Evening star pattern သည် Morning star candlestick pattern ၏ ဆန့်ကျင်ဘက်ပုံစံဖြစ်ပါသည်။ Japanese "Evening star" pattern သည် တိုးတက်သောဈေးကွက်လည်ပတ်မှု မကြာမီ အဆုံးသတ်တော့မည်ဖြစ်ပြီး၊ အတက်လမ်းကြောင်းတွင် ဦးတည်ရာ အလှည့်အပြောင်း ဖြစ်ပေါ်တော့မည် ကို ကြိုတင်အချက်ပြပါသည်။
ဘဏ္ဍာရေးဈေးကွက်များတွင် ကုန်သွယ်သောအခါ၊ လက်တလောအမြင့်ဆုံး သို့မဟုတ် ကာလတလျှောက်၏ အမြင့်ဆုံးဈေးတန်းအသစ်များတွင် ရှည်လျားသော bullish candle တခု၊ သေးငယ်သည့် အစိမ်း သို့မဟုတ် အနီရောင် candle တခုနှင့် ကြီးမားသောအနီရောင် candle တခု - စုစုပေါင်း candlestick သုံးခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ပုံစံတခုကို သင်မြင်တွေ့ဖူးမည်ဖြစ်သည်။ ၎င်းသည် Evening Star candlestick pattern ပင် ဖြစ်ပါသည်။
Evening Star pattern ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ကုန်သွယ်ရေးပိုင်ဆိုင်မှုတခု၏ ဈေးနှုန်းသည် ဦးတည်ရာပြောင်းလဲပြီး အောက်သို့ စတင်ကျဆင်းသွားရခြင်း၏ အကြောင်းရင်းကို သင်စဉ်းစားကြည့်ဖူးပါသလား။ ထိုအခိုက်အတန့်တွင် ဈေးကွက်အတွင်း မည်သည့်အကြောင်းအရာများ ဖြစ်ပျက်ပါသနည်း။ ဤ pattern သည် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် မည်သည်ကို အချက်ပြပါသနည်း။
ဤ Japanese candlestick pattern သည် ကုန်သွယ်ရာ၌ သင်သိရှိသင့်သော အရေးကြီးသတင်းအချက်အလက်များစွာကို ပံ့ပိုးပေးပါသည်။ ဈေးနှုန်းဇယားအတွင်း evening star candlestick pattern သည် မည်သည့်အရာများကို ညွှန်ပြကြောင်း ဤဆောင်းပါးက အသေးစိတ်ညွှန်ပြပေးပါလိမ့်မည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- အရေးပါသောမှတ်သားဖွယ်ရာများ
- Evening Star ဆိုသည်မှာ အဘယ်နည်း။
- Evening Star Pattern ပေါ်ပေါက်လာပုံ
- Evening Star တခုကို မည်သို့ ခွဲခြားသတ်မှတ်ရမည်နည်း။
- Evening Star ကို အသုံးပြု၍ မည်သို့ ကုန်သွယ်မှု ပြုလုပ်မည်နည်း။
- Evening နှင့် Morning Star Patterns များကြားမှ ခြားနားချက်များ
- Evening Star Pattern အသုံးပြုခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ
- အနှစ်ချုပ်
- Evening Star pattern အကြောင်း အမေး၊ အဖြေကဏ္ဍ
အရေးပါသောမှတ်သားဖွယ်ရာများ
အဓိကမေးခွန်းများ | အပြီးသတ်ကောက်ချက်များနှင့် မှတ်သားစရာများ |
Evening Star pattern ဆိုသည်မှာ အဘယ်နည်း။ | Evening Star တခုသည် candle သုံးခုပါဝင်သော Japanese နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု candlestick patterns အမျိုးအစားဖြစ်ပါသည် - ပထမဆုံး ရှည်လျားသည့် bull candle၊ ဒုတိယမြောက် တိုတောင်းသော body ရှိသည့် (bearish or bullish) candle နှင့် တတိယ bearish candle။ |
ဤ pattern သည် ဈေးကွက်အတွင်း မည်သို့သောသက်ရောက်မှုမျိုးရှိပါသနည်း။ | ဤ pattern သည် အတက်လမ်းကြောင်းတခု၏အဆုံးတွင် ပေါ်ပေါက်လာပြီး၊ အထက်မှအောက်သို့ ဦးတည်ရာပြောင်းလဲခြင်းကို အချက်ပြပါသည်။ Evening Star pattern သည် အရောင်းများကို တိုးပွားလာစေသောကြောင့် ဈေးကွက်အပေါ် အနှုတ်သဘော အကျိုးသက်ရောက်ပါသည်။ |
Evening star pattern ကို အသုံးပြု၍ မည်ကဲ့သို့ အရောင်း ၊အဝယ် လုပ်ဆောင်ရ မည်နည်း။ | Evening star pattern ဖြင့်ကုန်သွယ်ခြင်းသည် အတက်လမ်းကြောင်း၏ ထိပ်ဆုံး၌ ယင်း pattern ပေါ်ပေါက်လာချိန်တွင် အရောင်းကုန်သွယ်မှု လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အရောင်းကုန်သွယ်မှုတခုကို စတင်ဖွင့်လှစ်ခြင်းမပြုမီ၊ နည်းပညာပိုင်းဆိုင်ရာ ညွှန်ပြကိရိယာများနှင့် အခြားသော candlestick ခွဲခြမ်းစိတ်ဖြာမှု patterns များ၏ ထပ်ဆောင်းအတည်ပြုချက်များကို ရယူရန် အရေးကြီးပါသည်။ |
ဈေးနှုန်းဇယားအတွင်း pattern ကို မည်သို့ ခွဲခြားထုတ်ဖော်နိုင်ပါသနည်း။ | ပုံမှန်အားဖြင့် ဤ pattern သည် လက်ရှိကာလ၏ အမြင့်ဆုံးပွိုင့် သို့မဟုတ် ကာလရှည်အတွင်း အမြင့်ဆုံးပွိုင့်အသစ်တခုတွင် ပေါ်ပေါက်လေ့ရှိပါသည်။ Evening star သည် candles သုံးခု ပေါင်းစပ်ထားသည့် ထူးခြားထင်ရှားသောပုံစံတခုဖြစ်ပြီး၊ စတင်လေ့လာသူများပင်လျှင် ဈေးနှုန်းဇယားအတွင်း ၎င်းကို အလွယ်တူ ခွဲခြားသိရှိနိုင်ပါသည်။ |
