာဏများကို လျော့ချနိုင်မည်ဖြစ်ပြီး၊ အောင်မြင်မှုအခွင့်အရေးများကို တိုးမြှင့်နိုင်မည် ဖြစ်ပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
ကုန်သွယ်ရေးစိတ်ပညာဆိုသည်မှာ အဘယ်နည်း။
တစုံတဦး၏ ကုန်သွယ်ရေးစိတ်ပညာကို တိုးတက်စေရန်ကြိုးပမ်းရခြင်းသည် စိန်ခေါ်မှုတရပ်ဖြစ်သော်လည်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် မည်သည့်ကုန်သည်အတွက်မဆို ၎င်းတို့၏ ကုန်သွယ်ရေး ချဉ်းကပ်မှု နည်းလမ်းများနှင့် စုစုပေါင်းအမြတ်ရှာဖွေနိုင်စွမ်းကို မြှင့်တင်ရန် ပြိုင်ဘက်ကင်းသော အားထုတ်မှု တရပ်ဖြစ်ပါသည်။ အောင်မြင်သောကုန်သည်တဦး၏ ကုန်သွယ်ရေးစိတ်ပညာကို မြှင့်တင်ပေးနိုင်သော နည်းလမ်းအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ သတိရှိမှု - ကုန်သွယ်မှု မပြုလုပ်မီ၊ ပြုလုပ်ဆဲနှင့် ပြုလုပ်ပြီးအချိန်များတွင် လူကြီးမင်း၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ကိုယ်တိုင်သတိပြုမိနေရန် အရေးကြီးပါသည်။ သင်၏ အတွေးများနှင့် စိတ်ခံစားချက်များကို နားလည်သိရှိစေရန် အချိန်ယူပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် patterns များ သို့မဟုတ် သင်၏ ကုန်သွယ်ရေးစိတ်ပညာအပေါ် သက်ရောက်မှုရှိသော လှုံ့ဆော်မှုများကို ခွဲခြားဆုံးဖြတ်နိုင်ရန် အကူအညီပေးပါလိမ့်မည်။
၂။ စည်းကမ်း - အောင်မြင်သောကုန်သွယ်ရေးစိတ်ပညာ၏ အရေးအကြီးဆုံးရှုထောင့်များမှတခုမှာ စည်းကမ်းပင်ဖြစ်သည်။ သင်၏ကုန်သွယ်ရေးကိုထိန်းကျောင်းပေးသော စည်းမျဉ်းစည်းကမ်းအစီအစဥ်နှင့် လမ်းညွှန်ချက်များကို ကြိုတင်ချမှတ်ထားခြင်းနှင့် ၎င်းတို့အား လေးစားလိုက်နာခြင်းသည် အလောတကြီး သို့မဟုတ် စိတ်ခံစားချက်လွှမ်းမိုးမှုဖြင့် ကုန်သွယ်မှုပြုလုပ်မိခြင်းများကို ရှောင်ရှားနိုင်စေပါသည်။
၃။ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း - တိကျသေချာသော ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းနည်းလမ်းသည် လူကြီးမင်း၏ စိတ်သဘောတွင် အရှုံးများ၏သက်ရောက်မှုကို ကန့်သတ်ဟန့်တားနိုင်ပြီး၊ လူကြီးမင်း၏ ရင်းနှီးမြှုပ်နှံငွေကို အသိဉာဏ်ရှိစွာ ခွဲဝေနေရာချထားခြင်းသည် ကုန်သွယ်ရေး၏ အနှုတ်သဘောဆောင်သော စိတ်ခံစားမှုဆိုင်ရာ သက်ရောက်မှုများကို လျှော့ချပေးနိုင်ပါသည်။
၄။ ပညာရေး - တဦးတယောက်၏ ကုန်သွယ်ရေးဆိုင်ရာကျွမ်းကျင်မှုကို အားဖြည့်မြှင့်တင်ခြင်းသည် ယုံကြည်ချက်ကို တည်ဆောက်ရန် ကူညီပေးပြီး၊ ကုန်သည်များ၏ ကြောက်စိတ် သို့မဟုတ် လောဘကဲ့သို့ အနှုတ်သဘောဆောင်သော စိတ်ခံစားမှုများ၏ သက်ရောက်မှုများကို လျော့နည်းစေပါသည်။ စဉ်ဆက်မပြတ်သင်ယူခြင်းအပါအဝင် ဈေးကွက်၏လမ်းကြောင်းများနှင့် သတင်းများအပေါ် မျက်ခြေမပြတ်ခြင်းသည် လူကြီးမင်း၏ကုန်သွယ်ရေးစိတ်ပညာကို တိုးတက်စေရန် အကူအညီပေးပါလိမ့်မည်။
၅။စိတ်တည်ငြိမ်စေသောနည်းလမ်းများ - တရားထိုင်ခြင်း သို့မဟုတ် ကောင်းမွန်သောအရာများကို တစိုက်မတ်မတ်ပုံဖော်မှန်းဆခြင်း(visualization)အစရှိသည့် စိတ်တည်ငြိမ်စေသောနည်းလမ်းများသည် စိတ်ဖိစီးမှုများကို လျော့ပါးစေပြီး၊ လူကြီးမင်း၏ စိတ်ခံစားချက်ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါသည်။
