CFDs နှင့် futures contracts များသည် ရေပန်းစားသော ငွေကြေးဆိုင်ရာ derivatives အမျိုးအစားနှစ်ခု ဖြစ်ပါသည်။ ၎င်းတို့တွင် တူညီသော စရိုက်လက္ခဏာများစွာ ရှိကြသော်လည်း၊ ၎င်းတို့သည် မတူညီသော ဘဏ္ဍာရေးထုတ်ကုန်နှစ်ခုသာ ဖြစ်ပါသည်။
ဤဆောင်းပါးသည် futures နှင့် CFDs များအကြား ခြားနားချက်၊ ၎င်းတို့၏ အဓိကအင်္ဂါရပ်များ၊ အားသာချက်များနှင့် အားနည်းချက်များကို လေ့လာမည်ဖြစ်ပြီး အသင့်လျော်ဆုံးသော ရင်းနှီးမြုပ်နှံမှုပုံစံကို ရွေးချယ်ကာ ငွေကြေးဈေးကွက်တွင် အောင်မြင်မှုရရှိစေရန်အတွက် ဤဆောင်းပါးတွင် ဖော်ပြပါမည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Futures Contract ဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့အား မည်သို့ကုန်သွယ်ရမည်နည်း။
- Futures Contracts အမျိုးအစားများ
- Futures ကုန်သွယ်ရေးနှင့် မာဂျင်လိုအပ်ချက်များ
- CFD ဆိုသည်မှာ အဘယ်နည်း။ ၎င်းကို မည်ကဲ့သို့ ကုန်သွယ်ရမည်နည်း။
- CFD ကုန်သွယ်မှုတခု၏ ဥပမာ
- CFD နှင့် Futures Contracts များကြား နှိုင်းယှဉ်ချက်
- အနှစ်ချုပ်
- Futures contracts ဆိုင်ရာ အမေးများသော မေးခွန်းများ
Futures Contract ဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့အား မည်သို့ကုန်သွယ်ရမည်နည်း။
Futures contract တခုသည် အဖွဲ့နှစ်ခု သို့မဟုတ် အဖွဲ့များစွာကြား ပိုင်ဆိုင်မှုတခုအား တိကျသော ဈေးနှုန်းတခုဖြင့် ဝယ်ယူရန် (အဝယ်ကုန်သွယ်မှုဖွင့်ရန်) သို့မဟုတ် ရောင်းချရန် (အရောင်းကုန်သွယ်မှုဖွင့်ရန်) အတွက် အရောင်းအဝယ်သဘောတူညီချက် ဖြစ်ပါသည်။ ဝယ်ယူသူသည် အရင်းခံပိုင်ဆိုင်မှုပစ္စည်းအား စာချုပ်သက်တမ်းကုန်ချိန်တွင် ဝယ်ယူရန် အာမခံရပါမည်။ ရောင်းချသူသည် ဝယ်သူအား သတ်မှတ်ထားသော အနာဂါတ်ရက်စွဲတွင် သဘောတူညီထားသော ပိုင်ဆိုင်မှုကို ပံ့ပိုးပေးရန် တာဝန်ရှိပါသည်။
Futures contracts များတွင် များသောအားဖြင့် အောက်ပါငွေကြေးဈေးကွက် အမျိုးမျိုး ပါဝင်ကြပါသည်။
နိုင်ငံတကာငွေကြေးများ
အညွှန်းကိန်းများ
ကုန်စည်များ
စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ
စွမ်းအင်
သတ္တုများ (တွင်းထွက်နှင့် စက်မှု)
Forex ငွေကြေးအတွဲများ
Bond futures များ
Futures contract ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုဘဏ်များမှအပ အဓိကရင်းနှီးမြှုပ်နှံသူ အမျိုးအစားနှစ်မျိုး ပါဝင်ပါသည်။
ဈေးနှုန်းခန့်မှန်းကြသူများ။ ၎င်းတို့သည် မြင့်မားသော စွန့်စားမှုနှင့်အတူ အားသာမှုရှိသော ဈေးနှုန်းရွေ့လျားမှုများမှ အကျိုးအမြတ်ရရှိရန် ကြိုးပမ်းကြပါသည်။ ဤကုန်သည်များသည် အနာဂါတ်တွင် ဈေးနှုန်းများ တိုးတက်လာရန် မျှော်လင့်ချက်ဖြင့် ဝယ်ယူကြပြီး၊ ဈေးနှုန်းကျဆင်းသော အခိုက်အတန့်ကို မျှောမှန်း၍ ရောင်းချကြပါသည်။ ဈေးနှုန်းခန့်မှန်းသူများ သည် ဈေးကွက်အတွင်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြပါသည် - ၎င်းတို့သည် ငွေကြေးဈေးကွက်၏ ငွေဖြစ်လွယ်မှု ကို ထိန်းသိမ်းပေးပါသည်။
Hedgers။ ၎င်းတို့သည် ကုန်စည်တခုကို စာရင်းအရ ဝယ်ယူလိုကြသည် သို့မဟုတ် ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် ဈေးနှုန်းခန့်မှန်းသူများနှင့် ဆန့်ကျင်ဘက်အဖြစ် ကိုယ်တိုင်အကာအကွယ် ရယူရန် futures ကုန်သွယ်ရေးကို အသုံးပြုကြပါသည်။ ၎င်းတို့သည် ငွေကြေးဈေးကွက်အတွင်း နောက်ပိုင်းတွင် ၎င်းတို့မှ ဝယ်ယူ၊ ရောင်းချလိုသည့် ပိုင်ဆိုင်မှုတခုအတွက် အားသာမှုရှိသော ဈေးနှုန်းတခုကို ပျိုးထောင်ရန်အလို့ငှာ အရောင်း၊ အဝယ်ပြုလုပ်ကြခြင်း ဖြစ်ပါသည်။
အရင်းခံပိုင်ဆိုင်မှု တခုတည်းအပေါ် အခြေခံသော futures contract တခုသည် ကုန်သွယ်ရေးပစ္စည်းအား ယနေ့ကြိုတင်သတ်မှတ်လိုက်သော ဈေးနှုန်းဖြင့် အနာဂါတ်တွင် ဝယ်ယူ/ရောင်းချရန် ခွင့်ပြုပေးကာ၊ ငွေဖြစ်လွယ်ရန် အလွယ်ကူဆုံး ငွေကြေးကိရိယာများမှ တခုဖြစ်ပါသည်။
Futures ကုန်သွယ်ရေးကို အဓိကအားဖြင့် မြင့်မားသောဆုံးရှုံးနိုင်ခြေများမှ အကာအကွယ် ရယူရန်နှင့် ဒုတိယအားဖြင့် ဈေးနှုန်းခန့်မှန်းခြင်းအတွက် အသုံးပြုကြပါသည်။
ပိတ်သိမ်းပြီးသော ကုန်သွယ်ရေးအချိန်ပိုင်း တခုစီတိုင်းတွင် အိတ်ချိန်းသည် အစီရင်ခံစာများကို ထုတ်ပြန်ပါသည်။ ၎င်းတို့မှတဆင့် အိတ်ချိန်း၏ ပင်ကိုယ်လှုပ်ရှားမှုများကို ဆန်းစစ်နိုင်ပါသည်။ Forward ၏ အဓိပ္ပါယ်မှာ စာချုပ်အား ကြိုတင်ဆုံးဖြတ်ထားသော အနာဂါတ်ရက်စွဲတွင်၊ ကြိုတင်ဆုံးဖြတ်ထားသော ဈေးနှုန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါသည်။ သင်မြင်တွေ့ရသကဲ့သို့ပင် futures ကုန်သွယ်ရေးသည် futures ဈေးကွက်၏ ပါဝင်သူတိုင်းအတွက် သင့်တော်အဆင်ပြေကာ၊ အကျိုးဖြစ်ထွန်းစေပါသည်။
Futures ၏ အင်္ဂါရပ်များ