Evening Star candlestick pattern ၏ အဓိကအင်္ဂါရပ်များ | Evening star candlestick pattern ၏ အင်္ဂါရပ်များတွင် အောက်ပါတို့ ပါဝင်ပါသည်။
|
Pattern သည် ဇယားအတွင်း အဘယ်ကြောင့် ပေါ်ပေါက်လာပါသနည်း။ | ဤဇယားပုံစံသည် ဈေးကွက်ပါဝင်သူများအား ဝယ်သူများ၏ အားနည်းသောအလားအလာနှင့် ရောင်းသူများ၏ ဖိအားများ ကြီးထွားလာခြင်း ကို သတိပေးပါသည်။ လက်တွေ့တွင် ဤ pattern သည် ဝယ်လိုအားများလျော့နည်းလာစဉ်တွင် ဈေးကွက်ရောင်းအားများ တိုးတက်လာခြင်း ကို ပြသပါသည်။ အပြန်အလှန်အားဖြင့် ဤအချက်သည် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ အား ကျဆင်းမှုမှ အမြတ်အစွန်းရရှိစေရန် အခွင့်အရေးပေးပါသည်။ Pattern ပေါ်ပေါက်လာရခြင်း၏ အခြားအကြောင်းရင်းများတွင် ပိုင်ဆိုင်မှုဈေးနှုန်းအပေါ် အနှုတ်သဘောသက်ရောက်သော စီးပွားရေးအခြေခံအကြောင်းအရာများ ပါဝင်ပါသည်။ |
ဤ pattern အား ကုန်သွယ်ရေးတွင် မည်သို့အသုံးပြုရမည်နည်း။ | Scalping၊ day trading နှင့် swing trading အပါအဝင် Evening star pattern ဖြင့်ကုန်သွယ်ခြင်းအတွက် သင့်တော်သော နည်းဗျူဟာ များစွာရှိပါသည်။ Pattern ပေါ်ပေါက်လာပြီးသောအခါ၊ နှုန်းထားများကျဆင်းမည့် အလားအလာကို အသေအချာ အတည်ပြုရပါမည်၊ အရောင်းကုန်သွယ်မှု တခုကို ဖွင့်ပါ၊ stop loss နှင့် take profit များ သတ်မှတ်ပါ။ |
Evening Star pattern ၏ အားနည်းချက်များနှင့် အားသာချက်များ | Evening Star တခုကို ဇယားတခုပေါ်တွင် အလွယ်တကူ ခွဲခြားတွေ့ရှိနိုင်ပါသည်။ ဤအထက်မှအောက် ဆန့်ကျင်ဘက် အချက်ပြပုံစံသည် လမ်းကြောင်းအလှည့်အပြောင်းဖြစ်နိုင်သော ဈေးတန်းများကို ကြိုတင်သိရှိစေရန် လမ်းညွှန်ပေးပါသည်။ ထို့အပြင် ကာလတို အလှည့်အပြောင်းများကို အချက်ပြသော Shooting Star pattern နှင့်မတူညီစွာ၊ Evening star pattern သည် အောက်ဘက်သို့ ကျဆင်းမည့် အပြောင်းအလဲအလားအလာများကိုသာ အဓိကညွှန်ပြပါသည်။ တချိန်တည်းမှာပင်၊ ဤ pattern သည် တိုတောင်းလွန်းသော အချိန်အပိုင်းအခြားများတွင် အချက်ပြမှုအမှားများကို ထုတ်ပေးနိုင်ပါသည်။ ထို့အပြင် Evening star တခုသည် အခြားသောနည်းပညာပိုင်း ဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကိရိယာများထံမှ အတည်ပြုချက်ကိုလည်း လိုအပ်ပါသည်။ ထို့ကြောင့် အရောင်းကုန်သွယ်မှုတခုအား အမြတ်အလားအလာ ပိုနည်းသောဈေးတန်း၌ ဖွင့်လှစ်ရနိုင်ပါသည်။ |
ဤ candlestick patterns သည် မည်သည့် timeframes များတွင် ပေါ်ပေါက်ပါသနည်း။ | Evening star pattern သည် M1 မှ တလဝာာအချိန်ပိုင်းဇယားအထိ ကုန်သွယ်ရေးပလပ်ဖောင်းတွင် ပါရှိသော timeframes အားလုံးတွင် ပေါ်ပေါက်နိုင်ပါသည်။ သို့သော် ၎င်းကို M30-H1 နှင့်အထက် timeframes များတွင် အသုံးပြုရန် ပိုမိုသင့်လျော်ပါသည်။ |
Evening star pattern အတွက် Stop loss levels များ | Evening star pattern သည် အထက်သို့ရွေ့လျားမှု၏ ထိပ်ဆုံးတွင် ပေါ်ပေါက်လေ့ရှိပြီး၊ ခိုင်မာသော resistance level ကို ညွှန်ပြပါသည်။ ထို့ကြောင့် stop loss တခုအား “star” နှင့် resistance level ၏အထက်တွင် သတ်မှတ်ရပါမည်။ |
Evening Star ဆိုသည်မှာ အဘယ်နည်း။
Evening star သည် bar သုံးခုပါဝင်သော candlestick ခွဲခြမ်းစိတ်ဖြာမှုပုံစံဖြစ်ပြီး၊ အတက်လမ်းကြောင်းမှ အကျလမ်းကြောင်းသို့ ပြောင်းလဲခြင်းကို အချက်ပြပါသည်။ ထုံးစံအားဖြင့် ဤ candlestick pattern သည် လက်ရှိကာလအပိုင်းအခြားအတွင်းမှ အမြင့်ဆုံးပွိုင့် သို့မဟုတ် ရှည်လျားသော အတက်လမ်းကြောင်းတခု ၏ အဆုံးဖြစ်သော ကာလရှည်တလျှောက် အမြင့်ဆုံးပွိုင့်အသစ်များတွင် ပေါ်ပေါက်လေ့ရှိပါသည်။
Evening star တခုပေါ်ပေါက်ခြင်းသည် ဝယ်သူများ၏ လှုပ်ရှားမှု လျင်မြန်စွာကျဆင်းလာခြင်းနှင့် ပိုင်ဆိုင်မှုတွင် အဝယ်ကုန်သွယ်မှုများ လျော့နည်းလာခြင်းကို ပြသပါသည်။ တတိယ bearish candle ပေါ်လာချိန်တွင် ဈေးကွက်ရောင်းလိုအားသည် အားနည်းလာသော ဝယ်လိုအားကို စတင်လွှမ်းခြုံလိုက်သည်။ ၎င်းသည် ရုတ်တရက်ဈေးနှုန်းကျဆင်းမှုနှင့် ကာလတိုကုန်သွယ်သူများ၏ ဆက်တိုက်ရောင်းချမှုများကို ဆက်လက်ပေါ်ပေါက်စေပြီး၊ နှုန်းထားများကို ထပ်မံကျဆင်းစေရန် တွန်းအားပေးပါသည်။