ကုန်သွယ်ရေးအပေါ် မည်သည့်အရာက လွှမ်းမိုးသက်ရောက် ပါသနည်း။
ကုန်သွယ်ရေးအပေါ် လွှမ်းမိုးသက်ရောက်သော အကြောင်းအရာများစွာ ရှိသည်မှာ အမှန်ဖြစ်ပါသည်။ သို့သော် ဤဆောင်းပါးတွင် အခြေခံအကျဆုံးအချက်များကို လေ့လာတင်ပြထားပါသည်။
ကြောက်စိတ်
ကြောက်စိတ်ဆိုသည်မှာ အန္တရာယ်တစုံတရာ၏ အငွေ့အသက်ကို ခံစားမိသောအခါတွင် သဘာဝအလျောက်ထွက်ပေါ်လာသော တုံ့ပြန်မှုတခုဖြစ်ပါသည်။ ကုန်သွယ်ရေးတွင် အန္တရာယ်အငွေ့အသက်သည် - သတင်းဆိုးများ၊ အလားအလာမကောင်းသော ကုန်သွယ်မှုများ၊ ရင်းနှီးမြှုပ်နှံငွေဆုံးရှုံးမည်ကို ကြောက်ရွံ့သောစိတ် စသဖြင့် - ပုံစံမျိုးစံဖြင့်တည်ရှိနိုင်ပါသည်။ ကုန်သည်များသည် ကြောက်စိတ်ကြောင့် လွန်ကဲစွာတုံ့ပြန်ပြုမူမိပြီး၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ငွေဖော်ရောင်းချကြလေ့ရှိသည်။ သို့သော် ခိုင်မာသောကုန်သွယ်ရေးအတွေးအခေါ်သည် ကြောက်စိတ်၏ ညွှန်ကြားချက်နောက်သို့ လိုက်နာဆောင်ရွက်လေ့မရှိပါ။ ဤပြဿနာအတွက် ကုစားမှုမှာ ကုန်သည်များသည် ၎င်းတို့၏ ကြောက်စိတ်များကို နားလည်သဘောပေါက်ရန်၊ ပြဿနာများကို ခွဲခြားအဖြေရှာရန်နှင့် ငွေကြေးဆုံးရှုံးမည်ကို ကြောက်ရွံ့သောစိတ်၏ ခြိမ်းခြောက်ဟန့်တားမှုကို လျစ်လျူရှူကာ အမြတ်အစွန်းများဖန်တီးခြင်းအပေါ်တွင်သာ အာရုံစူးစိုက်ထားရန် ဖြစ်ပါသည်။
လောဘ
ထူးကဲပိုလျှံသော အမြတ်အစွန်းများကို လိုချင်တပ်မက်သောအခါတွင် လောဘစိတ်ဖြစ်ပေါ်လာရပေသည်။ စတော့ဈေးကွက်သည် တညအတွင်းချမ်းသာသွားစေနိုင်သော ကံတရားမျိုးကို မပေးစွမ်းပါ။ လောဘစိတ်၏နောက်သို့လိုက်ပါခြင်းဖြင့် အောင်မြင်မှုအခွင့်အရေးများ ပျက်စီးဆုံးရှုံးရနိုင်ပါသည်။ မိမိကိုယ်မိမိကာကွယ်ရန်အတွက်၊ ကုန်သွယ်မှုတခုကိုမဖွင့်မီတွင် ကြိုတင်ဆုံးဖြတ်ထားသော အမြတ်အကန့်အသတ် levels များကို သတ်မှတ်ပါ။ ကောင်းမွန်သောကုန်သွယ်ရေးစိတ်ပညာတွင် သင့်တော်သောအမြတ်အစွန်းများကို နှစ်သိမ့်ကျေနပ်ခြင်းနှင့် သဘာဝမကျသော အမြတ်အစွန်းများကို ရှောင်ရှားခြင်းလည်း ပါဝင်ပါသည်။
ဘက်လိုက်မှု(တဖက်စောင်းနင်းစိတ်)
ဘက်လိုက်စိတ်(တဖက်စောင်းနင်းယုံကြည်စိတ်)သည် စိတ်အားထက်သန်သော ကုန်သည်တဦး၏ အပြုအမူနှင့် ကုန်သွယ်ရေးအပြုအမူအပေါ် ကြီးလေးစွာ လွှမ်းမိုးသက်ရောက်နိုင်ပါသည်။ အကယ်၍ ကုန်သည်တဦးသည် စတော့အမျိုးအစားတခု သို့မဟုတ် ဈေးကွက်တခုအပေါ် ဘက်လိုက်သောသဘောထားရှိနေပါက၊ ထိုစိတ်အခြေအနေသည် ကုန်သည်၏ အမှားအမှန်ဆုံးဖြတ်မှုကို မမျှမတဖြစ်စေနိုင်ပြီး၊ အလောတကြီး ဆုံးဖြတ်မိခြင်းများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုဖြစ်ရပ်မျိုးတွင်၊ ဘက်လိုက်စိတ်(တဖက်စောင်းနင်းအတွေးအခေါ်) ရှိသောကုန်သည်များသည် ဈေးကွက်လမ်းကြောင်းများနှင့် ဆန့်ကျင်ကာ အရှုံးပေါ်သောကုန်သွယ်မှုများကို ကြာရှည်စွာဖွင့်လှစ်ထားမိခြင်း သို့မဟုတ် အရေးကြီးသောဈေးကွက်သတင်းများကို အမှတ်မထင် လျစ်လျူရှုမိခြင်းမျိုးကို လုပ်ဆောင်မိနိုင်ပါသည်။ ထိုသို့သော မှားယွင်းလုပ်ဆောင်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် မိမိ၏ ဘက်လိုက်သော အတွေးအမြင်များကို ကိုယ်တိုင်သတိပြုမိပြီး အချက်အလက်အပေါ် အခြေခံသည့် ဆင်ခြင်တုံတရားရှိသော ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်ပါသည်။