(နိုင်ငံတကာငွေကြေးများ၊ ရေနံအမျိုးအစားအမျိုးမျိုး၊ စတော့အညွှန်းကိန်း များ စသဖြင့်) အုပ်စုတခုတည်း အတွင်းရှိ ကုန်သွယ်ရေးပစ္စည်းများတွင် တူညီမှုအနည်းငယ်ရှိကြသော်လည်း အရင်းခံပိုင်ဆိုင်မှု တခုစီတိုင်းတွင် futures ကုန်သွယ်ရေးအတွက် မတူညီသော အခြေအနေများ ရှိကြပါသည်။
အရင်းခံပိုင်ဆိုင်မှုအမျိုးအစား တခုတည်းသာ ပါဝင်သော futures စာချုပ်တခုစီတိုင်းတွင် အောက်ပါ ဝိသေသလက္ခဏာများ ရှိပါသည်။
အမည်
သက်တမ်းကုန်ဆုံးရက်
အနည်းဆုံးဈေးနှုန်း အတက်၊ အကျ
စာချုပ်တခုတွင်ပါဝင်သော အရင်းခံပိုင်ဆိုင်မှုပမာဏ
အနည်းဆုံးဈေးနှုန်း အတက်၊ အကျ
ပွိုင့်တန်ဖိုး
မာဂျင်လိုအပ်ချက်များ
ထုတ်ကုန်ကုဒ် (အမှတ်အသား)
စာချုပ်များ စာရင်းပြုစုခြင်း (သုံးလတကြိမ်၊ တလတကြိမ်)
စာရင်းရှင်းလင်းချက်
ကုန်သွယ်ရေးနာရီများ
ကုန်သွယ်မှုတခုတွင် အရောင်းနှင့် အဝယ် နှစ်ဖက်ပါဝင်လေရာ၊ သင်သည် ဝယ်သူ သို့မဟုတ် ရောင်းသူတဦး အဖြစ် ပါဝင်နိုင်ပါသည်။ သို့သော် မည်သည့် အိတ်ချိန်းစာချုပ်တွင်မဆို ကုန်သွယ်သူနှစ်ဖက်ပါဝင်မြဲသာ ဖြစ်ပါသည်။
Futures ကုန်သွယ်မှုတခု၏ ဥပမာ
ဤသည်မှာ crude ရေနံ ငွေကြေးဈေးကွက်အတွင်းမှ futures ကုန်သွယ်မှုတခု၏ ဥပမာဖြစ်ပါသည်။ ယခုအချိန်သည် မေလဖြစ်၍ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဇူလိုင်လဖြစ်သည်ဟု ဆိုကြပါစို့။ ရေနံဈေးနှုန်းမှာ တစည်လျှင် 60$ ဖြစ်သည်။ အကယ်၍ ဈေးနှုန်းခန့်မှန်းကုန်သွယ်သူသည် ဇူလိုင်လအထိ ဈေးနှုန်းမြင့်တက်လိမ့်မည်ဟု ယူဆပါက စာချုပ်အား 60$ ဖြင့် ဝယ်ယူနိုင်ပါသည်။ ဤဖြစ်ရပ်တွင် ဈေးနှုန်းခန့်မှန်းသူသည် ရေနံစည်ပေါင်း 1000 ကို ရယူပိုင်ဆိုင်ထားလိုသည်။ ထိုသို့ပိုင်ဆိုင်ရန် ၎င်းအနေဖြင့် $60000 ပေးချေရန်မလိုအပ်ပဲ၊ မာဂျင် 5% ကိုသာပေးချေရပါမည် (Futures contract များတွင် ပုံမှန်အားဖြင့် 5% သို့မဟုတ် 10% မာဂျင် ကို ထိန်းသိမ်းထားလေ့ရှိပါသည်)။ ထို့ကြောင့် $3000 ကို ပေးချေရပါမည်။ အကယ်၍ Futures contract အား ဇူလိုင်လတွင် တစည်လျှင် $65 ဈေးနှုန်းဖြင့် ပိတ်သိမ်းသောအခါ၊ ရင်းနှီးမြှုပ်နှံသူသည် $65000-$60000=$5000 အမြတ်ကို ရရှိပါသည်။ အကယ်၍ သူ၏ ခန့်မှန်းချက်သည် မှန်ကန်ခြင်းမရှိခဲ့ပဲ၊ ရေနံဈေးနှုန်းများသည် $55 သို့ ကျဆင်းသွားခဲ့သည်ရှိသော် ရင်းနှီးမြှုပ်နှံသူသည် $5000 အရှုံးကို ရရှိလိမ့်မည် ဖြစ်ပါသည်။
Futures ၏ အားသာချက်များ
ပွင့်လင်းမြင်သာမှု - Futures များကို တရားဝင် futures ဈေးကွက်များတွင် ကုန်သွယ်ကြသည့် အတွက်၊ ၎င်းတို့အား မြင့်မားသော စံနှုန်းများ သတ်မှတ်ထားပါသည်။ ဤအချက်သည် futures ကုန်သွယ်ရေး၏ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာများနှင့် ဈေးနှုန်းများအား ပိုမို၍ ပွင့်လင်းမြင်သာမှု ရှိစေပါသည်။
လွယ်ကူမြန်ဆန်စွာရောင်းဝယ်နိုင်ခြင်း - Futures ဈေးကွက်အများစုသည် ငွေဖြစ်လွယ်မှု မြင့်မားကာ ဝယ်ယူ၊ရောင်းချရာတွင် အလွန်ပင် လွယ်ကူမြန်ဆန်ပါသည်။ ဤအချက်ကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့အလိုရှိသည့်အချိန်တွင် ကုန်သွယ်မှု အဝင်/အထွက်များကို ပြုလုပ်နိုင်ပါသည်။
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း - Futures များကို အသုံးပြုခြင်းအားဖြင့် သီးခြားရင်းနှီးမြှုပ်နှံသူများနှင့် ကုမ္ပဏီများသည် ဆုံးရှုံးမှုအလားအလာများမှ အကာအကွယ်ရယူနိုင်ပါသည်။
Futures ၏ အားနည်းချက်များ
အချိန်ကိုက်လုပ်ဆောင်ရခြင်း - Futures contracts များတွင် ကြိုတင်သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးရက်များကို ဖော်ပြထားပါသည်။ ဆိုလိုသည်မှာ သက်တမ်းကုန်ဆုံးရက် နီးကပ်လာသည်နှင့်အမျှ ပိုင်ဆိုင်မှု၏ဈေးနှုန်း ကျဆင်းလာနိုင်ပြီး၊ အခြားသူများ၏ လိုလားနှစ်သက်မှု လျော့နည်းနိုင်ပါသည်။
Leverage - ၎င်းသည် futures ကုန်သွယ်ရေး၏ အားသာချက်တခုဖြစ်သလို၊ အားနည်းချက်တခုလည်း ဖြစ်ပါသည်။ ၎င်းသည် အမြတ်များကို တိုးပွားစေသကဲ့သို့၊ အရှုံးများကို ကြီးမားစေနိုင်သော အကြောင်းရင်းတရပ်လည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကုန်သည်များသည် ၎င်းတို့၏ လက်လီရင်းနှီးမြှုပ်နှံသူအကောင့်များမှ ငွေကြေးများ လျင်မြန်စွာ ဆုံးရှုံးရခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ခိုင်မာသော နည်းဗျူဟာတခုကို ကျင့်သုံးသင့်ပါသည်။
ကုန်သွယ်ရန် အဟန့်အတား - Futures များကို ကြီးမားသော အိတ်ချိန်းများတွင် ကုန်သွယ်ကြသောကြောင့် ၎င်းတို့၏ အနည်းဆုံးစာချုပ်အရွယ်အစားသည် ပမာဏကြီးမား၍ အပြောင်းအလဲမရှိသည်က များပါသည်။ ထိုအချက်သည် အသေးစားရင်းနှီးမြှုပ်နှံသူများအတွက် ကုန်သွယ်မှုတခုကို ဖွင့်လှစ်ရာတွင် စိန်ခေါ်မှုတရပ် ဖြစ်နိုင်ပါသည်။
စည်းမျဉ်းစည်းကမ်းများ - အလွန်များပြားလှသော စည်းမျဉ်းများသည် futures ဈေးကွက်တွင် အကောင့်ဖွင့်ခြင်းလုပ်ငန်းစဉ်ကို များစွာပိုမို၍ ရှုပ်ထွေးစေပါသည်။