ပိုင်ဆိုင်မှု၏ ဇယားပေါ်တွင် ဤပုံစံပေါ်ပေါက်လာခြင်းသည် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် derivatives များတွင် အရောင်းကုန်သွယ်မှုများဖွင့်ခြင်း သို့မဟုတ် စတော့ဈေးကွက်အတွင်း short selling ပြုလုပ်ခြင်း (ပိုင်ဆိုင်မှုလက်ဝယ်မရှိပဲယာယီငှားရမ်းရောင်းချခြင်း) အားဖြင့် ရင်းနှီးငွေများကို တိုးပွားစေရန် အခွင့်အရေးပေးပါသည်။
Evening star candlestick pattern ကို အောက်ပါဘဏ္ဍာရေးဈေးကွက်များတွင် အများဆုံးတွေ့နိုင်ပါသည် -
- Forex
- စတော့ဈေးကွက်
- ခရစ်ပတိုငွေကြေးဈေးကွက်
- ကုန်စည်များ
ထို့ကြောင့် ဤ pattern အား ခွဲခြမ်းစိတ်ဖြားမှုအချိန်အပိုင်းအခြားအမျိုးမျိုးနှင့် scalping မှ ကာလရှည်ကုန်သွယ်ရေးအထိ ကုန်သွယ်ရေးဗျူဟာများစွာတွင် အသုံးပြုနိုင်ပါသည်။
Evening Star Pattern ပေါ်ပေါက်လာပုံ
Evening star pattern သည် အဆင့်သုံးဆင့်ဖြင့် ပေါ်ပေါက်လာပါသည်။
၁။ ပထမဦးစွာ၊ ကြီးမားသော bullish candle ပေါ်ပေါက်လာပြီး၊ ပိုင်ဆိုင်မှုသည် အဝယ်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကာ၊ တိုးတက်သောလမ်းကြောင်းရှေ့သို့ဆက်သွားရန် မျှော်လင့်နိုင်ကြောင်း ညွှန်ပြပါသည်။
၂။ ဒုတိယ candle သည် ပထမ candle နှင့် အနည်းငယ်မျှကွာခြားသောနေရာတွင် သေးငယ်သော gap (ဈေးတန်းအဟ) တခုနှင့်အတူ ပေါ်ပေါက်လာပါသည်။ သို့သော် candle အဖွင့်နှင့်အပိတ်ကြားကာလတလျှောက်လုံးတွင် လှုပ်ရှားမှုများမြန်ဆန်စွာကျဆင်းသွားပါသည်။ ဆိုလိုသည်မှာ ဒုတိယ candle တွင် သေးငယ်သော body ရှိပြီး၊ shooting star သို့မဟုတ် hanging man ပုံစံအဖြစ် ပေါ်ပေါက်လာပါသည်။ တခါတရံ၊ ဒုတိယ candle တွင် body မရှိပဲ doji တခုအဖြစ် ပိတ်သိမ်းပါသည်။ ၎င်းသည် နှေးကွေးလာသော ဝယ်လိုအားများနှင့် မြင့်မားလာသော ရောင်းလိုအားများကြား ဈေးကွက်အလှည့်အပြောင်းကို ပိုမိုသေချာစေပါသည်။
၃။ တတိယ candle သည်လည်း ဒုတိယ candle ၏အောက်ဘက်သို့ သေးငယ်သော ဈေးတန်းအဟ (gap) တခုကျဆင်းလာပြီးနောက်တွင် စတင်ပေါ်ပေါက်လာသည်။ များသောအားဖြင့် ဤအဆင့်တွင် ဈေးတန်းအဟတခု ဖြစ်ပေါ်လေ့မရှိပါ။ သို့သော် ထိုလစ်ဟသောဧရိယာသည် အောက်ဘက်သို့ ဦးတည်ရာပြောင်းလဲခြင်းအတွက် အချက်ပြမှုကို ပိုမိုခိုင်မာစေပါသည်။ တတိယ candle သည် ကြီးမားသော bearish candle ဖြစ်ပြီး၊ ဈေးကွက်ကျဆင်းရန် အသင့်ဖြစ်မှုကို ညွှန်ပြပါသည်။ ရောင်းသူများသည် ဈေးနှုန်းအပေါ် ထိန်းချုပ်မှုရရှိသွားပြီး၊ တက်ကြွစွာ စတင်ရောင်းချကြပါသည်။ အရေးကြီးသော အခြေအနေတရပ်မှာ တတိယ candle သည် ပထမ candle ၏ တဝက်ခန့် အနည်းဆုံးရှိရပါမည်။ အကယ်၍ ၎င်းသည် ပထမ candle အား အပြည့်အဝဖုံးအုပ်သွားပါက၊ အခြား bearish candles များပေါ်ပေါက်လာခြင်းနှင့်အတူ မြန်ဆန်သောကျဆင်းမှုကို မျှော်လင့်နိုင်ပါသည်။
Evening Star candlestick pattern သည် ခိုင်မာသော resistance level တခုအနီး ဈေးနှုန်းစုဖွဲ့နေသောကာလအတွင်း၌လည်း ပေါ်ပေါက်လာနိုင်ကြောင်းနှင့် ၎င်းသည် အဝယ်များ၏ လှုပ်ရှားမှုလျော့နည်းလာခြင်းကို အချက်ပြကြောင်းကို သတိပြုမှတ်သားသင့်ပါသည်။
#BABA စတော့၏ တပတ်တာဇယားသည် Bump and Run ဇယားပုံစံကို ပြသပါသည်။ ယင်းပုံစံသည် မြန်ဆန်သောဈေးနှုန်းတိုးတက်ခြင်း၏နောက်တွင် အောက်ဘက်သို့ ရုတ်တရက်အလျင်အမြန် ကျဆင်းသွားခြင်းကို ညွှန်ပြပါသည်။ The Evening Star နှင့် Evening Star Doji patterns များ၊ အထူးသဖြင့် "Doji" candle သည် ဈေးနှုန်းအလှည့်အပြောင်းဖြစ်နိုင်သော ဈေးတန်းများကို ပိုမိုတိကျစွာ ညွှန်ပြပါသည်။ ထို့ကြောင့် ဇယားပေါ်တွင် Evening Star Doji ပေါ်ပေါက်လာပြီးနောက်၊ အကြီးဆုံး တရုတ်ကုမ္ပဏီများတွင်အပါအဝင်ဖြစ်သော အဆိုပါကုမ္ပဏီကြီး၏ ရှယ်ယာများသည် နှစ်နှစ်အတွင်း ၈၂% ကျဆင်းသွားခဲ့ပါသည်။
Evening Star တခုကို မည်သို့ ခွဲခြားသတ်မှတ်ရမည်နည်း။
ယခုမှ စတင်လေ့လာကြသော ကုန်သည်အသစ်များပင်လျှင် ၎င်း၏ ဖွဲ့စည်းမှုလက္ခဏာများကို သိရှိပြီးပါက၊ Evening Star candlestick pattern တခုကို ဇယားပေါ်တွင် အလွယ်တကူခွဲခြားသိရှိနိုင်ပါသည်။
