Forex ကုန်သွယ်ရေးစာအုပ်များသည် သီးသန့်ဘလော့များ၊ သီအိုရီစာတမ်းများ၊ ဖိုရမ်များနှင့် သီးခြားဆောင်းပါးများအပြင် အခြားရွေးချယ်စရာတခုဖြစ်ပါသည်။ စာအုပ်များသည် ကုန်သွယ်ရေး၏ အနှစ်သာရကို ဖြောင့်မတ်စွာနှင့် လေးနက်စွာ ဖော်ပြကြပြီး၊ ကျွမ်းကျင်သောစာရေးသူများ သည် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေကြပါသည်။ ထိုမျှသာမက၊ စာအုပ်များသည် သင်ဖတ်ရှုလေ့လာလိုသော အကြောင်းအရာအား အချိန်မရွေး သင့်စိတ်ကြိုက်အချိန်ယူ၍ ပြန်လည်ဖတ်ရှု၊ သုံးသပ်နိုင်ရန် ခွင့်ပြုပေးပါသည်။ 

ဤဆောင်းပါးသည် Forex ကုန်သွယ်ရေးတွင် ရေပန်းအစားဆုံးနှင့် အကောင်းဆုံးစာအုပ်များအကြောင်း အကျဉ်းချုံ့သုံးသပ်ချက်တခုကို ဖော်ပြပါသည်။ စာရေးသူများသည် ကျွမ်းကျင်သူများနှင့် ပညာပေးသူများအနေဖြင့်၊ အတွေ့အကြုံနုနယ်သော ကုန်သည်အသစ်များစွာအား ၎င်းတို့၏ အသက်မွေးမှုလမ်းကြောင်းကို တည်ဆောက်နိုင်ရန် အကူအညီပေးခဲ့ပါသည်။ စာရေးသူတစ်ဦးစီတွင် အများနှင့်မတူသော စာအရေးအသား၊ အလေးပေးအကြောင်းအရာများနှင့် ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ဓိကမှတ်သားဖွယ်ရာများ

အဓိက

အကြောင်းအရာ

အနှစ်ချုပ်များနှင့် အဓိကမှတ်သားဖွယ်ရာများ

ကိုယ်တိုင်သင်ယူခြင်း အထောက်အကူပြုစာအုပ်များ

ပညာပေးစာပေသည် Forex အသုံးအနှုန်းများကိုရင်းနှီးကျွမ်းဝင်ပြီးဖြစ်ကာ၊ ဆက်လက်လေ့လာရန် အသင့်ဖြစ်သော  ကုန်သည်များအတွက် အဖိုးမဖြတ်နိုင်သော အထောက်အကူတစ်ခုဖြစ်ပါသည်။ အခြားသင်ကြားရေး အရင်းအမြစ်များ နှင့်နှိုင်းယှဉ်ပါက စာအုပ်များ ပိုမိုစနစ်ကျသောချဉ်းကပ်ပုံနှင့်အတူ လေးနက်သော ခွဲခြမ်းစိတ်ဖြာမှု ကိုပေးစွမ်းသည့်အပြင် စာရေးသူ၏ ကိုယ်ပိုင်အတွေ့အကြုံများကို လည်း မျှဝေပေးပါသည်။။

စတင်လေ့လာသူကုန်သည်များ အတွက် စာအုပ်များ

ဤစုစည်းမှုတွင်၊ ငွေကြေးစျေးကွက်များမည်သို့အလုပ်လုပ်သည်မှစ၍ လက်ရှိ အသုံးပြုနေကြသော ခွဲခြမ်းစိတ်ဖြာမှုအထောက်အကူများနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်းနည်းလမ်းများအထိ Forex နှင့်စပ်လျဉ်းသည့် အကြောင်းအရာ အားလုံးကို ရှင်းပြထားသော စာအုပ်များကို တွေ့ရှိရမည်ဖြစ်သည်။ စာရေးသူများ၏ ရိုးရှင်းသောနည်းလမ်းများ၊ ဗျူဟာများနှင့် ၎င်းတို့အားစမ်းသပ်ရန်အတွက် စည်းမျဉ်းများကိုလည်း လေ့လာရမည်ဖြစ်ပါသည်။