Futures Contracts အမျိုးအစားများ
ငွေရေးကြေးရေးဈေးကွက်နှင့် ကုန်စည်ဈေးကွက် နှစ်မျိုးစလုံးတွင် မတူညီသော futures အမျိုးအစားများ ရှိကြပါသည်။ ၎င်းတို့အနက်မှ ဈေးကွက်အတွင်း အများဆုံးတွေ့ရှိရသော အမျိုးအစားများကို ဥပမာများဖြင့် ရှင်းပြထားပါသည်။
Financial Futures
ငွေကြေးဆိုင်ရာ futures အား ကုန်သွယ်ခြင်းသည် အများအားဖြင့် အတိုးနှုန်းများ၊ စတော့များ၊ စတော့အညွှန်းကိန်းများနှင့် နိုင်ငံတကာငွေကြေးများကို မှန်းဆ၍ ဈေးနှုန်းခန့်မှန်းခြင်း ဖြစ်ပါသည်။ ငွေကြေးဆိုင်ရာ futures contracts များသည် ပိုင်ဆိုင်မှုတခုအား ယနေ့ကြိုတင်ဆုံးဖြတ်သောဈေးနှုန်းဖြင့် အနာဂါတ်တွင် ဝယ်ယူ/ရောင်းချရန် ခွင့်ပြုပေးသော ငွေဖြစ်ရန်အလွယ်ကူဆုံး ငွေကြေးဆိုင်ရာ ကုန်သွယ်ပစ္စည်းများ ဖြစ်ကြပါသည်။
Forex Futures
၎င်းတို့သည် အိတ်ချိန်းတွင်ကုန်သွယ်သော နိုင်ငံတကာငွေကြေး derivatives များဖြစ်ကြပါသည်။ ၎င်းတို့သည် ပုံမှန် futures contracts များနှင့် အလုပ်လုပ်ပုံခြင်း နီးစပ်မှုရှိပါသည်။ ဆိုလိုသည်မှာ စာချုပ်တွင်ပါဝင်သူများသည် ပိုင်ဆိုင်မှုတခုအား ကြိုတင်သဘောတူထားသော ရက်စွဲတွင် ကြိုတင်သဘောတူထားသော ဈေးနှုန်းဖြင့် ဝယ်ယူရန် သို့မဟုတ် ရောင်းချရန် တာဝန်ရှိကြပါသည်။ မည်သို့ပင်ဖြစ်စေ FX futures များသည် ဗဟိုထိန်းချုပ်မှုရှိသော အိတ်ချိန်းတခုတွင် ကုန်သွယ်မှု မပြုပါ။ ထိုအစား ၎င်းတို့ကို ကမ္ဘာအဝှမ်းမှ အိတ်ချိန်းများစွာတွင် ရရှိနိုင်ပါသည်။
Interest Rate Futures
အဆိုပါ futures contracts များ၏ အဓိပ္ပါယ်မှာ ဝယ်သူနှင့် ရောင်းသူတို့သည် အတိုးနှုန်းပေးဆောင်ရသော ပိုင်ဆိုင်မှုတခုအား အနာဂါတ်တွင် လွှဲပြောင်းပေးရန်အတွက် အပြန်အလှန် သဘောတူညီကြခြင်း ဖြစ်ပါသည်။ interest rate futures များကို ကုန်သွယ်ကြရာတွင်၊ ရင်းနှီးမြှုပ်နှံသူများသည် အတိုးနှုန်းအပြောင်းအလဲများကို ခန့်မှန်း၍ ကုန်သွယ်ခြင်းကို ဆောင်ရွက်နိုင်သကဲ့သို့၊ ၎င်းတို့နှင့်ဆန့်ကျင်၍ အကာအကွယ်ပေးသော နည်းဗျူဟာများကိုလည်း အသုံးပြုနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ interest rate futures ၏ ဈေးနှုန်းသည် interest rate ၏ ဈေးနှုန်းနှင့် ပြောင်းပြန်ပြောင်းလဲမှုရှိကြောင်းကို သတိပြုရန် အရေးကြီးပါသည်။
Single Stock Futures
Single Stock Futures (ခေါ်) SSFs ၏ အဓိပ္ပါယ်မှာ ရောင်းသူနှင့် ဝယ်သူတို့သည် ယခင်သဘောတူညီထားသော ဈေးနှုန်းတခုဖြင့် သတ်မှတ်ထားသော စတော့အရေအတွက်ကို ဖလှယ်ကြခြင်းဖြစ်ပါသည်။ ဝယ်သူသည် စတော့ဈေးနှုန်းတိုးတက်မှုမှ အမြတ်ရရန် မျှော်လင့်ထားသောကြောင့်၊ ၎င်းကို long party အဖြစ် ယူဆပါသည်။ ရောင်းသူများသည် ဈေးနှုန်းကျဆင်းမှုမှ အမြတ်ရရန်မျှော်လင့်သူများဖြစ်သောကြောင့် ၎င်းတို့အား short party ဟု ယူဆပါသည်။ ပထမဆုံး SSF ကုန်သွယ်မှုအား ၂၀၀၂ ခုနှစ်၌ အမေရိကန်နိုင်ငံတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ခေတ်တွင် Single Stock Futures များကို အိန္ဒိယ၊ စပိန်နိုင်ငံများ အပါအဝင် ကမ္ဘာအဝှမ်းမှ ငွေကြေးဈေးကွက်များစွာတွင် ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပါသည်။
Index Futures
Index Futures ၏ အဓိပ္ပါယ်မှာ အရောင်းအဝယ်တွင် ပါဝင်ကြသော နှစ်ဖက်အဖွဲ့သည် အရင်းခံ index ပိုင်ဆိုင်မှုအား အနာဂါတ်တွင် လွှဲပြောင်းပေးရန် သဘောတူညီကြခြင်း ဖြစ်ပါသည်။ Index futures များသည် အများအားဖြင့် S&P 500 index၊ NASDAQ 100၊ AEX နှင့်အခြား အစုရှယ်ယာများအပေါ် အခြေခံပါသည်။ ဤ futures အမျိုးအစားကို ဈေးနှုန်းအပြောင်းအလဲများအပေါ် အမြတ်ရှာဖွေသော ဈေးနှုန်းခန့်မှန်းကြသူများမှ အသုံးပြုနိုင်သကဲ့သို့၊ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲသူများအနေဖြင့်လည်း ၎င်းတို့၏ အစုရှယ်ယာကုန်သွယ်မှုများအား ဆုံးရှုံးမှုအလားအလာများမှ ကာကွယ်ရန်အတွက် အသုံးပြုနိုင်ပါသည်။
Commodity Futures
Commodity futures များသည် ပုံမှန်အားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရွှေ၊ ငွေ၊ ဂျုံ၊ ပြောင်းနှင့် အခြား ကုန်စည်များ၏ ဈေးနှုန်းခန့်မှန်းခြင်းကို ရည်ညွှန်းပါသည်။
Grains Futures
Grain futures များသည် နှစ်ဦးနှစ်ဖက် သို့မဟုတ် ပိုများသော အဖွဲ့ဝင်များအကြား ကောက်ပဲသီးနှံများကို နှစ်ဖက်သဘောတူညီထားသော ဈေးနှုန်းဖြင့် ကြိုတင်ဆုံးဖြတ်ထားသော အနာဂါတ်ရက်စွဲတွင် ပေးပို့ရန် သတ်မှတ်ကြခြင်း ဖြစ်ပါသည်။ အဆိုပါ စာချုပ်များတွင် စံသတ်မှတ်ထားသော အရည်အသွေး၊ အရည်အတွက်၊ အချိန် နှင့် ပေးပို့ရန်နေရာတို့ ပါဝင်ပါသည်။ အပြောင်းအလဲရှိသည့် တခုတည်းသော အတိုင်းအတာမှာ ဈေးနှုန်း ဖြစ်ပါသည်။ ကောက်ပဲသီးနှံကုန်စည်အဖြစ် တွင်ကျယ်စွာ သတ်မှတ်လေ့ရှ်ိကြသော ကုန်စည်များတွင် ဂျုံ၊ ပြောင်း၊ အုတ်ဂျုံ၊ ဆန် စသည်တို့ပါဝင်ပါသည်။