ဤ candlestick pattern သည် အောက်ဘက်သို့ဦးတည်သော အလှည့်အပြောင်းတခုကို အစောပိုင်းအဆင့်၌ပင် သင့်အား ကြိုတင်သိရှိစေပါသည်။ ဤ pattern ပေါ်ပေါက်လာသောအခါ၊ အဝယ်ကုန်သွယ်မှုတခုကို ပိတ်သိမ်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဤ pattern ကို အတည်ပြုပြီးသည်နှင့်၊ အရောင်းကုန်သွယ်မှုများကို စတင်လုပ်ဆောင်သင့်ပါသည်။
ဇယားပေါ်တွင် Evening star pattern ကို ခွဲခြားသတ်မှတ်ခြင်းအတွက် အခြေခံအချက်များ -
- ဤ Japanese pattern သည် အတက်လမ်းကြောင်း၏ အဆုံးတွင် လမ်းကြောင်းအလှည့်အပြောင်းတခုကို အချက်ပြသည့်အနေဖြင့် ပေါ်ပေါက်လာပါသည်။
- ဤ pattern အား resistance level တွင် စတင်ဖွဲ့စည်းပါသည်။ ထို့ကြောင့် ကုန်သွယ်ရေးအမျိုးအစား၏ အရေးပါသော support နှင့် resistance ဇုန်များကို ဆုံးဖြတ်ရန် အရေးကြီးပါသည်။
- ပထမနှင့် ဒုတိယ candles နှင့် ဒုတိယနှင့် တတိယ candles များကြားတွင် ဈေးတန်းအဟ (gap)တခု ပေါ်ပေါက်ပါက၊ ၎င်းသည် evening star တခု၏ ထင်ရှားသော ညွှန်ပြချက်ဖြစ်ပါသည်။
- အကယ်၍ bearish candle သည် ပထမ bullish candle ထက် အဆများစွာ ပိုကြီးပါက၊ ၎င်းသည် “evening star” pattern ပေါ်ပေါက်အပြီး၊ အောက်ဘက်သို့ မြန်ဆန်သောရွေ့လျားမှုတခုကို အခိုင်အမာ အချက်ပြပါသည်။
- Tick ပမာဏကို သေချာစွာစောင့်ကြည့်ရန် အရေးကြီးပါသည်။ အကယ်၍ ပမာဏသည် ပထမ candle တွင် နိမ့်ပါးကာ၊ တတိယ candle တွင် မြန်ဆန်စွာမြင့်တက်လာပါက၊ ယင်းဖြစ်စဉ်သည် pattern ကို အတည်ပြုပါသည်။ ထို့အပြင် ကုန်သွယ်မှုပမာဏသည် ဈေးကွက် ဝယ်လိုအား/ရောင်းလိုအားကို တွန်းအားပေးသောကြောင့် ပိုင်ဆိုင်မှုတွင် ငွေသားစီးဆင်းမှုကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်သင့်ပါသည်။
Evening Star ဥပမာ
Evening star candlestick pattern ဖြစ်ပေါ်ပုံသည် ပိုင်ဆိုင်မှုတခုနှင့် တခုကြား ကွဲပြားပါသည်။
Timeframes အနည်းငယ်တွင် ဥပမာအချို့ကို စူးစမ်းကြည့်ကြပါစို့။
၁။ ခရစ်ပတိုဈေးကွက်၊ ETHUSD၊ M30 ဇယား
ဈေးကွက်အရင်းအနှီးအားဖြင့် ဒုတိယအကြီးမားဆုံးဖြစ်သော Ethereum ၏ ဈေးနှုန်းဇယားသည် လက်ရှိအချိန်အပိုင်းအခြားအတွင်း ထိပ်ဆုံးအမှတ်ဖြစ်သော 3,436.50 ၌ evening star pattern ပေါ်ပေါက်လာမှုကို ပြသပါသည်။ ၎င်းတွင် အခြားသော အထက်မှအောက်ဆန့်ကျင်ဘက်အချက်ပြ pattern ဖြစ်သည့် — shooting star တခုလည်း ပါဝင်ပါသည်။ ထိုအခြေအနေသည် ဈေးနှုန်းဦးတည်ရာအလှည့်အပြောင်းကို အချက်ပြပြီး၊ ပိုင်ဆိုင်မှုတွင် အရောင်းကုန်သွယ်မှုများဖွင့်နိုင်ရန် အခွင့်အရေးပေးပါသည်။
အဝယ်များသည် resistance level ကို ချိုးဖောက်ရန် ကျရှုံးခဲ့ပြီးနောက်၊ ကာလတိုလမ်းကြောင်း၏အလယ် (ဈေးနှုန်းစုဖွဲ့ချိန်အတွင်း)၌ နောက်ထပ် evening star pattern တခု ပေါ်ပေါက်လာပါသည်။ ထို့အပြင် pattern တခုစီတွင် tick ပမာဏများ တိုးတက်လာပြီး၊ အရောင်းဖိအားများကို အတည်ပြုပါသည်။
3,212.42 ၌ အောက်မှအထက်သို့ဆန့်ကျင်ဘက်အချက်ပြသော hammer patterns များ ဆက်တိုက်ပေါ်ပေါက်လာခြင်းသည် အကျလမ်းကြောင်း အဆုံးသတ်ခြင်းကို အမှတ်အသားပြုပါသည်။
၂။ Forex ဈေးကွက်၊ AUDUSD၊ H1 ဇယား
AUDUSD ငွေကြေးအတွဲဇယားပေါ်တွင်၊ ကျွန်ုပ်တို့သည် အတက်လမ်းကြောင်းအဆုံးသတ်မှုကို အချက်ပြသည့် ပထမဆုံး shooting star pattern ကို ခွဲခြားသိရှိနိုင်ပါသည်။ ထို့နောက်၊ evening star pattern စတင်ဖြစ်ပေါ်လာသည်ကို တွေ့မြင်နိုင်ပါသည်။ ၎င်းတွင် အခြား shooting star pattern တခုပါဝင်နေပြီး၊ ပင်မ pattern ကို ပိုမိုခိုင်မာစေပါသည်။ "evening star" pattern ပေါ်ပေါက်လာချိန်၌ ပိုင်ဆိုင်မှုတွင် ကုန်သွယ်မှုပမာဏများတိုးပွားလာခြင်းကိုလည်း သတိပြုမိရန်လိုအပ်ပါသည်။ ဤအချက်သည် နှုန်းထားများ အောက်သို့ပြန်လည်ကျဆင်းမည့်အလားအလာကို အတည်ပြုပါသည်။
ဈေးနှုန်းသည် အရေးပါသည့် support level ဖြစ်သည့် 0.6506 သို့ ရောက်ရှိသောအခါ၊ ဇယားသည် evening star နှင့်ဆန့်ကျင်ဘက်—morning star နှင့် morning star doji တခုကို ပြသပါသည်။ ၎င်းသည် အရောင်းကုန်သွယ်မှုဖြင့်စာရင်းဖွင့်ထားသူများအတွက် ၎င်းတို့၏ အရောင်းကုန်သွယ်မှုများကို ပိတ်သိမ်းရန် အချက်ပြမှုတခု ဖြစ်လာပါသည်။