ကျွမ်းကျင်သောအတွေ့အကြုံရှိကုန်သည်များ အတွက် စာအုပ်များ

ဤစာအုပ်များသည် စာရေးသူအသုံးပြုသော ကုန်သွယ်ရေးစနစ်များ၏ ဥပမာများနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းသည်စိတ်ပညာဆိုင်ရာ အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှုတရပ် ကို ဖော်ပြကြပါသည်။ ဈေးကွက်၏ အပြန်အလှန် ချိတ်ဆက်မှု ပုံစံများနှင့် စျေးကွက်ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကြောင်းကိုလည်း လေ့လာရမည် ဖြစ်သည်။ စာရေးသူများသည် ၎င်းတို့၏ကိုယ်ပိုင်အတွေ့အကြုံပေါ်အခြေခံ၍ Forex ကုန်သွယ်ရေး၏ ရှုထောင့်များကို ရှင်းပြထားကြပါသည်။ 

အကောင်းဆုံး နည်းပညာပိုင်း ဆိုင်ရာခွဲခြမ်း စိတ်ဖြာမှု စာအုပ်များ

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွင် indicators များ၊ patterns များ၊ trendlines များ၊ levels များနှင့် အခြားအထောက်အကူပြုကိရိယာများ ပါဝင်ပါသည်။ စာအုပ်များသည် ဤကိရိယာများအား မတူညီသော ကုန်သွယ်ရေး ဗျူဟာများတွင် မည်သည့်အခြေအနေ၌ မည်သည့်ပေါင်းစပ်မှုဖြင့် မည်သို့ အသုံးပြုရမည်ကို ဖော်ပြပေးပါသည်။ ထို့အပြင်၊ စာအုပ်များသည် ခေတ်မီ ကုန်သွယ်ရေး၏ သီးခြားအချက်များနှင့် ၎င်း၏အလိုအလျောက်စနစ်ကိုပါ ထည့်သွင်းစဉ်းစား၍ ကုန်သွယ်ရေးစနစ်များ တည်ဆောက်ပုံ အဆင့်ဆင့်ကိုလည်း ရှင်းလင်းဖော်ပြပါသည်။

စတင်လေ့လာသူများအတွက် အကောင်းဆုံး Forex စာအုပ်များ

ဤအပိုင်းတွင် စတင်လေ့လာသူများအတွက် အောက်ပါအခြေခံအကြောင်းအရာများကို လေ့လာသိရှိနိုင်ရန် ကူညီပေးမည့် အကောင်းဆုံး Forex စာအုပ်များနှင့် သင့်အား မိတ်ဆက်ပေးပါမည်။

  • Forex ကုန်သွယ်ရေးနိယာမများ၊ CFD ဈေးကွက်များ၊ ဈေးနှုန်းဖြစ်ပေါ်ပုံနှင့် နှုန်းထားများအပေါ် အကျိုးသက်ရောက်သော အကြောင်းအရာများ။

  • စီးပွားရေးအခြေခံပိုင်းဆိုင်ရာ နှင့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု အပြင် ဈေးနှုန်း ခန့်မှန်းချက် အထောက်အကူပြုကိရိယာများ။

  • ကုန်သွယ်ရေး ဗျူဟာများ ၊ နည်းစနစ်များနှင့် ၎င်းတို့၏ အဓိကအစိတ်အပိုင်းများ။

  • CFD ကုန်သွယ်ရေး ရှိ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ၊ ဆုံးရှုံးနိုင်ခြေလျှော့ချခြင်းနှင့် စီမံခန့်ခွဲမှုချိန်ညှိခြင်း။ ငွေကြေးဆုံးရှုံးရမှုအန္တရာယ်မှ ရှောင်ရှားခြင်းကို စာအုပ်အားလုံးလိုလိုတွင် ဖော်ပြထားကြပါသည်။

စာရေးသူတဦးစီတိုင်းတွင် အဆိုပါ အကြောင်းအရာများအပေါ်၌ အများနှင့်မတူသော ကိုယ်ပိုင် ရှုထောင့်တခု စီ ရှိကြပြီး၊ ၎င်းတို့၏ ကုန်သွယ်ရေးချဉ်းကပ်မှုနည်းလမ်းကို တမူထူးခြားသောပုံစံဖြင့် တင်ပြကြပါသည်။ ထို့ကြောင့်၊ ကုန်သည်အသစ်များအတွက် စာအုပ်တိုင်းသည် အသုံးဝင်ပြီး၊ အကျိုးရှိစေပါသည်။ အတွေ့အကြုံရှိပြီးသော ကုန်သည်များပင်လျှင် ၎င်းတို့ကိုယ်တိုင်အတွက် ဆန်းသစ်သော အသိအမြင်တခုခုကို ရှာဖွေတွေ့ရှိနိုင်ပါသည်။