Metal Futures
Metal futures များသည် စာချုပ်တွင်ပါဝင်သူများကြား သတ်မှတ်ထားသော ဈေးနှုန်း၊ ရက်စွဲဖြင့် သတ္တုအမျိုးအစားတခုအား လွှဲပြောင်းပေးရန် အပြန်အလှန် သဘောတူညီထားသော စာချုပ် ဖြစ်ပါသည်။ အဆိုပါ စာချုပ်များသည် ရင်းနှီးမြှုပ်နှံသူများအား သတ္တုအစိုင်ခဲကို လက်တွေ့ထိန်းသိမ်းထားရန် မလိုအပ်ပဲ တူညီသော leverage အကျိုးကျေးဇူးများကို ခံစား၍ futures ကုန်သွယ်သည့် ဈေးကွက်သို့ ဝင်ရောက်ခွင့်ပေးပါသည်။ ရေပန်းအစားဆုံး metal futures ဈေးကွက်တွင်
ရွှေ
ငွေ
ကြေးနီ စသည်တို့ပါဝင်ပါသည်။
မည်သို့ပင်ဖြစ်စေ သိသာထင်ရှားသော အမြတ်များကို ပေးစွမ်းပြီး ငွေကြေးဖောင်းပွမှုကို ကန့်သတ်ပေးသည်မှအပ metal futures ဈေးကွက်သည်လည်း မြင့်မားသော ဆုံးရှုံးနိုင်ခြေနှင့် ယှဉ်တွဲနေပါသည်။
Energy Futures
Energy futures များတွင် အရင်းခံပိုင်ဆိုင်မှုအဖြစ် စွမ်းအင်ထုတ်ကုန်များ ပါဝင်ကြပါသည်။ အတွင်ကျယ်ဆုံး စွမ်းအင်ထုတ်ကုန်များတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားတို့ ပါဝင်ကြပါသည်။ ဤ Futures စာချုပ်အမျိုးအစားကို ပုံမှန်အိတ်ချိန်းများ သို့မဟုတ် over-the-counter (OTC) ဈေးကွက်များတွင် ရရှိနိုင်ပါသည်။ အခြား commodity futures များနှင့် မတူသောအချက်မှာ ၎င်းတွင် ရှည်လျားသော ရာဇဝင်မရှိပါ။ ၎င်းကို futures ဈေးကွက်၏ မတည်ငြိမ်မှုအား ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၇၀ ပြည့်နှစ်များအတွင်း စတင်ကုန်သွယ်ခဲ့ကြပါသည်။
Softs Futures
ဤ futures များသည် ရှေးအကျဆုံး futures ကုန်သွယ်မှုများမှ တခုဖြစ်ပါသည်။ ၎င်းတို့သည် စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်ကြသော သကြား၊ ကော်ဖီ၊ ချည်ထည်များ အစရှိသည့် ကုန်ပစ္စည်းများအပေါ်တွင် အခြေခံပါသည်။ Softs futures များကို လယ်သမားများမှ ဆုံးရှုံးမှုကန့်သတ်ရန်အတွက်လည်းကောင်း၊ ရင်းနှီးမြုပ်နှံသူများမှ ထွက်ကုန်ဈေးနှုန်း ရွေ့လျားမှုများမှ အမြတ်ရရှိရန်အတွက်လည်းကောင်း အသုံးပြုကြပါသည်။ မိုးလေဝသအခြေအနေများနှင့် အခြားလယ်ယာစိုက်ခင်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေများသည် ခန့်မှန်းရန် ရှုပ်ထွေးသောကြောင့်၊ softs futures များသည် energy သို့မဟုတ် metal futures များထက် ဈေးကွက် မတည်ငြိမ်မှု ပိုမို၍ မြင့်မားပါသည်။
Livestock Futures
Livestock futures များသည် မွေးမြူရေးထွက်ကုန်များအား အရင်းခံပိုင်ဆိုင်မှုအဖြစ်ထားရှိသော စံသတ်မှတ်ချက်များပါဝင်သည့် သဘောတူညီချက်များ ဖြစ်ကြပါသည်။ အမေရိကန်တွင် livestock futures များကို ကုန်သွယ်သည့် တခုတည်းသော အိတ်ချိန်းမှာ Chicago Mercantile Exchange (CME) ဖြစ်ပြီး အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့တွင် တည်ရှိပါသည်။ ၎င်း futures စာချုပ်များကို ၁၉၆၀ ပြည့်နှစ်များတွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး၊ မွေးမြူရေးလုပ်ငန်းရှင်များအတွက် ဆုံးရှုံးနိုင်ခြေများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေရန်အတွက် အပြောင်းအလဲတခု ဖြစ်စေခဲ့ပါသည်။
Futures ကုန်သွယ်ရေးနှင့် မာဂျင်လိုအပ်ချက်များ
Futures များအတွက် မာဂျင်လိုအပ်ချက်များကို ဆွေးနွေးနိုင်ရန်၊ ပထမဦးစွာ မာဂျင်၏ ယေဘုယျသဘောတရားနှင့်တကွ forward contracts ဈေးကွက်အတွင်းရှိ မာဂျင်အမျိုးအစားများ အကြောင်းကို နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။
ကနဦး မာဂျင်လိုအပ်ချက်
ဤသည်မှာ futures ကုန်သွယ်မှုအား စတင်ရန်အတွက် လိုအပ်သော တန်ဖိုးတခု ဖြစ်ပါသည်။ ဤသည်မှာ ချေးငွေ သို့မဟုတ် အကြွေးတခု မဟုတ်ပါ။ ၎င်းသည် ပိုင်ဆိုင်မှုတခုအတွက် ငွေပေးချေခြင်းလည်း မဟုတ်ပါ။ မာဂျင်ချေးငွေနှင့် မတူသောအချက်မှာ ၎င်းသည် အတိုးနှုန်းတခုဖြင့် ငွေချေးယူခြင်းမဟုတ်ပါ။ မာဂျင် သည် သင်၏ futures အကောင့်များအတွင်း ကုန်သွယ်မှုတခုမဖွင့်မီတွင် ရှိထားရန်လိုအပ်သော ငွေပမာဏတခုသာ ဖြစ်ပါသည်။ ၎င်းသည် သင်၏ ချေးငွေပေးဆပ်နိုင်သောပမာဏနှင့် ငွေကြေးဆိုင်ရာ ယုံကြည်စိတ်ချရမှုတို့အပေါ် အာမခံချက်ပေးပါသည်။
အကယ်၍ သင်၏ futures အကောင့်များတွင် ကနဦးမာဂျင်အတွက် လုံလောက်သော ငွေပမာဏမရှိပါက သင်သည် futures စာချုပ်တခုအတွက် ကုန်သွယ်မှုတခုကို စတင်နိုင်မည်မဟုတ်ပါ။
ဥပမာအားဖြင့် သင်၏ကုန်သွယ်ရေးအကောင့်တွင် $4000 ရှိသည်ဟု ဆိုကြပါစို့။ သင်သည် euro futures စာချုပ်တခုအား အိတ်ချိန်းပေါက်ဈေး 1.1160 ဖြင့် ဝယ်ယူလိုသည်။ စာချုပ်တခုအတွက် ကနဦးမာဂျင်မှာ 2200$ ဖြစ်ပါသည်။ သို့ဖြစ်ရာ သင်သည် စာချုပ်တခုဖြင့် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်လှစ်သောအခါ၊ ထိုအဝယ်ကုန်သွယ်မှုအား ထိန်းသိမ်းထားသော ကာလတလျှောက် သင်၏အကောင့်တွင် $2200 ပမာဏကို အသုံးပြုခွင့် ပိတ်ပင်လိုက်ပါသည်။ ဈေးကွက်အခြေအနေပေါ်မူတည်ကာ အကယ်၍ ဈေးနှုန်းမြင့်တက်ပါက ထိုပမာဏသို့ အမြတ်ကို ပေါင်းထည့်ပေးမည်ဖြစ်ပြီး၊ ဈေးနှုန်းကျဆင်းပါက အရှုံးကို နှုတ်ယူမည် ဖြစ်ပါသည်။