၃။ စတော့ဈေးကွက်၊ #NIKE၊ H4 ဇယား
Candlestick patterns များသည် စတော့ဇယားများတွင် ပိုမိုထိရောက်မှုရှိပြီး၊ သိသာထင်ရှားပါသည်။ ဥပမာအားဖြင့်၊ အထက်ပါဇယားသည် 128.68 နှင့် 123.47 ကြား၌ ပိုင်ဆိုင်မှု၏ ဈေးနှုန်းစုဖွဲ့မှုကို ပြသပါသည်။ ဈေးနှုန်းသည် ဤစုဖွဲ့မှုအတွင်းမှ အထက် သို့မဟုတ် အောက်ဘက်သို့ ထွက်ခွာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်တို့သည် လက်ရှိအပိုင်းအခြား၏ အမြင့်ဆုံးပွိုင့်တခုကို တွေ့ရှိထားပြီး၊ ထိုပွိုင့်တွင် အထက်မှအောက်သို့ ဆန့်ကျင်ဘက်အချက်ပြပုံစံများစွာ ပေါ်ပေါက်ခဲ့ပြီးဖြစ်လေရာ၊ ဤအခြေအနေတွင် အောက်ဘက်သို့ဖောက်ထွက်မှုတခုကို မျှော်လင့်သင့်ပါသည်။
အောက်ဘက်သို့ ပြောင်းလဲကျဆင်းမှုကို bearish engulfing pattern မှ ပထမဆုံး အချက်ပြပါသည်။ ထို့နောက် အခြား "hanging man” ဆန့်ကျင်ဘက်ပုံစံတခု ထပ်မံပေါ်ပေါက်လာပြီး၊ ပိုင်ဆိုင်မှုသည် မြင့်မားသောဈေးနှုန်းဧရိယာအတွင်းရောက်ရှိနေကြောင်း ကုန်သည်များအား သတိပေးပါသည်။
ထို့အပြင်၊ ကျွန်ုပ်တို့သည် ပုံမှန်မြင်တွေ့ရလေ့ရှိသည်နှင့်ကွဲပြားသော evening star pattern တခု၏ ဥပမာကို တွေ့မြင်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ဒုတိယ candle အဆုံးသတ်ပြီးနောက် တတိယ candle မဖြစ်ပေါ်မီ လှစ်ဟနေသောဈေးနှုန်းဧရိယာများ (gaps များ) သည် pattern ၏ ခိုင်မာမှုကို သက်သေပြုပါသည်။ ဤဖြစ်စဉ်၌ ကျွန်ုပ်တို့သည် အားကောင်းသော အရောင်းဖိအားများကို တွေ့မြင်နိုင်ပါသည်။
Dark cloud pattern နှင့် နောက်ထပ် bearish engulfing pattern သည် evening stars များကို အတည်ပြုပါသည်။ ၎င်းတို့သည် နောက်ဆုံးအချက်ပြမှုများအဖြစ် ပေါ်ထွက်လာပြီး၊ ထို့နောက်တွင် ဈေးနှုန်းသည် အောက်ဘက်သို့ သိသာစွာ စတင်ကျဆင်းသွားပါသည်။
၄။ S&P500 index ၏ futures စာချုပ်များ၊ D1 ခွဲခြမ်းစိတ်ဖြာမှုဇယား။
၂၀၂၂ နှစ်အစပိုင်းသည် မိုးထိအောင်မြင့်တက်လာသော ငွေကြေးဖောင်းပွမှု၊ ဗဟိုဘဏ်ငွေကြေးမူဝါဒများတင်းကြပ်ခြင်း၊ ကမ္ဘာတလွှား ပထဝီနိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများ မြင့်မားလာခြင်း အစရှိသဖြင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက် ထင်ရှားသော စိန်ခေါ်မှုများကို ခင်းကျင်းထားခဲ့သည်။ ရလာဒ်အနေဖြင့် အရေးပါသော US index တခုဖြစ်သည့် S&P 500 သည် လွန်ခဲ့သော ၁၅ နှစ်ဝာာအတွင်း အနိမ့်ဆုံးစံချိန်တင်ဈေးတန်းများသို့ ကျဆင်းသွားခဲ့သည်။
ဈေးနှုန်းကျဆင်းခြင်းနှင့် အရောင်းအလေးသာသော အခြေအနေတခုသို့ ဈေးကွက်၏ကူးပြောင်းခြင်းအား ကာလတလျှောက်၏ အမြင့်ဆုံးဈေးနှုန်းပွိုင့်များ၌ evening stars များပေါ်ပေါက်လာခြင်းနှင့်အတူ ယှဉ်တွဲတွေ့မြင်ရပါသည်။ ထို့အပြင်၊ အဆိုပါ candlestick patterns များသည် ပို၍ကြီးမားသော Ascending wedge ဇယားပုံစံတခုကို အတည်ပြုပါသည်။ ဤပေါင်းစပ်မှုသည် အဝယ်ကုန်သွယ်မှုများပိတ်ရန် ခိုင်မာသောအချက်ပြမှုဖြစ်ပါသည်။
Evening Star ကို အသုံးပြု၍ မည်သို့ ကုန်သွယ်မှု ပြုလုပ်မည်နည်း။
Evening Star candlestick pattern သည် ထိရောက်မှုမြင့်မားပြီး၊ ရှာဖွေရန်လွယ်ကူသောကြောင့် ၎င်းကို ကုန်သွယ်ရေးတွင် တွင်ကျယ်စွာ အသုံးပြုကြပါသည်။ ၎င်းကို သင်၏ကုန်သွယ်မှုဗျူဟာသို့ အလွယ်တကူပေါင်းစပ်နိုင်ပြီး၊ အမြတ်ရလာဒ်များထွက်ပေါ်ရန်အလားအလာကို မြှင့်တင်နိုင်ပါသည်။ Evening Star pattern ကို အသုံးပြုထားသည့် အောင်မြင်သောနည်းဗျူဟာအနည်းငယ်ကို ကြည့်ရှုကြပါစို့။
၁။ Resistance levels များဖြင့် ကုန်သွယ်ခြင်း
ဤနည်းဗျူဟာသည် အရေးပါသော resistance level အနီး အမြင့်ဆုံးဈေးနှုန်းတွင် pattern ပေါ်ပေါက်လာပြီးနောက်၊ အဝယ်ကုန်သွယ်မှုတခုဖွင့်ရန် အကြံပြုပါသည်။
NZDUSD ၏ M30 ဇယားသည် 0.6085 အောက်၌ evening star တခုဖြစ်ပေါ်လာသည်ကို ပြသပါသည်။ ထို့နောက်၊ နှုန်းထားများ အနည်းငယ်ကျဆင်းသွားပြီး၊ resistance level ကို စမ်းသပ်ရန် အထက်သို့ ပြန်လှည့်လာပါသည်။ သိုသော်လည်း၊ ဒုတိယ evening star pattern နှင့် လမ်းကြောင်းမျဉ်း အောက်သို့ဖောက်ထွက်မှုများမှ ညွှန်ပြသည့်အတိုင်း၊ resistance level ၏အထက်သို့ ဈေးနှုန်းမြှင့်တင်ရန် အဝယ်များ၏ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါ။