ရုတ်တရက်အလျင်စလို ဆုံးဖြတ်ချက်များ
စျေးကွက်လမ်းကြောင်းများနှင့် အရေးကြီးသော သတင်းအချက်အလက်များကို ချင့်ချိန်တွက်ဆခြင်း သို့မဟုတ် သေချာစွာပိုင်းခြားစိတ်ဖြာခြင်းမရှိပဲ အလျင်စလို ဆုံးဖြတ်ချက်ချခြင်းသည် အလောသုံးဆယ် ရောင်းဝယ်မှုများနှင့် ဆုံးရှုံးမှုများကို ဖြစ်စေနိုင်ပါသည်။ အချို့သောကုန်သည်များသည် တိကျသေချာသော ဆန်းစစ်ချက်မရှိပဲ ဆုံးဖြတ်ချက်များကို အလျင်စလိုချမှတ်လေ့ရှိပြီး၊ ထိုသို့ဖြင့် ၎င်းတို့၏ ပန်းတိုင်များနှင့် ကိုက်ညီမှုမရှိသော ကျိုးကြောင်းမဆီလျော်သည့် ရွေးချယ်မှုများကို ပြုလုပ်မိတတ်ပါသည်။ မလိုလားသော အကျိုးဆက်များကို ကြိုတင်ကာကွယ်ရန်အလို့ငှာ၊ ကုန်သည်များသည် မိမိကိုယ်ကိုထိန်းချုပ်ခြင်း၊ လေးနက်တည်ကြည်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ အမူအကျင့်များကို မွေးမြူသင့်ပြီး၊ ဆင်ခြင်တုံတရားနှင့် ယုတ္တိဗေဒအပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာတခုကို တက်ကြွစွာ လိုက်နာကျင့်သုံးသင့်ပါသည်။
မိမိအမှားကိုငြင်းဆိုခြင်း
မိမိ၏အမှားကို မျက်လုံးစုံပိတ်ငြင်းဆန်ခြင်းထက်၊ ချက်ချင်းလက်ခံပြင်ဆင်ခြင်းက ပို၍ကောင်းပါသည်။ မိမိ၏အမှားကို မျက်စိမှတ်ငြင်းဆိုခြင်းအားဖြင့် မအောင်မြင်သော အရောင်းအဝယ်များကို တသီတတန်း ဆက်တိုက်လုပ်ဆောင်မိနိုင်ပါသည်။ သင်ပြုလုပ်မိသော အမှားများအပေါ်အခြေခံ၍ သင်၏ကုန်သွယ်မှုဗျူဟာကို ပြင်ဆင်ချိန်ညှိနိုင်ပါသည်။ ထိုသို့သော ခေါင်းမာမှုမျိုးသည် မှန်ကန်စွာဆုံးဖြတ်နိုင်စွမ်းကို ချို့ယွင်းစေပြီး၊ ကုန်သည်၏ အောင်မြင်မှုရရှိနိုင်သော အခွင့်အရေးကို တားဆီးပိတ်ပင်နိုင်ပါသည်။ ဤအလားအလာကို လျှော့ချရန်၊ ကုန်သည်များအနေဖြင့် အတိတ်မှကုန်သွယ်မှုများကို ပြန်လည်တွေးတောဆင်ခြင်ပြီး၊ အမှားများကို ခွဲခြားသုံးသပ်ကာ၊ ၎င်းတို့၏ ကုန်သွယ်မှုဗျူဟာများကို မြှင့်တင်ရန် လိုအပ်သော ပြင်ဆင်ချိန်ညှိမှုများကို ပြုလုပ်သင့်ပါသည်။ အောင်မြင်သော ကုန်သွယ်မှုဗျူဟာများအတွက် လေ့လာသင်ယူနိုင်စွမ်းနှင့် လက်ခံပြောင်းလဲနိုင်စွမ်းသည် အထူးအရေးကြီးပါသည်။
ဆုံးရှုံးမှုများကို လက်သင့်မခံနိုင်ခြင်း
ဆုံးရှုံးသောကုန်သွယ်မှုရလာဒ်များကို လက်ခံနိုင်စွမ်းမရှိကြသော ကုန်သည်များသည် ဈေးကွက် အလှည့်အပြောင်းတခု ကို မျှော်လင့်ကာ ကုန်သွယ်မှုများကို ကြာမြင့်စွာ ဆက်လက်ဖွင့်လှစ်ထားလေ့ရှိသည်။ ဤငြင်းကွယ်မှုသည် ပို၍ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေတတ်ပြီး၊ ကုန်သည်၏ ဘဏ္ဍာရေးအခြေအနေကိုသာမက စိတ်ကျန်းမာရေးအခြေအနေ ကိုပါ ထိခိုက်ပျက်ပြားစေနိုင်ပါသည်။ ထို့အပြင် အရှုံးများကို အသိအမှတ်ပြုလက်ခံလိုစိတ်မရှိသော ကုန်သည်များသည် အရှုံးပေါ်နေသော