Paul Mladjenovic၊ Brian Dolan နှင့် Kathleen Brooks တို့၏ စတင်လေ့လာသူများအတွက် ငွေကြေးကုန်သွယ်ရေးလမ်းညွှန် - Currency Trading for Dummies

LiteFinance:

 

Currency Trading for Dummies သည် Forex လောကနှင့် ယခုမှစတင်မိတ်ဆက်ကြပြီး၊ ၎င်းတို့၏ ဗဟုသုတကိုချဲ့ထွင်ရန် စိတ်အားထက်သန်ကြသော စတင်လေ့လာသူကုန်သည်များ (dummies ဟု ရည်ညွှန်းထားသော) အတွက် အခြေခံလမ်းညွှန်စာအုပ်ဖြစ်ပါသည်။ စာရေးသူများဖြစ်ကြသော Paul Mladjenovic၊ Brian Dolan နှင့် Kathleen Brooks တို့သည် ရိုးရှင်းသောဘာသာစကားကိုအသုံးပြု၍ ရှုပ်ထွေးသောကုန်သွယ်ရေးသဘောတရားများကို ရှင်းပြပြီး လက်တွေ့အသုံးချနိုင်သောနည်းဗျူဟာများကို ရှင်းလင်းသောဥပမာများဖြင့် ရှင်းပြထားပါသည်။ 

အဓိကအကြောင်းအရာ -

  • Forex သည် လူတိုင်းလက်လှမ်းမီသော ဈေးကွက်တခုဖြစ်ပါသည်။ ယခင်ကာလများဆီက၊ ဘဏ္ဍာရေးဈေးကွက်များကို ဘဏ္ဍာရေးအဖွဲ့အစည်းများအတွက်သာလျှင် ကန့်သတ်ထားခဲ့သည်။ သို့သော် အင်တာနက်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပုဂ္ဂလိကကုန်သွယ်များသည် ဈေးကွက်သို့ ဝင်ရောက်ခွင့် ရရှိလာကြသည်။ ယခုအခါ၌မူ မည်သူမဆို ကုန်သွယ်ရေးကို စမ်းသပ်လုပ်ဆောင်နိုင်ပြီဖြစ်သည်။

  • CFD ဈေးကွက်များအတွင်း ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသည် ပဓာနကျသော အစိတ်အပိုင်းတခု ဖြစ်ပါသည်။ မည်သည့် အရောင်းအဝယ်တွင်ဖြစ်စေ မြင့်မားသောဆုံးရှုံးနိုင်ခြေ ပါဝင်ပါသည်။ ကြိုတင်စီစဉ်မှုနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုတို့မပါဝင်ပဲ၊ ကုန်သွယ်ရေးကိုစတင်ခြင်းသည် အဓိပ္ပါယ် မရှိပေ။ ဤစာအုပ်သည် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း၏ အရေးကြီးပုံနှင့် ဆုံးရှုံးမှုအလားအလာများကို လျှော့ချရန် အကာအကွယ်ပေးသောအော်ဒါများအကြောင်းကို အလေးပေးဖော်ပြပါသည်။  

  • Forex ကုန်သွယ်ရေးတွင် ငွေရှာခြင်း၏သော့ချက်မှာ နည်းဗျူဟာချည်းသာလျှင်မဟုတ်ပဲ၊ ကုန်သည်တဦး ၏ အရည်အချင်းလည်း ပါဝင်ပါသည်။ ဤစာအုပ်တွင် မတူညီသော နည်းဗျူဟာများ၊ အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုနှင့် Forex ကုန်သွယ်ရေး၏ စိတ်ပညာ ရှုထောင့်များကို စူးစမ်းလေ့လာခြင်း များကို ဖော်ပြထားပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤနည်းဗျူဟာများကို အသုံးပြု၍ ငွေရှာခြင်း‌၌ သင်၏အောင်မြင်မှုသည် သင့်အပေါ်တွင် အပြည့်အဝ မူတည်ပါသည်။

 