ဤဖြစ်စဉ်တွင် ပထမ သို့မဟုတ် ဒုတိယ pattern ပေါ်ပေါက်ပြီးချိန်၌ အရောင်းကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။ တခုတည်းသော ကွဲလွဲချက်မှာ ပထမ pattern ထွက်ပေါ်လာပြီး၊ ကုန်သွယ်မှုတခုဖွင့်ခြင်းသည် အမြတ်အစွန်း ပိုရနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပထမဆုံး evening star သည် ပို၍မြင့်သောဈေးတန်း၌ ရှိသောကြောင့်ဖြစ်သည်။ Resistance level- 0.6090 အထက်တွင် Stop Loss တခုကို သတ်မှတ်ထားသင့်ပါသည်။ 0.6044-0.5999 ကြား support level တွင် Take profit တခုကို သတ်မှတ်၍ အမြတ်တစိတ်တပိုင်းကို သိမ်းဆည်းသင့်ပါသည်။
၂။ Evening Star အား အခြား candlestick ပုံစံများနှင့် တွဲဖက်ကုန်သွယ်ခြင်း
ဤကုန်သွယ်မှုဗျူဟာသည် အခြား candlestick ပုံစံများကို အသုံးပြု၍ pattern အား အတည်ပြုခြင်းကို ရည်ညွှန်းပါသည်။
အထက်တွင်ဖော်ပြထားသော #EBAY စတော့၏ ၄ နာရီဇယားတွင် resistance level 59.02 ၌ evening star pattern ပေါ်ပေါက်လာသည်ကို ပြသထားပါသည်။ ထို့နောက် နှုန်းထာများသည် အောက်ဘက်သို့ ဦးတည်ရာပြောင်းလဲ၍ ကျဆင်းသွားပါသည်။
Evening star pattern ၏ နောက်တွင် hanging man၊ bearish marubozu ပုံစံတခုစီနှင့်အတူ အထက်တွင် ရှည်လျားသည့် shadow ပါဝင်သော shooting star တခု ပေါ်ထွက်လာပါသည်။ ယင်း patterns များ ပေါင်းစည်းမှုသည် အဝယ်ပမာဏများလျော့ကျခြင်းနှင့် အရောင်းလုပ်ဆောင်မှုများ မြန်ဆန်သွက်လက်လာခြင်းကို အတည်ပြုပါသည်။
ဤဖြစ်စဉ်တွင် အခြား ကျဆင်းသော အချက်ပြမှုများကို မြင်တွေ့ရပြီးနောက်၊ 57.05 ဈေးတန်းဝန်းကျင်တွင် အရောင်းကုန်သွယ်မှုတခုကို ဖွင့်လှစ်နိုင်ပါသည်။ ယခင်ကုန်သွယ်မှုဗျူဟာနှင့်အလားတူ၊ Stop Loss တခုအား resistance level 59.51 အထက်တွင် သတ်မှတ်နိုင်ပါသည်။ ပစ်မှတ်များမှာ 55.21၊ 53.35၊ 50.42 နှင့် 47.28 တို့ ဖြစ်ကြပါသည်။
Hammer နှင့် Bullish counterattack ဆန့်ကျင်ဘက်အချက်ပြပုံစံများသည် ကုန်သွယ်မှုများပိတ်သိမ်းရန် ဆုံးရှုံးနိုင်ခြေအချက်ပြမှုတခု ဖြစ်ပါသည်။ ဤ pattern များဖြစ်ပေါ်လာပြီးနောက်တွင် နှုန်းထားများသည် အထက်သို့ ပြန်လည်ရွေ့လျားသွားခဲ့ပြီး၊ ဈေးနှုန်းသည် 57.05 သို့ပြန်လည်ခုန်တက်ကာ အဝယ်များကို ပံ့ပိုးပေးခဲ့ပါသည်။
၃။ နည်းပညာပိုင်းဆိုင်ရာ indicators များနှင့်အတူ Evening Star ကို အသုံးပြု၍ကုန်သွယ်ခြင်း
ယခုဖော်ပြမည့် evening star pattern ၏ ပေါင်းစပ်ကုန်သွယ်မှုဗျူဟာတွင် candlestick ခွဲခြမ်းစိတ်ဖြာမှုနှင့် နည်းပညာပိုင်းဆိုင်ရာညွှန်ပြကိရိယာများကို တပြိုင်တည်းအသုံးချခြင်း ပါဝင်ပါသည်။
ဥပမာအားဖြင့်၊ UKBRENT ဇယားတွင် အောက်ပါ နည်းပညာဆိုင်ရာညွှန်ပြကိရိယာများကို နမူနာအဖြစ် အသုံးပြုကြပါစို့။
- MFI၊ ပိုင်ဆိုင်မှုတွင် ငွေအဝင်အထွက်စီးဆင်းမှုကိုပြသပေးသော ပမာဏညွှန်ပြကိရိယာ
- Stochastic၊ လက်ရှိဈေးနှုန်းအား တိကျသောအတိတ်ကာလတခုနှင့် နှိုင်းယှဉ်တိုင်းတာသည့် stochastic oscillator။ ပိုင်ဆိုင်မှုအတွက် ရောင်းလိုအား/ဝယ်လိုအား လွန်ကဲမှုများကို တွက်ချက်ရာတွင် ၎င်းကို အသုံးပြုပါသည်။
- MACD၊ ဈေးကွက်ပါဝင်သူများအား လမ်းကြောင်း၏ကြံ့ခိုင်မှုနှင့် ဦးတည်ရာကို ရှာဖွေဖော်ထုတ်နိုင်စေပြီး၊ အမြတ်အစွန်းပိုမို ရရှိစေသော ဈေးကွက်အဝင်ပွိုင့်များကို ခွဲခြားသိရှိစေပါသည်။
အထက်ပါဇယားသည် evening star pattern ပေါ်ထွက်လာသောအချိန်အတွင်း ဝယ်လိုအားလွန်ကဲသောဇုန်၏အောက်ဘက်သို့ MFI နှင့် Stochastic တို့ ထွက်ခွာသွားပုံကို ပြသပါသည်။ ၎င်းသည် ပိုင်ဆိုင်မှု၏ ပြင်ပသို့ ငွေများစီးဆင်းမှုကို ညွှန်ပြပြီး၊ ဈေးနှုန်းဦးတည်ရာအလှည့်အပြောင်းကို အချက်ပြပါသည်။
ထို့အပြင် evening star ပုံစံဖွဲ့စည်းနေချိန်အတွင်း MACD indicator တန်ဖိုးများသည် သုညနယ်နိမိတ်မျဉ်းအား အထက်မှ ဖောက်ထွက်သွားကာ အနှုတ်ဇုန်အတွင်း စတင်တိုးတက်လာပါသည်။ ဤအခြေအနေသည်လည်း ဦးတည်ရာအပြောင်းအလဲကို အတည်ပြုပေးပြီး၊ အားကောင်းသောအရောင်းဖိအားများကို ထင်ရှားစေပါသည်။