အရောင်းအဝယ်တခု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတခုအပေါ် အကောင်းမြင်မှုလွန်ကဲတတ်ကြကာ၊ ရလာဒ်အနေဖြင့် ၎င်းတို့၏ရည်မှန်းချက်များကိုပြည့်မြောက်ရန်အတွက် ပိုမိုနှောင့်နှေးကြန့်ကြာစေသော ဆုံးဖြတ်ချက်များကို ပြုလုပ်မိတတ်ကြသည်။ ထိုသို့သော အဟန့်အတားများကို ရှောင်ရှားရန်၊ ကုန်သည်များသည် မိမိတို့၏ ကုန်သွယ်မှုရလာဒ်များကို လက်သင့်ခံပြီး၊ အရှုံးပေါ်နေသော ကုန်သွယ်မှုများကို လက်လျှော့ရပါမည်။ ထို့နောက် ၎င်းတို့၏ ကုန်သွယ်မှုများအတွက် ပိုမိုတိကျပြတ်သားသော လုပ်ဆောင်ချက်အစီအစဉ်တခုကို စနစ်တကျအသစ်ဖန်တီးရပါမည်။
စိတ်ခံစားချက်လွှမ်းမိုးသော ကုန်သွယ်ရေးကို ရှောင်ရှားရန် အကြံပြုချက် ၇ ချက်
လူကြီးမင်း သိရှိခဲ့ပြီးဖြစ်သည့်အတိုင်း၊ စိတ်ခံစားချက်များသည် ကုန်သည်၏ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်ကို ကြီးမားစွာ အနှောက်အယှက်ပေးပါသည်။ သို့သော် အောက်ပါ အကြံပြုချက်များကို လိုက်နာခြင်းဖြင့် စိတ်ခံစားချက်လွှမ်းမိုးသော ကုန်သွယ်ရေးကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
မိမိပင်ကိုယ်စရိုက်ကို ဆန်းစစ်မှုပြုလုပ်ပါ
မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ခြင်းသည် အောင်မြင်သော ကုန်သွယ်မှုဗျူဟာကို တည်ဆောက်ခြင်း၏ မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ခြင်းဆိုသည်မှာ သင့်ကိုယ်ပိုင်စရိုက်လက္ခဏာ၏ အားသာချက်၊ အားနည်းချက်များကို နားလည်သဘောပေါက်ခြင်း၊ သင်၏ ဘက်လိုက်စိတ်(အလေးသာစိတ်)များကို အရှိအတိုင်းသိမြင်ခြင်းများကို ဆိုလိုပါသည်။ မိမိအပေါ်မိမိ ရိုးသားရန်လိုအပ်ပြီး၊ အနိုင်နှင့် အရှုံးရလာဒ်များအပေါ် မိမိ၏တုံ့ပြန်ပုံ မည်သို့ရှိသည်ကို သေချာသိရှိသင့်ပါသည်။
လူကြီးမင်း၏ နည်းဗျူဟာနှင့် ရင်းနှ်ီးမြှုပ်နှံမှုအစုအဝေးကို မိမိကိုယ်ပိုင်စရိုက်၊ အကျင့်လက္ခဏာများနှင့်အညီ ချိန်ညှိရန် မဖြစ်မနေလိုအပ်ပါသည်။ ဥပမာအားဖြင့်၊ လူကြီးမင်းသည် စိုးရိမ်မှုလွန်ကဲသောသူ ဖြစ်သည်ဟု မိမိကိုယ်ကို သိရှိထားပါက၊ လူကြီးမင်းသည် စိတ်ခံစားချက်များ၏ ဖိအားအောက်တွင် မှားယွင်းသော ဆုံးဖြတ်ချက်များကို စတင်ပြုလုပ်မိနိုင်ပါသည်။ ထိုအခါ လူကြီးမင်း၏ ကာလတိုအရောင်းအဝယ်နှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် စွန့်စားမှုနည်းပါးပြီး ပိုမိုတည်ငြိမ်သော အမျိုးအစားကို ရွေးချယ်သင့်ပါသည်။
ကုန်သွယ်ရေးအစီအစဉ်တခုကို ချမှတ်၍၊ အစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ပါ
နောက်တဆင့်မှာ မိမိ၏ကိုယ်ပိုင်စရိုက်လက္ခဏာများ၊ အလေးသာစိတ်များ၊ လိုအပ်ချက်များ၊ အခွင့်အရေးများ၊ ရရှိနိုင်သောကုန်သွယ်ရေးအထောက်အကူများ၊ ပန်းတိုင်များ၊ စွန့်စားမှု-အမြတ်အချိုး စသည်တို့ကို ထည့်သွင်းစဉ်းစားထားသော ရှင်းလင်းပြတ်သားသည့် အစီအစဉ်တခု ဖြစ်ပါသည်။ နေ့စဉ်နေ့တိုင်း ကုန်သွယ်မှုပြုလုပ်ရန်အတွက် အချိန်အချို့တဝက်ကိုလည်း ကြိုတင်ခွဲခြမ်း သတ်မှတ်ထားနိုင်ပါသည်။ ထို့နောက် ကိုယ်တိုင်ချမှတ်ထားသော စည်းမျဉ်းများကို ထိန်းသိမ်းကာ၊ မိမိကိုယ်ပိုင်အစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ရပါမည်။