ဤစာအုပ်သည် ကုန်သွယ်ရေးအား အချိန်ပြည့်အလုပ်အကိုင်အဖြစ် လုပ်ကိုင်လိုခြင်း ရှိမရှိ မသေချာသော်လည်း၊ ရှုပ်ထွေးသောအသေးစိတ်များမပါဝင်ပဲ Forex အခြေခံများကို အကြမ်းဖျဉ်း လေ့လာသိရှိလိုသူများအတွက် ပြီးပြည့်စုံသော စာအုပ်ဖြစ်ပါသည်။  ရိုးရှင်းသောဘာသာစကားဖြင့် ဟာသနှောကာ ရေးသားထားသော ဤစာအုပ်သည် အထွေထွေဗဟုသုတ ပိုမိုကျယ်ပြန့်စေရန် ရည်ရွယ်ပါသည်။

Jim Brown ၏ Forex Trading - The Basics Explained in Simple Terms

LiteFinance: Jim Brown ၏ Forex Trading - The Basics Explained in Simple Terms

ဤသည်မှာ စတင်လေ့လာသူများအတွက် ငွေကြေးစီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှုများ ဖွင့်ခြင်း/ပိတ်ခြင်းအတွက် စည်းမျဉ်းများနှင့် ကုန်သွယ်ရေးစိတ်ပညာ အစရှိသည့် Forex ကုန်သွယ်ရေး၏ အခြေခံသဘောတရားများ ပါဝင်သော အခြားဖတ်ရှုစရာ စာအုပ်တအုပ် ဖြစ်ပါသည်။ ဤစာအုပ်သည် ကုန်သွယ်ရေးအစီအစဉ်တခုဖန်တီးခြင်းကို အဓိကအလေးပေးပါသည်။ Brown သည် အတွေ့အကြုံ ပြည့်ဝသော ကုန်သည်တဦးဖြစ်ပြီး၊ သူ၏ ကိုယ်ပိုင်ကုန်သွယ်ရေး အယူအဆကို စာဖတ်သူများနှင့် မျှဝေပါသည်။

အဓိကအကြောင်းအရာ

  • ကုန်သွယ်ရေးစနစ်တခုသည် အောင်မြင်ရေးသော့ချက်ပင်ဖြစ်သည်။ စာရေးသူသည် ကုန်သွယ်ရေး စနစ်တခု၏ အဓိကအစိတ်အပိုင်းများနှင့် ၎င်း၏ အခြေခံအယူအဆကို ဖော်ပြထားပါသည်။ စာအုပ်သည် ကုန်သွယ်ရေးအစီအစဉ်တခုကို ဖန်တီးရန်နှင့်  ကုန်သည်တဦး၏ တိကျသောလိုအပ်ချက်များအတွက် အံ့ဝင်ဂွင်ကျဖြစ်စေသော ဗျူဟာတခုရေးဆွဲရန် လမ်းညွှန်ချက် တရပ်ကို ပံ့ပိုးပေးပါသည်။

  • ဈေးကွက်ကို အဓိကမောင်းနှင်သော တွန်းအားများကို နားလည်သဘောပေါက်ခြင်းသည် သင်၏နည်းဗျူဟာကို အဆုံးအဖြတ်ပေးပါသည်။ စာရေးသူသည် အခြေခံပိုင်း ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ အဓိကသဘောတရားများကို မိတ်ဆက်တင်ပြထားပြီး၊ နည်းပညာပိုင်း ဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကိုအသုံးပြု၍ သတင်းအချက်အလက်များကို မည်သို့ စနစ်တကျ စုစည်းရမည် ကို ရှင်းပြထားပါသည်။

  • ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ငွေအရင်းအနှီးကို ကာကွယ်ရန်ဖြစ်သည်။ ဤစာအုပ်သည် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း အထောက်အကူကိရိယာအမျိုးမျိုးကို ရှင်းပြထားပြီး၊ ကနဦးရင်းနှီးမြှုပ်နှံမှုကို အဆုံးခံရန်မလိုအပ်ပဲ ဆုံးရှုံးနိုင်ခြေကို မည်သို့အနည်းဆုံးလျှော့ချရမည်ကို ရှင်းပြထားပါသည်။

ဤစာအုပ်သည် ၎င်းတို့၏ ကုန်သွယ်ရေးစနစ်များအတွက် အများနှင့်မတူသော အတွေးအခါ်များကို ရရှိလိုကြသည့် အတွေ့အကြုံနုနယ်သော ကုန်သည်များအတွက် သင့်တော်ပါသည်။ 