အဆိုပါ အချက်ပြမှုများကို ခွဲခြားစိစစ်ခဲ့ပြီးနောက်၊ အရောင်းကုန်သွယ်မှုတခုကို 92.00 ဝန်းကျင်တွင် ဖွင်လှစ်သင့်ပါသည်။ Stop Loss အား 96.47 တွင် သတ်မှတ်ထားသင့်ပြီး၊ အမြတ်ပစ်မှတ်မှာ 82.58 ဖြစ်ပါသည်။ ထိုဈေးတန်းသည် အဝယ်များအတွက် ခိုင်မာသော support level တခု ဖြစ်ပါသည်။ Morning star pattern နှင့် ၎င်း၏ ဒုတိယနှင့် တတိယ candles များကြားမှ လစ်ဟသောဈေးနှုန်းဧရိယာသည် အရောင်းကုန်သွယ်မှုများကို ပိတ်ရန် အချက်ပြမှုတခု ဖြစ်ခဲ့ပါသည်။
Evening နှင့် Morning Star Patterns များကြားမှ ခြားနားချက်များ
Evening star pattern သည် Morning star candlestick pattern ၏ ကျဆင်းမှုအချက်ပြသောဗားရှင်းအခွဲတခု ဖြစ်ပါသည်။
အောက်ပါ ကော်လံဇယားသည် patterns နှစ်ခုကြားမှ ခြားနားချက်များက်ု အသေးစိတ်ဖော်ပြပါသည်။
Evening Star | Morning Star |
Evening star သည် ပိုင်ဆိုင်မှု၏ အထက်မှအောက်သို့ အလှည့်အပြောင်းတခုကို အချက်ပြပါသည်။ | Morning Star သည် အကျလမ်းကြောင်းအဆုံးသတ်ခြင်းကို ညွှန်ပြပြီး၊ အောက်မှအထက်သို့ ဈေးနှုန်းဦးတည်ရာအလှည့်အပြောင်းအတွက် အချက်ပြပါသည်။ |
၎င်းသည် အတက်လမ်းကြောင်း၏ အဆုံးဖြစ်ပြီး၊ လက်ရှိကာလ သို့မဟုတ် ကာလတလျှောက်၏ အမြင့်ဆုံးဈေးနှုန်းပွိုင့်များတွင် ပေါ်ပေါက်ပါသည်။ | Morning star pattern သည် အကျလမ်းကြောင်း၏အဆုံး ဈေးကွက်၏ အနိမ့်ဆုံးအမှတ်တွင် ပေါ်ပေါက်ပါသည်။ |
ဤ pattern တွင် candles သုံးခု ပါဝင်ပါသည် - ပထမဆုံး တိုးတက်သော candle၊ အနီ သို့မဟုတ် အစိမ်းရောင် ဒုတိယ candle နှင့် တတိယမြောက် အောက်သို့ကျဆင်းသော candle။ | ဤ Pattern တွင်လည်း candles သုံးခုပါဝင်ပါသည် - ပထမဆုံး အနီရောင် candle၊ ဒုတိယမြောက် တိုးတက်သော သို့မဟုတ် ကျဆင်းသော candle နှင့် တတိယမြောက် တိုးတက်သော candle။ |
Pattern ပေါ်ပေါက်လာသောအခါ၊ အရောင်း ကုန်သွယ်မှုတခုကို ဖွင့်သင့်ပြီး၊ stop loss အား resistance ၏အထက်တွင် သတ်မှတ်သင့်ပါသည်။ | Pattern ပေါ်ပေါက်လာသောအခါ၊ အဝယ် ကုန်သွယ်မှုတခုကို ဖွင့်သင့်ပြီး၊ stop loss အား support ၏အောက်တွင် သတ်မှတ်သင့်ပါသည်။ |
Evening Star Pattern အသုံးပြုခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ
အခြားသော candlestick pattern များကဲ့သို့ပင်၊ Evening Star တွင်လည်း အားသာချက်များနှင့် အားနည်းချက်များ ရှိပါသည်။ ဤ candlestick pattern ၏ အားသာချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ဤဇယား pattern သည် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအား ဈေးနှုန်းရွေ့လျားမှုဦးတည်ရာ အထက်မှအောက်သို့ ပြောင်းလဲမည့် ဈေးတန်းတခုကို ကြိုတင်ခန့်မှန်းမိစေပြီး၊ အမြတ်အလားအလာပိုမြင့်သောဈေးတန်းတွင် ဈေးကွက်သို့ ဝင်ရောက်နိုင်စေပါသည်။
- ဤ pattern အား မည်သည့်ဘဏ္ဍာရေးပိုင်ဆိုင်မှု၏ ဈေးနှုန်းဇယားများပေါ်တွင်မဆို တွေ့ရှိနိုင်ပြီး၊ timeframes အမျိုးမျိုးတွင် အသုံးပြုနိုင်ပါသည်။ သင်သည် ဤ pattern အား ကုန်သွယ်ရေးဗျူဟာများစွာတွင် အောင်မြင်စွာ အသုံးချနိုင်ပြီး၊ ၎င်း၏ အကူအညီဖြင့် ပိုမို ထိရောက်သော ကုန်သွယ်ရေးဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပါသည်။
- ဤ pattern အား ဈေးနှုန်းဇယားပေါ်တွင် အလွယ်တကူ ခွဲခြားသိရှိနိုင်ပါသည်။
- ဤ candlestick pattern တွင် အရောင်းကုန်သွယ်မှုတခုဖွင့်ခြင်း၊ stop loss နှင့် take profit များသတ်မှတ်ခြင်းအတွက် ရှင်းလင်းပြတ်သားသော စည်းမျဉ်းများ ရှိပါသည်။
အောက်ပါအချက်များကို Evening Star pattern ၏ အားနည်းချက်များအဖြစ် မှတ်ယူနိုင်ပါသည်။
- ၎င်းကို M 30 နှင့်အထက် ရှည်လျားသော ဇယားများတွင် အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ Pattern ပေါ်ပေါက်လာသော timeframe ၏ ကာလအပိုင်းအခြားကြာမြင့်လေလေ၊ လမ်းကြောင်းအလှည့်အပြောင်းအတွက် ၎င်း၏အချက်ပြမှု ပိုမိုခိုင်မာလေလေ ဖြစ်သည်။ M 30 အောက် တိုတောင်းသော ဇယားများတွင် ဈေးကွက်လှုပ်ခတ်မှုများမြင့်မားသောကြောင့် အချက်ပြမှုအမှားများ ပေါ်ပေါက်နိုင်ပါသည်။