အခြားတနည်းဖြင့် ရှင်းပြရလျှင် ကနဦးမာဂျင်သည် ကုန်သွယ်မှုဖွင့်သောနေ့၌ သင်၏အကောင့်တွင် ရှိရမည့် ငွေပမာဏတခု (ပထမအကြိမ်စာရင်းရှင်းလင်းခြင်း) ဖြစ်ပါသည်။ ထိုပမာဏအား သင်ဖွင့်လှစ်သည့် စာချုပ်အရေအတွက်ဖြင့် မြှောက်ပါ။ ကျွန်ုပ်တို့၏ ဥပမာတွင် ကျန်ရှိသည့် လွပ်လပ်သော မာဂျင်ပမာဏမှာ 4000 – 2200 = 1800 ဖြစ်ပါသည်။
Maintenance margin
အကယ်၍ သင်၏လက်လီကုန်သွယ်ရေးအကောင့်များတွင် ကုန်သွယ်မှုကိုထိန်းသိမ်းထားသောအချိန်သည် ဒုတိယကုန်သွယ်ရေးအချိန်ပိုင်းအား ကျော်လွန်သွားပါက၊ သင်သည် Maintenance Margin (ထိန်းသိမ်းထားရမည့်မာဂျင်) အတွက် သတ်မှတ်ထားသည့်အတိုင်း လိုက်နာရပါမည်။ ၎င်းသည် တညတာထိန်းသိမ်းရသော မာဂျင်ကဲ့သို့ပင် futures ကုန်သွယ်မှုတခု ဆက်လက်လည်ပတ်ရန်အတွက် ထိန်းသိမ်းထားရန်လိုအပ်သော ငွေပမာဏတခု ဖြစ်ပါသည်။ ၎င်းသည် ပုံမှန်အားဖြင့် ကနဦးမာဂျင်ထက် ရာခိုင်နှုန်းပွိုင့်အချို့ ပို၍သေးငယ်ပါသည်။
EUR futures ကုန်သွယ်မှု ဥပမာသို့ ပြန်၍ကြည့်လိုက်ကြရအောင်။ အကယ်၍ ကျွန်ုပ်တို့သည် ကုန်သွယ်မှုအား တတိယကုန်သွယ်ရေး အချိန်ပိုင်းအထိ ဆက်လက်ထိန်းသိမ်းထားပါက လွှဲပြောင်းသောရက်စွဲမှစ၍ ဤအချိန်ထိ ထိန်းသိမ်းထားရမည့် မာဂျင်ပမာဏအား $2000 ဟု သတ်မှတ်ပါသည်။
ကျွန်ုပ်တို့သည် 1.1160 နှုန်းထားဖြင့် အဝယ်ကုန်သွယ်မှုတခုကို ဆောင်ရွက်ခဲ့သည်။ အချို့သောအချိန်တွင် ဈေးနှုန်းသည် 50 ပွိုင့်ခန့် ကျဆင်းပါသည်။ ဒုတိယအကြိမ် စာရင်းရှင်းလင်းလွှဲပြောင်းမှုအပြီးတွင် future များ၏ နှုန်းထားသည် 1.1110 တွင် ရောက်ရှိနေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် 50 * 12.5 (ပွိုင့်တန်ဖိုး) = $625 ဆုံးရှုံးမှုကိုရရှိပါသည်။ ထိုအခါ ကျွန်ုပ်တို့၏ အကောင့်တွင်ရှိသော အပ်ငွေမှာ 4000 – 625 = 3375 ဖြစ်ပါသည်။
ပွိုင့်တန်ဖိုးဆိုသည်မှာ ဈေးနှုန်း ပွိုင့်တခု မြင့်တက်၊ ကျဆင်းသွားသည့်အခါတိုင်းတွင် ပြောင်းလဲသွားသော ကုန်သည်၏အပ်ငွေမှ ငွေကြေးယူနစ်ပမာဏတခု ဖြစ်ပါသည်။ ၎င်း၏ တန်ဖိုးအစစ်အမှန်ကို အိတ်ချိန်း/အကျိုးဆောင်၏ တရားဝင်ဝက်ဘ်ဆိုက်မှ စာချုပ်များဆိုင်ရာ အသေးစိတ်ဖော်ပြချက်များတွင် ကြည့်ရှုနိုင်ပါသည်။
နောက်တရက်တွင် ဈေးနှုန်းသည် 1.1110 မှ 1.0990 သို့ ထပ်မံ၍ ကျဆင်းသွားပြန်သည်။ အရှုံးမှာ 120 ပွိုင့် (သို့မဟုတ် 120 * 12.5 = $1500) ဖြစ်ပါသည်။ စာရင်းရှင်းလင်းပြီးချိန်တွင် ကျွန်ုပ်တို့၏ ကျန်ရစ်သောအပ်ငွေမှာ $1875 ဖြစ်ပါသည်။ ဤပမာဏသည် ထိန်းသိမ်းထားရမည့်မာဂျင်ပမာဏထက် ပို၍နည်းပါသည်။ ထိုအခါ မည်သို့ ဆက်၍ ဖြစ်မည်နည်း။ ကျွန်ုပ်တို့သည် အိတ်ချိန်းထံမှ Futures Margin Call တခုကို ရရှိပါမည်လော။
Fut. Margin Call ဆိုသည်မှာ သင်၏ မာဂျင်လက်ကျန် (အကောင့်လက်ကျန်ငွေ)အား Maintenance margin level (ထိန်းသိမ်းရမည့်မာဂျင်အဆင့်) တွင် နောက်ထပ်သုံးရက်အတွင်း ဆက်လက်၍ ရှိနေစေရန်အလို့ငှာ သင်၏အကောင့်တွင်းသို့ ငွေထပ်မံဖြည့်သွင်းရန်အတွက် အကျိုးဆောင်မှ သင့်ထံသို့ ပေးပို့တိုက်တွန်းသော အကြောင်းကြားစာ ဖြစ်ပါသည်။ သို့မဟုတ်ပါက သတ်မှတ်အခြေအနေများနှင့် မညီညွတ်သော future ကုန်သွယ်မှုများကို တဖတ်သတ်ပိတ်သိမ်းမည် ဖြစ်ပါသည်။
Margin Call တခုကို လက်ခံရရှိပါက၊ အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်။
အကောင့်တွင်းမှ အရင်းအနှီးပမမာဏကို တိုးမြှင့်ပါ။ အခြားကုန်သွယ်မှုများမှ ငွေများကို ပြန်လည်သိမ်းဆည်းပါ။
သင်၏ future ကုန်သွယ်မှု တစိတ်တပိုင်း သို့မဟုတ် အားလုံးကို ပိတ်သိမ်းပါ။
မည်သည်ကိုမျှ မပြုလုပ်ပဲ၊ ဈေးကွက်နတ်ဘုရားထံ အရာအားလုံးပြေလည်သွားစေရန် ဆုတောင်း၍နေပါ။
Intraday margin နှင့် intrasession margin
အကျိုးဆောင်များသည် ဤမာဂျင်အမျိုးအစားကို တနေ့တာ futures ကုန်သွယ်ရေးအတွက်သာ သတ်မှတ်ဖော်ပြလေ့ ရှိကြပါသည်။ ကုန်သည်များသည် ၎င်းတို့၏ ကုန်သွယ်မှုများအား စာရင်းရှင်းလင်းခြင်းမှတဆင့် အလွှဲအပြောင်းမပြုလုပ်ပါ။ များသောအားဖြင့် ၎င်းတို့သည် ထိန်းသိမ်းရသော မာဂျင်ပမာဏထက် လျော့နည်းလေ့ရှိကာ၊ ထိုပမာဏ၏ ၁၀% ခန့် ဖြစ်လေ့ရှိသည်။ သို့ရာတွင် မတူညီသော အကျိုးဆောင်များသည် မတူညီသော စည်းမျဉ်း၊ စည်းကမ်းများကို သတ်မှတ်ကြလေ့ရှိပါသည်။