Jelle Peters ၏ Forex for Ambitious Beginners

LiteFinance: Jelle Peters ၏ Forex for Ambitious Beginners

Forex for Ambitious Beginners (စတင်သူများအတွက် Forex လမ်းညွှန်) စာအုပ်သည် Forex ဈေးကွက်၏လည်ပတ်ပုံနှင့် နှုန်းထားများအပေါ်အကျိုးသက်ရောက်သော အကြောင်းအရာများကို အဓိကဖော်ပြပါသည်။ ၎င်းသည် မူရင်းညွှန်ပြကိရိယာများ၊ စိတ်ကြိုက်ဖန်တီးထားသော ညွှန်ပြကိရိယာများ နှင့် အဆင့်မြင့် ညွှန်ပြကိရိယာများ အကြောင်းကိုလည်း ရှင်းပြထားပါသည်။ ထို့အပြင် ကုန်သည်များ၏ ဗဟုသုတကို ကူညီထိန်းသိမ်းပေးရန်အတွက် စာအုပ်၏အဆုံးတွင် စစ်ဆေးလွှာများ ပါဝင်ပါသည်။

အဓိကအကြောင်းအရာ

  • ဤစာအုပ်သည် လူတိုင်းအတွက်သင့်တော်သော ခြွင်းချက်မရှိသည့် အကောင်းဆုံး ကုန်သွယ်ရေး နည်းလမ်းဟူ၍ မရှိကြောင်းကို အလေးပေးဖော်ပြပါသည်။ ကုန်သွယ်ရေးတွင် အောင်မြင်မှုရရှိရန် အချိန်၊ လက်ဆင့်ကမ်းအတွေ့အကြုံနှင့် ဗဟုသုတို့ လိုအပ်ပါသည်။

  • ကုန်သွယ်ရေး၏ သဘောသဘာဝကို နားလည်ခြင်းသည် မှန်ကန်သောမေးခွန်းများ မေးမြန်းခြင်းမှ ဆင်းသက်လာပါသည်။ 

  • ဆုံးရှုံးနိုင်ခြေများကိုလျော့ချပေးခြင်း၊ အမြတ်အလားအလာကို မြှင့်တင်ပေးခြင်းနှင့် အကောင်းဆုံး လုပ်ငန်းလည်ပတ်မှုဗျူဟာကိုရှာဖွေခြင်းများသည် အရေးကြီးပါသည်။

ဤစာအုပ်သည် Forex သီအိုရီအကြောင်း သိရှိထားပြီးဖြစ်၍၊ ၎င်းတို့၏ကုန်သွယ်ရေးဆောင်ရွက်ပုံနှင့် အယူအဆကို နောက်ဆင့်ဖွံ့ဖြိုးတိုးတက်လိုသော ကုန်သည်များအတွက် သင့်တော်ပါသည်။

Anna Coulling ၏ Forex For Beginners

LiteFinance: Anna Coulling ၏ Forex For Beginners

ဤစာအုပ်သည် ကုန်သွယ်ရေးစိတ်ပညာအကြောင်း တမူထူးခြားသောရှုမြင်ချက်တရပ်ကို မျှဝေပါသည်။ အမျိုးသမီးများသည် မြင့်မားသောစွန့်စားမှုများကို ရှောင်ရှားလိုကြပြီး၊ အသေးစိတ်ကျ၍ လက်တွေ့ဆန်ကြသည်ဟု အများအားဖြင့် ယူဆကြလေ့ရှိသည်။ ဤယူဆချက်မှာ မှန်ကန်ပါသလား။ ဤစာအုပ်ကိုဖတ်ရှုပြီးနောက်တွင် သိရှိရပါလိမ့်မည်။ Forex ၏အခြေခံများ၊ နည်းပညာပိုင်းဆိုင်ရာနှင့် အခြေခံခွဲခြမ်းစိတ်ဖြာမှုများနှင့် ကုန်သွယ်မှုဗျူဟာအမျိုးအစားများကိုပါ ခြုံငုံဖော်ပြထားသောကြောင့် ဤစာအုပ်အစအဆုံးသည် စတင်လေ့လာသူကုန်သည်များအတွက် စာအုပ်များစွာဖတ်ရှုခြင်းနှင့် ဆင်တူနိုင်ပါသည်။