ည်းကမ်းရှိပါ
ရှေ့တွင်ဖော်ပြခဲ့ပြီးသည့်အတိုင်း၊ အောင်မြင်မှုကို ရယူရာတွင် စည်းကမ်းသည် အဓိကအရေးပါပါသည်။ ထိရောက်မှုမြင့်မားပြီး၊ တိကျသေချာသော အစီအစဉ်တခုပင် ရှိပါသော်လည်း၊ စည်းကမ်းများကိုထိန်းသိမ်းလိုက်နာရန် ပျက်ကွက်ပါက ထိုအစီအစဉ်သည် အသုံးဝင်မည်မဟုတ်ပါ။ ထို့ကြောင့်၊ ဤအရည်အသွေးကို သင့်ထံတွင် လေ့ကျင့်မွေးမြူရန် အလွန်ပင် အရေးကြီးလှပါသည်။
အနိုင်နှင့် အရှုံးများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းခြင်း
အနိုင်နှင့် အရှုံးများအပေါ် လူကြီးမင်း၏ ရှုမြင်လက်ခံမှုပုံစံသည် လူကြီးမင်း၏ ကုန်သွယ်ရေး အတွေ့အကြုံတခုလုံး အပေါ် လွှမ်းမိုးထားမည်ဖြစ်သည်။
အရှုံးရလာဒ်များထွက်ပေါ်နေခဲ့ပြီးဖြစ်လျှင်
ကုန်သွယ်ရေးတွင်၊ ဆုံးရှုံးသောအရောင်းအဝယ်တခုအပြီး နောက်ထပ်ကုန်သွယ်မှုတခုကို အလောတကြီးစတင်ခြင်းထက်၊ ခေတ္တရပ်နားခြင်းက ပိုမိုကောင်းမွန်ပါသည်။ အရည်အချင်းပြည့်ဝ၍ အောင်မြင်သော ကုန်သည်များသည် အရှုံးများကို သင်ခန်းစာအဖြစ်အသုံးချပြီး၊ ပြန်လည်ဆင်ခြင်သုံးသပ်မှုပြုလုပ်ရန်အတွက် ၎င်းတို့၏အကောင့်များမှ ခေတ္တခနအနားယူလေ့ရှိကြသည်။ ၎င်းတို့သည် နောက်ထပ်ကုန်သွယ်မှုမပြုမီ အမှားများကို ခွဲခြမ်းစိတ်ဖြာ၍၊ ကိုယ်ပိုင်စိတ်ခံစားချက်များကို ပြန်လည်ထိန်းမတ်ကြပါသည်။
အမြတ်ရလာဒ်များထွက်ပေါ်နေခဲ့ပြီးဖြစ်လျှင်
သင်၏ ရင်းနှီးမြှုပ်နှံမှုများတန်ဖိုးတိုးတက်လာပြီး၊ အမြတ်အစွန်းများ မြင့်မားလာသည်နှင့်အမျှ၊ တည်ငြိမ်ခိုင်မာသော စိတ်နေသဘောထားကို ထိန်းသိမ်းထားရန်သည်လည်း တန်းတူညီမျှ အရေးကြီးသော ကိစ္စရပ်တခုဖြစ်ပါသည်။ အောင်မြင်မှုများဆက်တိုက်ရရှိခြင်း သို့မဟုတ် ပမာဏကြီးမားသောအမြတ်အစွန်းတခုသည် အတောမသတ်သောဆန္ဒကို ဖြစ်ပေါ်စေပြီး၊ ယခင်အောင်မြင်မှုများအတိုင်း ထပ်မံရရှိရန် မျှော်လင့်ချက်ဖြင့် နောက်ထပ်ကုန်သွယ်မှုအသစ်များကို အလျင်စလို စတင်မိစေပါသည်။ ယနေ့သည် စျေးကွက်အတွင်း သင့်အတွက် "ကံကောင်းသောနေ့" ဖြစ်သည်ဟူသော ယုံကြည်ချက်ဖြင့် ကုန်သွယ်မှုအားလုံး အောင်မြင်လိမ့်မည်ဟု ယုံကြည်ကာ ကုန်သွယ်မှုအသစ်များစွာကိုပင် တပြိုင်နက်စတင်ဖွင့်လှစ်မိနိုင်ပါသည်။ ၎င်းသည် သင့်အား မလိုအပ်သော စွန့်စားမှုများ ပြုလုပ်မိစေခြင်း သို့မဟုတ် သင်၏ရင်းနှီးမြှုပ်နှံမှုကိုခွဲဝေသတ်မှတ်ရန် သက်ဆိုင်ရာစျေးကွက်တစ်ခုစီကို သေချာစွာ ခွဲခြမ်းစိတ်ဖြာမှုမပြုပဲ ကုန်သွယ်မှုအသစ်များကို အလျင်စလို ပြုလုပ်မိခြင်းများဆီသို့ ဦးဆောင်သွားနိုင်ပါသည်။
စိတ်ရှည်သည်းခံသောအလေ့အထကို မွေးမြူပါ