- ဤ pattern ကိုအသုံးပြ၍ ကုန်သွယ်မှုလုပ်ဆောင်သောအခါ၊ အခြား နည်းပညာပိုင်းဆိုင်ရာ indicators များနှင့် ဆန့်ကျင်ဘက်အချက်ပြ candlestick patterns များထံမှ အတည်ပြုချက်များကို လိုအပ်ပါသည်။
အနှစ်ချုပ်
ခြုံငုံ၍ သုံးသပ်ရသော်၊ evening star သည် ဈေးနှုန်းဦးတည်ရာအလှည့်အပြောင်းကို ကြိုတင်ခန့်မှန်းနိုင်ရန် ကုန်သည်များအတွက် အကူအညီပေးသော ယုံကြည်စိတ်ချထိုက်သည့် candlestick pattern တခုအဖြစ် ကျွန်ုပ်တို့မှ အသေအချာ ကောက်ချက်ချနိုင်ပါသည်။ Pattern သည် အောင်မြင်စွာ အလုပ်လုပ်သောအခါများ၌ ဤအချက်သည် ကျွန်ုပ်တို့အား အရောင်းကုန်သွယ်မှုများကို ပိုမိုအားသာသော ဈေးနှုန်းများ၌ ဖွင့်လှစ်နိုင်ရန်နှင့် အမြတ်အလားအလာများကို မြှင့်တင်နိုင်ရန် အခွင့်အရေးပေးပါသည်။
Evening Star candlestick pattern သည် candlestick သုံးခုဖြင့်ဖွဲ့စည်းထားသည့် ရိုးရှင်းသော ပုံစံတခုဖြစ်ပြီး၊ ၎င်းကို အမြင့်ဆုံးဈေးနှုန်းပွိုင့်များတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါသည်။ ဤ pattern အား အခြားနည်းပညာပိုင်းဆိုင်ရာ ညွှန်ပြကိရိယာများ၊ အခြားသော ဇယားပုံစံများ၊ candlestick patterns များဖြင့် ပေါင်းစပ်အသုံးပြုသင့်ပါသည်။
ဤ pattern သည် သင်၏ ကုန်သွယ်ရေးဗျူဟာကို ပိုမိုကြံ့ခိုင်စေပြီး၊ ထိရောက်မှုမြင့်မားစေပါသည်။ Evening Star pattern အား သင်၏ ကုန်သွယ်မှုဗျူဟာတွင် အောင်မြင်စွာ ပေါင်းစပ်ထည့်သွင်းနိုင်ရန်၊ LiteFinance တွင် အခမဲ့ ဒီမိုအကောင့်တခုကို အသုံးပြုနိုင်ပါသည်။ ဤအွန်လိုင်းကုန်သွယ်ရေးပလပ်ဖောင်းသည် ကျယ်ပြန့်သော ပိုင်ဆိုင်မှုအမျိုးအစားများနှင့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအထောက်အကူများကို ပံ့ပိုးပေးပါသည်။
Evening Star pattern အကြောင်း အမေး၊ အဖြေကဏ္ဍ
shooting star pattern တွင် တိုတောင်းသော body ရှိသည့် candle တခုနှင့် အထက်သို့ ရှည်လျားသော shadow တခု ပါဝင်ပါသည်။ Evening star pattern တွင် candles သုံးခုပါဝင်ပြီး၊ ၎င်းသည် အောက်ဘက်သို့ ဦးတည်ရာပြောင်းလဲခြင်းအတွက် ပိုမိုခိုင်မာသော အချက်ပြမှုဖြစ်ပါသည်။ Shooting star သည်လည်း ဆန့်ကျင်ဘက်လမ်းကြောင်းအလှည့်အပြောင်းကို အချက်ပြသော ပုံစံတခုပင်ဖြစ်သည်။ သို့သော် ၎င်းသည် အချက်ပြမှုအမှားများကို ပို၍မကြာခဏ ထုတ်ပေးလေ့ရှိပြီး၊ ဈေးနှုန်းသည် အနည်းငယ်မျှယာယီကျဆင်းပြီးနောက် အထက်သို့ပြန်လည်တိုးတက်သွားလေ့ရှိသည်။
Evening star သည် လမ်းကြောင်းအလှည့်အပြောင်းကို ကြိုတင်သတိပေးသော ထိရောက်မှုမြင့်မားသည့် ဆန့်ကျင်ဘက်အချက်ပြ ဇယားပုံစံတခုဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ အခြားသော candlestick pattern တခုခုနှင့် နည်းပညာပိုင်းဆိုင်ရာ indicators များထံမှ အတည်ပြုချက်ကို လိုအပ်ပါသည်။
ပိုမိုကြာမြင့်သော ခွဲခြမ်းစိတ်ဖြာမှုအပိုင်းအခြားများ၌ အချက်ပြမှုစုစုပေါင်း၏ ၈၀ မှ ၉၀% တွင် လမ်းကြောင်းအလှည့်အပြောင်း ဖြစ်ပေါ်ပါသည်။ ဤခိုင်မာသော အချက်ပြပုံစံသည် ဈေးကွက်ပါဝင်သူများအား ကုန်သွယ်ရေးပိုင်ဆိုင်မှုတခု၏ ရောင်းလိုအားမြင့်မားသော အခြေအနေသို့ အလျင်အမြန်ရောက်ရှိတော့မည့်အလားအလာကို ကြိုတင်သတိပေးပြီး၊ ရှိနှင့်သော အဝယ်ကုန်သွယ်မှုများကို ပိုမိုအားသာသော ဈေးတန်းများ၌ ပိတ်သိမ်းနိုင်ရန် အခွင့်အရေးရစေပါသည်။
ပထမဦးစွာ၊ evening star pattern ကို ဇယားပေါ်တွင် ခွဲခြားထုတ်ဖော်ပါ၊ ပိုင်ဆိုင်မှုအတွက် support နှင့် resistance levels များကို ဆုံးဖြတ်ပါ။ ထို့နောက် နည်းပညာပိုင်းဆိုင်ရာ indicators များနှင့် အခြား candlestick patterns များထံမှ အတည်ပြုချက်ကို စောင့်ဆိုင်းပါ။ သင်၏ ခန့်မှန်းချက်နှင့် စပ်လျဉ်း၍ အပြည့်အဝ သေချာမှုရှိပြီးသောအခါ၊ အရောင်းကုန်သွယ်မှုတခုကို စာရင်းဖွင့်၍ pattern နှင့် resistance level အထက်တွင် Stop Loss တခုကို သတ်မှတ်ပါ။ Take Profit အား အနီးစပ်ဆုံး support levels များတွင် သတ်မှတ်ပါ သို့မဟုတ် ဇယားအတွင်း အောက်မှ အထက် ဆန့်ကျင်ဘက် ပုံစံများ (bullish reversal patterns များ) မပေါ်ပေါက်မီတွင် ကုန်သွယ်မှုကိုပိတ်သိမ်းပါ။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။





