Intraday margin သည် ကုန်သွယ်ရေးအချိန်ပိုင်း၏ အစမှအဆုံးတိုင် နောက်ဆုံးမိနစ်အထိ အကြုံးဝင်ပါသည်။ အဆိုပါ မာဂျင်အမျိုးအစားဖြင့် အလုပ်လုပ်ခြင်းအားဖြင့် ကုန်သည်အနေဖြင့် ကုန်သွယ်မှုများအား စာရင်းရှင်းလင်းမတိုင်မီ သီးခြားပိတ်သိမ်းရန် သဘောတူညီထားပြီးဖြစ်သည်ဟု အဓိပ္ပါယ်ရပါသည်။ သို့မဟုတ်ပါက အပ်ငွေပမာဏသည် ထိန်းသိမ်းထားရမည့်မာဂျင်နှင့် ကိုက်ညီမှု မရှိသောကြောင့် အကျိုးဆောင်မှ ကုန်သွယ်မှုများကို တဖက်သတ်ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
ယေဘုယျအားဖြင့် ဤမာဂျင်အမျိုးအစားကို အသုံးပြုကြသော ကုန်သည်များစွာတို့သည် ကြီးမားသောငွေပမာဏဖြင့် ကုန်သွယ်သူများ မဟုတ်ကြပါ။ ၎င်းတို့သည် ကုန်သွယ်မှုများအား နောက်တရက်သို့ သယ်ဆောင်သွားနိုင်ခြင်း မရှိသည့်အပြင် ဈေးကွက်လစ်လပ်ချိန်များမှ အကျိုးအမြတ်ကို ရယူနိုင်ခြင်းမရှိပါ။ ထို့ကြောင့် ကုန်သည်များအနေဖြင့် အဆိုပါကုန်သွယ်ရေးသည် စတော့တန်ဖိုးအရ ကိုက်ညီခြင်းရှိမရှိ အသေအချာစဉ်းစားချင့်ချိန်ရန် လိုအပ်ပါသည်။
မာဂျင်အား အကောင့်တွင်းသို့ မည်သည့်အချိန်တွင် ပြန်လည်ပေးအပ်ပါသနည်း။
တန်ပြန်ကုန်သွယ်ရန် ပြုလုပ်သောအရောင်းအဝယ်အား အကောင်အထည်ဖော်သောအခါ။
ကုန်သွယ်မှုတခုအား အကျိုးဆောင်/အိတ်ချိန်းမှ တဖက်သတ်ပိတ်သိမ်းသောအခါ၊ ပေါ်ထွက်လာသော အရှုံးကို ကုန်သည်၏ လက်ကျန်ငွေပိုမှ နှုတ်ယူသောအခါ ဖြစ်သည်။
တန်ပြန်ကုန်သွယ်ရန် ပြုလုပ်သောအရောင်းအဝယ် (offsetting transaction) ဆိုသည်မှာ မူလကုန်သွယ်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်သော အရောင်း၊အဝယ်တခု ဖြစ်ပါသည်။ ဝယ်သူအတွက်ဆိုလျှင် အရောင်း ကုန်သွယ်မှုဖြစ်ပြီး၊ ရောင်းသူအတွက်ဆိုလျှင် အဝယ်ကုန်သွယ်မှုတခု ဖြစ်ပါသည်။ အရောင်းအဝယ် တခုကို တန်ပြန်ကုန်သွယ်ရန် ပြုလုပ်သောအခါတွင်၊ မာဂျင်ကောက်ခံခြင်း မရှိပါ။
CFD ဆိုသည်မှာ အဘယ်နည်း။ ၎င်းကို မည်ကဲ့သို့ ကုန်သွယ်ရမည်နည်း။
CFD သို့မဟုတ် တန်ဖိုးခြားနားချက်အတွက် စာချုပ်များသည် ဈေးနှုန်းခန့်မှန်းကြသူများအတွက် ပိုင်ဆိုင်မှုတခု၏ အဖွင့်နှင့် အပိတ်ဈေးနှုန်းများကြားမှ အမြတ်ရယူရန် ခွင့်ပြုပေးသော ငွေကြေးဆိုင်ရာ derivative အမျိုးအစားဖြစ်ပါသည်။ CFDs ကုန်သွယ်ရေးသည် ရင်းနှီးမြှုပ်နှံသူများအတွက် စတော့များ၊ ကုန်စည်များ၊ Forex ငွေကြေးအတွဲများ၊ အညွှန်းကိန်းများ စသဖြင့် များပြားလှသော ငွေကြေးဆိုင်ရာပိုင်ဆိုင်မှုအမျိုးမျိုးကို ပံ့ပိုးပေးပါသည်။ ထို့အပြင် ၎င်းတို့အား ကမ္ဘာ့ဈေးကွက်ပေါင်း ၁၅၀၀၀ ကျော်တွင် ကုန်သွယ်နိုင်ပါသည်။
သတိပြုသင့်သော CFDs အင်္ဂါရပ်အချို့မှာ အောက်ပါတို့ ဖြစ်ကြပါသည်။
ရင်းနှီးမြှုပ်နှံသူများသည် အရင်းခံပိုင်ဆိုင်မှုကို မည်သည့်အခါမှ လက်တွေ့ပိုင်ဆိုင်ခြင်း မရှိပါ။ ၎င်းတို့သည် ပိုင်ဆိုင်မှု၏ ဈေးနှုန်းတန်ဖိုးအပြောင်းအလဲများမှသာ အမြတ်ရရှိကြပါသည်။
CFDs ကုန်သွယ်ရေးတွင် ပုံသေသတ်မှတ်ထားသော သက်တမ်းကုန်ဆုံးရက် မရှိပါ။
CFDs ကုန်သွယ်ရေးတွင် futures ကုန်သွယ်ရေးနည်းတူ leverage ကို အသုံးပြုနိုင်သော အခွင့်အရေး ရှိပါသည်။
CFDs များကို OTC ထုတ်ကုန်များအဖြစ် ယူဆထားပြီး၊ အမေရိကန်နိုင်ငံတွင် ကုန်သွယ်မှုမပြုပါ။
CFD ကုန်သွယ်မှုတခု၏ ဥပမာ
CFD ကုန်သည်များသည် ဈေးနှုန်းခြားနားချက်မှ အမြတ်ရရှိကြပါသည်။ ၎င်းတို့သည် ဈေးနှုန်း တိုးတက်မည်(going long) ဟု မျှော်လင့်သောအခါတွင် ပိုင်ဆိုင်မှုတခုကို ဝယ်ယူကြ၍ ဈေးကွက်ကျဆင်းမည်(going short) ဟု မျှော်လင့်သောအခါတွင် ပိုင်ဆိုင်မှုကို ရောင်းချကြပါသည်။
အကယ်၍ ရင်းနှီးမြှုပ်နှံသူသည် ဈေးကွက်အတွင်း အလားအလာကောင်းမွန်သည်ဟု မျှော်လင့်ရသော ကုမ္ပဏီတခု၏ ရှယ်ယာအား တခုလျှင် $50 နှုန်းထားဖြင့် စတော့အရေအတွက် 1000 ဝယ်ယူလိုပါက၊ ၎င်းအနေဖြင့် $50000 ပမာဏကို ပေးချေရန်မလိုအပ်ပါ။ ကနဦးမာဂျင်က်ု ဖြည့်သွင်းထားရန်သာ လိုအပ်ပါသည်။ ဤနေရာ၌ ကျွန်ုပ်တို့၏ ဥပမာတွင် 5% ဟု ယူဆထားသောကြောင့်၊ $50000*5%=$2500 ကိုသာ လိုအပ်ပါသည်။
အကယ်၍ သူ၏ မျှော်မှန်းချက်များ မှန်ကန်ပြီး၊ ရှယ်ယာဈေးနှုန်းများ $55 သို့ တိုးတက်သွားပါက၊ ($55-$50)*1000=$5000 အမြတ်ကို ရရှိပါမည်။
အကယ်၍ ခန့်မှန်းချက်မည်သို့ရှိစေကာမူ ပိုင်ဆိုင်မှု၏ ဈေးနှုန်း ကျဆင်းသွားပါက၊ ရင်းနှီးမြှုပ်နှံသူသည် ရှယ်ယာတခုလျှင် $48 ဖြင့် ကုန်သွယ်မှုကို ပိတ်သိမ်းလိုက်သောအခါ ($50-$48)*1000=$2000 ဆုံးရှုံးရပါလိမ့်မည်။
အရေးကြီးစွာ မှတ်သားသင့်သော အချက်တခုမှာ ဆုံးရှုံးသောပမာဏသည် ကနဦးရင်းနှီးမြှုပ်နှံမှုကို ကျော်လွန်သွားနိုင်သည် ဟူသောအချက်ပင် ဖြစါပါသည်။ ဤသည်မှာ leverage သဘောတရားပင် ဖြစ်ပါသည်။ တဖက်မှကြည့်လျှင် ၎င်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်များကိုလည်း သိသိသာသာ တိုးတက်စေပါသည်။ သို့သော် အခြားတဖက်တွင်လည်း ၎င်းသည် ကနဦးရင်းနှီးမြှုပ်နှံမှုထက်ပိုသော အရှုံးများကို ပေါ်ပေါက်စေနိုင်သောကြောင့် ဆုံးရှုံးနိုင်ခြေနှင့် ဒွန်တွဲလျက်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် အမြတ်နှင့် အရှုံးနှစ်မျိုးစလုံးကို ကုန်သွယ်မှု၏ စုစုပေါင်းအရွယ်အစားအပေါ်တွင် တွက်ချက်သောကြောင့် ဖြစ်ပါသည်။