သွေးပူနေသော အခိုက်အတန့်တွင်၊ ကြောက်စိတ်ကဲ့သို့သော စိတ်ခံစားမှုများဖြင့် အလောတကြီး လုပ်ဆောင်မိရန် လွယ်ကူပြီး၊ ကုန်သွယ်မှုတခုကို မလိုအပ်ပဲစောစီးစွာပိတ်သိမ်းမိကာ ရရှိနိုင်သော အမြတ်အစွန်းများကို လက်လွှတ်ရခြင်းမျိုး ဖြစ်လေ့ရှိပါသည်။ ထို့ကြောင့် သင်၏ ကိုယ်ပိုင်ခွဲခြမ်းစိတ်ဖြာမှု ရလာဒ်ကို ယုံကြည်ပြီး အေးဆေးတည်ငြိမ်စွာနှင့် စည်းကမ်းရှိရှိ ဆောင်ရွက်ရန် အရေးကြီးပါသည်။ အလားတူစွာ၊ ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်ရန် စဉ်းစားသည့်အခါတွင် ကြိုတင်တွက်ဆခြင်းမရှိပဲ စျေးကွက်သို့ အလျင်စလိုဝင်ရောက်ခြင်းထက် အကောင်းဆုံးအခွင့်အလမ်းကို စောင့်ဆိုင်းခြင်းက ပို၍သင့်တော်ပါသည်။ ဥပမာအားဖြင့် အကယ်၍ လူကြီးမင်းသည် EUR/GBP သို့မဟုတ် GBP/USD ကဲ့သို့သော GBP ပါဝင်သည့် ငွေကြေးအတွဲများတွင် ဈေးအတက်၊အကျအလိုက် အရောင်းအဝယ်ပြုလုပ်ရန် စဉ်းစားပါက၊ BoE ထုတ်ပြန်ကြေငြာချက်ပြီးသည်အထိ စောင့်ဆိုင်းသငိ့ပါသည်။ အကြောင်းမှာ၊ ထိုအချိန်အပိုင်းအခြားတွင် ဈေးကွက်အတွင်း မတည်ငြိမ်မှုမြင့်မားလေ့ရှိသောကြောင့်ဖြစ်သည်။
သင်၏ရင်းနှီးမြှုပ်နှံမှုအစုအဝေးကို ခွဲဝေနေရာချရန် မလောပါနှင့်
ဈေးကွက်သတင်းများနှင့် ဖြစ်ရပ်များကို မျက်ခြေမပြတ်စေရန် အရေးကြီးပါသည်။ သို့သော် ကုန်သွယ်မှုများစွာကို တပြိုင်နက်မဖွင့်ပါနှင့်။ စနစ်တကျခွဲတမ်းချထားသော ရင်းနှီးမြှုပ်နှံမှုအစုတခုကို တည်ဆောက်ခြင်းတွင် ကြိုးပမ်းအားထုတ်မှုနှင့် အာရုံစူးစိုက်မှုတို့ လိုအပ်ပါသည်။ ယခုမှစတင်လေ့လာသူများအတွက်၊ ၎င်းသည် အလွန်ခဲယဉ်းနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ စနစ်တကျခွဲဝေနေရာချခြင်းသည် အပြုသဘောဆောင်သော ဈေးကွက်ရွေ့လျားမှုများမှ အကျိုးခံစားခွင့်ကို ရရှိစေပါသည်။ ပိုင်ဆိုင်မှုများကို တဖြေးဖြေးချင်း ပေါင်းထည့်ပါ။ ကုန်သွယ်ရေး၏ ရှုပ်ထွေးခက်ခဲမှုဆီသို့ တဆင့်ပြီးတဆင့် ချဉ်းကပ်ပါ။
Leverage အကြောင်း သဘောပေါက်နားလည်ပါ
Leverage ဆိုသည်မှာ ကုန်သွယ်မှုများဖွင့်ရန်အတွက် အကျိုးဆောင်မှ ပံ့ပိုးပေးသော အထောက်အကူတခု ဖြစ်ပါသည်။ သင်ရင်းနှီးမြှုပ်နှံလိုက်သောငွေကြေးသည် အာမခံတစ်ခုဖြစ်ပြီး၊ ထိုအာမခံချက်အပေါ်မူတည်၍ သင်ရင်းနှီးမြှုပ်နှံထားသော ပမာဏနှင့် တူညီသောပမာဏဖြင့် ဈေးကွက်အတွင်း ဝင်ရောက်ခွင့်ကို ရရှိမည်ဖြစ်သည်။
Leverage ကို အသုံးမပြုမီ၊ ၎င်းကို ဦးစွာ လေ့လာသင်ယူရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှ ပေးစွမ်းသော အခွင့်အရေးများသည် ဆွဲဆောင်မှုရှိသော်လည်း၊ ဆုံးရှုံးနိုင်ခြေများကိုလည်း မည်သည့်အခါမှ မမေ့လျော့သင့်သောကြောင့် ဖြစ်ပါသည်။
ကုန်သွယ်မှုမှတ်တမ်းတခုထားရှိပါ
ကုန်သွယ်မှုမှတ်တမ်း(trading journal)တခုသည် သင်၏ လှုပ်ရှားမှုများကို စနစ်တကျစုစည်းပေးယုံသာမက၊ သင်၏ ကုန်သွယ်ရေးလုပ်ဆောင်ချက်များနှင့် နည်းဗျုဟာ၏ အားနည်းချက်၊ အားသာချက်များကို ဆက်လက်၍ ခွဲခြားသတ်မှတ်ပေးနိုင်ပါသည်။ အချိန်အနည်းငယ်ကြာလာသည့်အခါ၊ ဤမှတ်တမ်းကိုကြည့်၍ သင်၏စွမ်းဆောင်မှုများကို အကဲဖြတ်နိုင်မည်ဖြစ်သည်။ သင်၏ကုန်သွယ်မှုများ၊ ရည်မှန်းချက်များ၊ အတွေးအခေါ်များနှင့် မည်သည့်ဘဏ္ဍာရေးဆိုင်ရာ မှန်းဆချက်များအပေါ်တွင်မဆို သင်၏ထင်မြင်ယူဆချက်များကို ရေးသားမှတ်တမ်းတင်ပါ။
လိုက်လျောညီထွေရှိပါစေ
ဈေးကွက်ဖြစ်ရပ်များသည် ကြိုတင်မှန်းဆမရပါ။ အမြဲတစေ အောင်မြင်မှုရရှိစေသော နည်းဗျူဟာဟူ၍လည်း မရှိပါ။ ထို့ကြောင့် ဈေးကွက်နှင့် လိုက်လျောညီထွေလုပ်ဆောင်ရန် လိုအပ်ပါသည်။ တခါတရံတွင်၊ လက်ရှိအခိုက်အတန့်မှ အကျိုးအမြတ်ရရှိရန်အတွက် သင်၏ပုံမှန်နည်းဗျူဟာကို အပြောင်းအလဲပြုလုပ်ရနိုင်ပါသည်။ စတော့ဈေးကွက်သဘောထားသည် သင့်အလိုကိုလိုက်၍ ပြောင်းလဲမည်မဟုတ်ပါ။ ထို့ကြောင့် ကုန်သွယ်ရေးဆုံးဖြတ်ချက်များပြုလုပ်ရာတွင် သင့်ဘက်မှ လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။
အနှစ်ချုပ်
စတော့ဈေးကွက်ပေါ်တွင် ကုန်သွယ်ခြင်းသည် ရှုပ်ထွေးသော လုပ်ငန်းစဉ်တရပ်ဖြစ်ပြီး၊ အောင်မြင်မှုသည် ကုန်သည်၏ ဘဏ္ဍာရေးဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးအပေါ်မူတည်သည်ဟု ယုံကြည်ထားကြပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ခိုင်မာသောကုန်သွယ်ရေးစိတ်ဓာတ်နှင့် စိတ်ခံစားချက်များ ကို ထိန်းချုပ် စီမံနိုင်စွမ်း သည်လည်း ထပ်တူထပ်မျှ အရေးကြီးပါသည်။ အကယ်၍ တစုံတဦး၏ ခိုင်မာသော ကုန်သွယ်ရေး စိတ်ဓာတ်သည် ကြောက်ရွံ့မှု၊ လောဘ၊ မိမိအမှားကို လက်မခံလိုခြင်း အစရှိသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုအောက်သို့ ကျရောက်သွားပါက၊ ထိုသူ၏ ကုန်သွယ်မှုအလုပ်အကိုင်တွင် အခက်အခဲများ ပြည့်နှက်နေပါလိမ့်မည်။ ထို့ကြောင့် စိတ်ခံစားချက်များထိန်းချုပ်ခြင်းနည်းလမ်းများတွင် ကျွမ်းကျင်ပိုင်နိုင်ခြင်း သည် တဦးတယောက်၏ ကုန်သွယ်ရေးစိတ်ပညာကို မြင့်မားစွာ မြှင့်တင်ပေးနိုင်ပါသည်။
ကုန်သွယ်ရေးစိတ်ပညာအမေး၊အဖြေများ
နိုင်ငံခြားငွေလဲလှယ်ရေး ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုသည်မှာ သင်၏ အရှုံးများကို လျော့နည်းစေပြီး၊ စွန့်စားမှု-အမြတ်အချိုးကို မြှင့်တင်နိုင်ရန် ခွင့်ပြုပေးသော လုပ်ဆောင်ချက်များ၊ အလေ့အထများနှင့် ကုန်သွယ်မှုအသိပညာများကို စုစည်းအသုံးပြုခြင်းဖြစ်ပါသည်။ ဤအခြေခံကျသော ကုန်သွယ်ရေးစည်းမျဉ်းနှင့် အရည်အချင်းသည် ဈေးကွက်၏ မြင့်မားသောမတည်ငြိမ်မှုကို သက်သာလျော့ပါးစေပြီး၊ တည်ငြိမ်သောအမြတ်အစွန်းများကို ရရှိစေပါသည်။ Forex ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၏ သဘောတရားများနှင့် Forex ကုန်သွယ်ရေးဆိုင်ရာ ပြည်တွင်းဥပဒေများကို သိနားလည်ခြင်းသည် ဆုံးရှုံးသောရလာဒ်များကို လျှော့ချပေးပြီး၊ ငွေကြေးအတွဲများနှင့်စပ်လျဉ်း၍ ပိုမိုကောင်းမွန်သော ကုန်သွယ်ရေးအခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ပေးပါသည်။
အတွေ့အကြုံရင့်ကျက်သော ကုန်သည်များသည် stop loss အော်ဒါများနှင့် အခြားဘဏ္ဍာရေး အထောက်အကူများကို အသုံးပြု၍ အများဆုံး 1% စွန့်စားမှုကို ကန့်သတ်ထားရန် အကြံပြုကြပါသည်။ ဆိုလိုသည်မှာ အကယ်၍ လူကြီးမင်း၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် $10,000 ရှိပါက၊ စွန့်စားမှုသည် $100 ထက် မကျော်လွန်သင့်ပေ။ အကယ်၍ စွန့်စားမှုအချိုး ပို၍မြင့်မားပါက၊ ဆက်တိုက် ဆုံးရှုံးမှုများနောက်တွင် အရင်းအနှီးအားလုံးကို ဆုံးရှုံးလိုက်ရသော အလားအလာမျိုးကို တိုးပွားစေပါသည်။ Forex ကုန်သွယ်ရေး ဆုံးရှုံးနိုင်ခြေများကို