CFDs ကုန်သွယ်ရေး အားသာချက်များ
လိုက်လျောညီထွေရှိမှု။ CFDs ကုန်သွယ်ရေးသည် ရင်းနှီးမြှုပ်နှံသူများအတွက် လိုက်လျော ညီထွေရှိမှုကို အထူးပင် ပေးစွမ်းပါသည်။ ၎င်းတို့၏ စာချုပ်အရွယ်အစားများမှာ သေးငယ်သည့်အပြင်၊ (အညွှန်းကိန်းများ၊ ကုန်စည်များ၊ ခရစ်ပတို၊ Forex၊ နိုင်ငံတကာငွေကြေးအတွဲများ စသဖြင့်) ကုန်သွယ်ရေးအတွက် ရွေးချယ်စရာ ပိုင်ဆိုင်မှုများ များပြားလှပါသည်။
လွယ်ကူစွာ ကုန်သွယ်နိုင်မှု။ CFD တခုသည် ပုံမှန်အားဖြင့် ရှယ်ယာတခုနှင့် တူညီပါသည်။ ဆိုလိုသည်မှာ ငွေပမာဏအမြောက်အမြားပါဝင်ရန် မလိုအပ်ပဲ ကုန်သွယ်ရေးအကောင့်တခုကို ဖွင့်လှစ်နိုင်ပါသည်။
သက်တမ်းကုန်ဆုံးရက် မရှိခြင်း။ ပိုင်ဆိုင်မှု၏ တန်ဖိုးသည် မျှော်မှန်းထားသည်နှင့် ဆန့်ကျင်ရာဘက်သို့ ဦးတည်သွားသောအခါ၊ CFDs ကုန်သွယ်ရေးသည် ရင်းနှီးမြှုပ်နှံသူများအား ဈေးကွက်မှ ထွက်ခွာရန် ခွင့်ပြုပါသည်။
- ငွေဖြစ်လွယ်မှု ။ ဈေးကွက်ဝန်ဆောင်မှု ပေးသူအဖြစ် ဆောင်ရွက်လေ့ရှိသော အကျိုးဆောင်များဖြင့် တိုက်ရိုက်ကုန်သွယ်ရခြင်းဖြစ်သောကြောင့် CFDs များကို ကုန်သွယ်ရာတွင် မြင့်မားသော ငွေဖြစ်လွယ်မှု၏ အကျိုးကျေးဇူးများကို ခံစားရမည် ဖြစ်ပါသည်
CFD ကုန်သွယ်ရေး အားနည်းချက်များ
ပထဝီဝင်အနေအထား။ OTC ထုတ်ကုန်တခုအနေဖြင့် CFDs များအား အမေရိကန်အပါအဝင် အချို့နိုင်ငံများတွင် ခွင့်ပြုထားခြင်းမရှိပါ။
ဗဟိုချုပ်ကိုင်မှုမရှိသော အိတ်ချိန်း။ CFDs များကို ပုံမှန်အားဖြင့် တရားဝင်အိတ်ချိန်းများပေါ်တွင် ကုန်သွယ်မှုမပြုပါ။ ထို့ကြောင့် ၎င်းတို့အား အကျိုးဆောင်များမှ ပံ့ပိုးပေးပါသည်။ ၎င်းတို့တွင် စံသတ်မှတ်ထားသော စည်းမျဉ်းများမရှိပါ။ ထိုအချက်သည် စိတ်ရှုပ်ထွေးဖွယ်ရာ ဖြစ်စေနိုင်ပါသည်။
Leverage။ Futures ကုန်သွယ်ရေးကဲ့သို့ပင် ရင်းနှီးမြှုပ်နှံသူများသည် တူညီသော leverage ခံစားခွင့်များကို ရရှိနိုင်ပါသည်။ ထို့အတူ ဤကိရိယာကြောင့်ပင် ကြီးမားသော အရှုံးများကိုလည်း ရရှိနိုင်ပါသည်။
CFD နှင့် Futures Contracts များကြား နှိုင်းယှဉ်ချက်
သတ်မှတ်ချက်အတိုင်းအတာ | Futures contract | CFD |
စည်းမျဉ်းလိုက်နာမှု | ပို၍စည်းကမ်းတင်းကြပ်သည်။ | စည်းကမ်းတင်းကြပ်မှုလျော့နည်းသည်။ |
Leverage | 1:15 အထိ သုံးခွင့် ရှိပါသည်။ | 1:1000 အထိ သုံးခွင့်ရှိပါသည်။ |
ကုန်သွယ်မှုစာချုပ်အရွယ်အစား | ကြီးသည် | သေးငယ်သည် |
လိုက်လျောညီထွေရှိမှု | ပိုနည်းသည် | ပိုများသည် |
သက်တမ်းကုန်ဆုံးရက် | ရှိသည် | မရှိပါ |
ဝယ်ရောင်းဈေး ခြားနားချက် | ရှိသည် | ရှိသည် |
ငွေဖြစ်လွယ်မှု | လွယ်သည် | အလွန်လွယ်သည် |
ဈေးကွက်များ | ဗဟိုအိတ်ချိန်းများ | ကမ္ဘာအဝှမ်းမှ ဈေးကွက်ပေါင်း ၁၅၀၀၀ ကျော် |
အရောင်းနှင့် အဝယ် ကုန်သွယ်မှု ဖွင့်ခြင်း | ပြုလုပ်နိုင်သည် | ပြုလုပ်နိုင်သည် |
အနှစ်ချုပ်
CFDs နှင့် Futures သည် တူညီသော derivative အမျိုးအစားများ ဖြစ်ကြပါသည်။ သို့သော် ၎င်းတို့တွင် သီးသန့်အင်္ဂါရပ်များ၊ အားသာချက်၊ အားနည်းချက်များ ကိုယ်စီ ရှိကြပါသည်။ CFDs သည် သက်တမ်းကုန်ဆုံးရက်မရှိခြင်းကြောင့် ပို၍ လိုက်လျောညီထွေဖြစ်စေပါသည်။ ထို့အပြင် ၎င်းတို့သည် ငွေဖြစ်မှုမြင့်မားခြင်းနှင့်အတူ ကုန်သွယ်ရေးပစ္စည်းအမျိုးအစားများစွာကို ရွေးချယ်ခွင့်ပေးပါသည်။ Futures မှာမူ စည်းမျဉ်းစည်းကမ်း ပို၍ တင်းကြပ်ပါသည်။ ၎င်းတို့အား တရားဝင်အိတ်ချိန်းများတွင်သာ ရရှိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ futures ကုန်သွယ်ရေးအတွက် အကောင့်ဖွင့်ရန်လိုအပ်ချက်များ ပိုမိုများပြားကာ ရှုပ်ထွေးပါသည်။
CFDs နှင့် Futures contracts စာချုပ်များကြား ခြားနားချက်များကို နားလည်သိရှိခြင်းအားဖြင့် သင်နှင့် သင့်တော်မှုအရှိဆုံးဖြစ်၍ သင်၏ ရင်းနှီးမြှုပ်နှံမှုအစုအဝေးကို ပိုမိုခိုင်မာအားကောင်းစေသော ကုန်သွယ်ရေးအမျိုးအစားကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။
Futures contracts ဆိုင်ရာ အမေးများသော မေးခွန်းများ
Futures နှင့် စတော့များသည် အတော်ပင်ကွဲပြားသော ရင်းနှီးမြှုပ်နှံမှုကိရိယာများ ဖြစ်ကြပါသည်။ ထို့ကြောင့် ၎င်းတို့အနက်မှ တခုကိုရွေးချယ်ရန်အတွက် ၎င်းတို့နှစ်မျိုးစလုံး၏ ထူးခြားသောအင်္ဂါရပ်များ၊ အားသာချက်များ၊ အားနည်းချက်များကို နားလည်သိရှိရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် စတော့ကုန်သွယ်ရေးသည် ရင်းနှီးမြှုပ်နှံသူများအတွက် သေးငယ်သော ကုမ္ပဏီပိုင်ဆိုင်မှု တစိတ်တပိုင်းကို ပေးစွမ်းကာ၊ ကာလရှည်ရင်းနှီးမြှုပ်နှံခြင်းအတွက် သင့်တော်ပါသည်။ Futures contracts သည် ကာလတို ရင်းနှီးမြှုပ်နှံမှုများအတွက် ပိုမိုကောင်းမွန်ကာ၊ ၎င်းတို့တွင် leverage နှင့် ကုန်သွယ်ရေးစရိတ်စကသက်သာခြင်း စသည့် အားသာချက်များ ပါဝင်ပါသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ဆုံးရှုံးနိုင်ခြေမြင့်မား၍ ရှုပ်ထွေးသော ကုန်သွယ်ရေးအမျိုးအစားဖြစ်သည်ကို မှတ်သားထားရပါမည်။ ထို့ကြောင့် သင်၏ လက်လီရင်းနှီးမြှုပ်နှံသူအကောင့်မှ ငွေကြေးများ မဆုံးရှုံးရစေရန်၊ ခိုင်မာသော ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲရေးနည်းစနစ်တခုကို ချမှတ်ထားရန် အကြံပြုပါသည်။ ယုံကြည်စိတ်ချရသော ပလက်ဖောင်းကို ရွေးချယ်ပါ။ ဤဈေးကွက်အတွင်းရှိ ကျွမ်းကျင်သူတို့၏ အကြံပြုချက်များကို ရှာဖွေလေ့လာပါ။