လျော့ပါးသက်သာစေရန်အတွက် stop loss အော်ဒါများကို တွဲဖက်အသုံးပြုခြင်း၊ နိမ့်ပါးသော leverage ကိုအသုံးပြုခြင်း၊ ဥပဒေစနစ် အကြောင်း လေ့လာဆန်းစစ်ခြင်းများအပြင်၊ လူကြီးမင်း၏ ကုန်သွယ်မှုဟန်ပန်၊ ဘဏ္ဍာရေးအနေအထား၊ ရည်မှန်းချက်များဖြင့် ကိုက်ညီသည့် ခိုင်မာသော ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများကို ရေးဆွဲချမှတ်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်ကြောင်း အကြံပြုအပ်ပါသည်။
Forex ကုန်သွယ်ရေးကို စတင်ခြင်းသည် တဦးတယောက်စီ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရည်မှန်းချက်များနှင့် တတ်နိုင်သောပမာဏအပေါ်တွင် မူတည်ပါသည်။ ပုံမှန်ကုန်သွယ်ရေးအကောင့်တခုကိုဖွင့်ရန် 100:1 leverage ဖြင့် $1000 လိုအပ်ပါသည်။ အသေးစားကုန်သွယ်ရေးအကောင့်များ (mini-trading accounts) များကို 400:1 leverage ဖြင့် $250 ဖြင့်ပင် ဖွင့်လှစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ leverage ကို အသုံးပြုရာတွင် သတိရှိသင့်ပြီး၊ ခိုင်မာသော ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အစီအစဉ်တခုကို လိုအပ်ပါသည်။
Forex အချက်ပြမှုများသည် ကုန်သည်များအား အောင်မြင်သောကုန်သွယ်မှုများဆီသို့ လမ်းပြပေးကာ၊ အတွေ့အကြုံနုနယ်သော စတင်လေ့လာသူများသာမက၊ အတွေ့အကြုံပြည့်ဝသော ရင်းနှီးမြှုပ်နှံသူများ အတွက်ပါ အကျိုးကျေးဇူးရှိစေပါသည်။ စတင်လေ့လာသူများသည် ကုန်သွယ်ရေးအတွေ့အကြုံ ရရှိနိုင်ကြပြီး၊ အတွေ့အကြုံပြည့်ဝသောကုန်သည်များသည် ၎င်းတို့အား ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုဗျူဟာတခု တွင် ထည့်သွင်းအသုံးချနိုင်ပါသည်။ သို့သော်၊ အလိမ်အညာများ များပြားစွာပေါ်ထွက်နေသောကြောင့်၊ ယုံကြည်စိတ်ချရသော Forex အချက်ပြမှုပံ့ပိုးပေးသူ (signal provider) ကို ရှာဖွေရခြင်းသည် ကုန်သည်အများစုအတွက် စိန်ခေါ်မှုတရပ်ဖြစ်နိုင်ပါသည်။
ဈေးကွက်သည် ဆောင်းပါးများ၊ ဗီဒီယိုများ၊ အင်တာနက်ဆွေးနွေးပွဲများနှင့် သင်တန်းများပါဝင်သော ပညာပေးအရင်းအမြစ်များစွာနှင့်အတူ ငွေကြေးရှာဖွေရန်အတွက် များပြားလှသော အခွင့်အရေးများကို ကမ်းလှမ်းပါသည်။ အဆိုပါအရင်းအမြစ်များသည် Forex ကုန်သွယ်ရေးနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းဆိုင်ရာ သတင်းအချက်အလက်များကို ပံ့ပိုးပေးပါသည်။
Forex ကုန်သွယ်ရေး ဆုံးရှုံးနိုင်ခြေများ (risks) တွင် ဈေးကွက်၊ liquidity၊ အတိုးနှုန်းများ၊ တိုင်းပြည်ရေးရာနှင့် ငွေအရင်းအနှီးဆုံးရှုံးခြင်းအန္တရာယ်များ ပါဝင်ပါသည်။ ၎င်းတို့သည် ခွဲခြမ်းစိတ်ဖြာမှု၊ မမျှော်လင့်ထားသော ဖြစ်ရပ်များနှင့် လူသားအမှားများမှ တဆင့်ပေါ်ပေါက်လာနိုင်ပါသည်။ ၎င်းတို့ကို လျှော့ချ၍ အောင်မြင်မှုကို တိုးမြှင့်နိုင်ရန် ရင်းနှီးမြှုပ်နှံသူများသည် ခိုင်မာသောနည်းဗျူဟာနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအစီအစဉ်တခုကို လိုအပ်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။