CFDs များသည် တိုက်ရိုက်ရောင်းချဝယ်ယူသော (OTC) ဘဏ္ဍာရေးထုတ်ကုန်များ ဖြစ်ကြပါသည်။ ၎င်းတို့တွင် တင်းကြပ်သော စည်းမျဉ်းများ မရှိပါ။ ထို့ကြောင့် အမေရိကန်တွင် ၎င်းတို့အားကုန်သွယ်ခြင်းကို တားမြစ်ထားပါသည်။ မည်သို့ပင်ဖြစ်စေ ဤပိတ်ပင်မှုသည် အမေရိကန်နိုင်ငံသားမဟုတ်ပဲ အမေရိကန်ဈေးကွက်များအတွင်း CFDs များကို တရားဝင်ကုန်သွယ်ခွင့်ရှိသူများအပေါ် သက်ရောက်မှုမရှိပါ။
CFDs သည် သက်တမ်းကုန်ဆုံးခြင်း မရှိပါ။ ၎င်းတို့တွင် future contracts များကဲ့သို့ သက်တမ်းကုန်ဆုံးရက် မရှိပါ။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့ရင်းနှီးမြှုပ်နှံနိုင်သမျှ ကာလပတ်လုံး ကုန်သွယ်မှုများကို ထိန်းသိမ်းထားနိုင်ပါသည်။
အမှန်ပင် ဖြစ်နိုင်ပါသည်။ CFDs ဈေးကွက်တွင် အောင်မြင်မှုရရှိရန်အတွက် အတွေ့အကြုံပြည့်ဝရန်နှင့် စည်းကမ်းလိုက်နာရန် လိုအပ်ပါသည်။ ယုံကြည်စိတ်ချရသော အကျိုးဆောင်နှင့် ကုန်သွယ်ရေးပလက်ဖောင်းကို ရွေးချယ်ပါ။ အသေအချာ စဉ်းစားသုံးသပ်ထားသော ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တခုကို ချမှတ်ပါ။ မည်သို့ပင်ဖြစ်စေ CFDs ဈေးကွက်သည် မတည်ငြိမ်မှုနှင့် စွန့်စားမှုအဆင့်မြင့်မားသည်ကို သတိပြုပါ။ Futures များနည်းတူ CFDs ကုန်သွယ်ရေးတွင်လည်း တူညီသော leverage ခံစားခွင့်များနှင့် စွန့်စားမှုများကို ရရှိနိုင်ပါသည်။ ထို့ကြောင့် သင်၏ လက်လီရင်းနှီးမြှုပ်နှံသူအကောင့်မှ ငွေကြေးများဆုံးရှုံးရခြင်းကို ကာကွယ်ရန် ခိုင်မာသော ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းဗျူဟာတခုကို အသုံးပြုသင့်ပါသည်။
Futures contracts များသည် စံသတ်မှတ်ထားသော သဘောတူညီချက်များဖြစ်ပြီး သတ်မှတ်ရက်များအတွင်း ပုံမှန်ငွေစာရင်းရှင်းလင်းရပါသည်။ Forward contracts များသည် စံသတ်မှတ်ချက်မရှိသော သဘောတူညီစာချုပ်များဖြစ်ပြီး စာချုပ်ကုန်ဆုံးချိန်တွင်သာ ငွေစာရင်းရှင်းလင်းပါသည် (bond futures ၊ forex futures ၊ stock index futures စသဖြင့်)။ ထို့အပြင် futures များကို တရားဝင်အိတ်ချိန်းများတွင် ကုန်သွယ်ကြပြီး၊ forwards များမှာမူ တိုက်ရိုက်အရောင်းအဝယ်ပြုလုပ်ရသော ဘဏ္ဍာရေးထုတ်ကုန်များ ဖြစ်ကြပါသည်။
Futures contract တခုကို ဝယ်ယူရန်အတွက် လက်လီရင်းနှီးမြှုပ်နှံသူအကောင့်ဖွင့်ရန် လိုအပ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် အရင်းခံပိုင်ဆိုင်မှု၏ တန်ဖိုးအပြည့်အဝကို ပေးချေရန်မလိုပါ။ ၎င်းတို့သည် စုစုပေါင်းတန်ဖိုး၏ ရာခိုင်နှုန်းတခုဖြစ်သော မာဂျင်ပမာဏကိုသာ ပံ့ပိုးပေးရန် လိုအပ်ပါသည်။ မာဂျင်ကိုသတ်မှတ်ပြီးသောအခါ ကုန်သည်များသည် စာချုပ်အရွယ်အစား၊ သက်တမ်းကုန်ဆုံးရက်နှင့် အခြားအသေးစိတ်အချက်အလက်များကို ဖော်ပြ၍ အကျိုးဆောင်နှင့်အတူ အော်ဒါတခုကို ချမှတ်နိုင်ပါသည်။ Futures များအား ရှုပ်ထွေးသော ဘဏ္ဍာရေး ကိရိယာများအဖြစ်ယူဆထားသောကြောင့် ရင်းနှီးမြှုပ်နှံသူတွင် အားကောင်းသော ကုန်သွယ်ရေး ဗျူဟာတခုနှင့်တကွ ခိုင်မာသော ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်းအစီအစဉ်တခု ရှိထားသင့်ပါသည်။
Futures contract သက်တမ်းမကုန်ဆုံးမီတွင် ရင်းနှီးမြှုပ်နှံသူများ ဆောင်ရွက်နိုင်သော လုပ်ဆောင်ချက် သုံးခုရှိပါသည်။ တန်ပြန်ကုန်သွယ်ခြင်း (offsetting) ၊ သက်တမ်းတိုးခြင်း (rollover)၊ ငွေစာရင်းရှင်းလင်းခြင်း (settlement)။ တန်ပြန်ကုန်သွယ်ခြင်း သည် အရင်းခံ ပိုင်ဆိုင်မှုအား လက်တွေ့လွှဲပြောင်း၍ ငွေသားရယူခြင်း မပြုပဲ၊ ကုန်သွယ်မှုအား အရောင်းအဝယ် ပြုလုပ်ခြင်း(ငွေဖော်ခြင်း) ဖြစ်ပါသည်။ သက်တမ်းတိုးခြင်းသည် ကုန်သွယ်မှုအား နောက်ထပ်စာချုပ်တခုသို့ သက်ရောက်စေခြင်း ဖြစ်ပါသည်။ တန်ပြန်ကုန်သွယ်ခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းများ မပြုလုပ်သောအခါ၊ အရင်းခံပစ္စည်းကို လက်တွေ့သော်လည်းကောင်း၊ ငွေသားဖြင့်သော်လည်းကောင်း လွှဲပြောင်းခြင်းအတွက် တာဝန်ခံဖြေရှင်းရမည့် စာရင်းရှင်းလင်းမှု ဝတ္တရားတရပ် ကုန်သည်ထံတွင် ပေါ်ပေါက်လာပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။