အဓိကအကြောင်းအရာ -

  • ဆုံးရှုံးနိုင်ခြေသည် ပုံစံအမျိုးမျိုးဖြင့် ထွက်ပေါ်လေ့ရှိပါသည်။ စာရေးသူသည် ဆုံးရှူံးနိုင်ခြေများကို အုပ်စုသုံးခုခွဲခြားထားပြီး၊ အမျိုးအစားတခုစီကို ၎င်း၏အမြတ်အလားအလာနှင့်တကွ အသေးစိတ်ရှင်းပြထားပါသည်။ ဤစာအုပ်သည် ဆုံးရှုံးနိုင်သော အလားအလာများကို အလေးပေးတင်ပြပါသည်။

  • ဈေးနှုန်းဖြစ်ပေါ်လာပုံကို သဘောပေါက်နားလည်ပါက၊ မည်သည့်ဈေးကွက်တွင်မဆို ဝင်ငွေဖန်တီးနိုင်ပါသည်။

ဤစာအုပ်သည် ကျွမ်းကျင်သောကုန်သည်တဦး၏ ဘလော့ကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် ၎င်းသည် လုပ်ငန်းစတင်ရန်နှင့် အမြတ်အစွန်းရှာဖွေရန် အသင့်ဖြစ်သူများအတွက် သင့်တော်ပါသည်။

Mark Douglas ၏ Trading in the Zone

LiteFinance: Mark Douglas ၏ Trading in the Zone

ဤစာအုပ်သည် ကုန်သည်များရင်ဆိုင်ရနိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ  စိန်ခေါ်မှုများကို ထဲထဲဝင်ဝင်လေ့လာ၍ ကုန်သွယ်ရေးစိတ်ပညာရှုထောင့်အပေါ် အလုံးစုံ အလေးပေးထားပါသည်။ စာရေးသူသည် ကုန်သွယ်ရေးကိရိယာများ သို့မဟုတ် စနစ်များကို ဆွေးနွေးခြင်းထက် ကုန်သည်တဦးအဖြစ် အောင်မြင်မှုကို ရရှိနိုင်ရန် စာဖတ်သူများအား မှန်ကန်သော စိတ်နေစိတ်ထားကို မွေးမြူပေးရန် ရည်ရွယ်ပါသည်။

အဓိကအကြောင်းအရာ -

  • ဖြစ်နိုင်ခြေများကို စဉ်းစားပါ။ စာရေးသူမှ အောင်မြင်သော CFD ကုန်သွယ်ရေးသည် ဖြစ်နိုင်ခြေများကို နားလည်သဘောပေါက်မှုနှင့် ဖြစ်နိုင်ခြေအပေါ်အခြေခံသော တွေးခေါ်မှုတို့အပေါ် မူတည်ကြောင်း သုံးသပ်ထားပါသည်။ ရွေ့လျားမှုလမ်းကြောင်းတခုစီအား ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသော သီးခြားဖြစ်ရပ်တခုအဖြစ် ရှုမြင်ရန် စာရေးသူမှ အကြံပြုထားပါသည်။

  • ကုန်သွယ်မှုတခုစီ၏ ရလာဒ်အပေါ်တွင် စိုးရိမ်ကြောင့်ကြနေမည့်အစား ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ် အစအဆုံးနှင့် ကုန်သွယ်ရေးအစီအစဉ်အတိုင်း အတိအကျ လိုက်နာဆောင်ရွက်ခြင်း အပေါ်တွင် အာရုံစူးစိုက်ပါ။ Mark Douglas ၏ အကြံပြုချက်ဖြစ်သော ဤချဉ်းကပ်မှုပုံစံသည် လုပ်ငန်းစဉ်တခုလုံးတွင် နောက်ဆုံးရလာဒ်၏ အရေးကြီးမှုကို ဦးစားပေးပါသည်။ 

  • မှန်ကန်သော အလေ့အကျင့်ကို မွေးမြူခြင်းသည် အဓိကကျပါသည်။ ဤစာအုပ်သည် အနာဂတ်အောင်မြင်မှုအတွက် အထောက်အကူဖြစ်စေမည့် အပြုအမူများနှင့် အလေ့အထများ မွေးမြူခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြထားသည်။

ဤစာအုပ်သည် လူတိုင်းအတွက် သင့်တော်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကုန်သွယ်ရေးစိတ်ပညာ၏ အခြေခံများကို နားလည်သဘောပေါက်ခြင်းနှင့် သင်၏ စိတ်ခံစားချက်များကို ထိန်းချုပ်ခြင်းသည် ကောင်းမွန်သောရလာဒ်များကို ထွက်ပေါ်စေခြင်းအတွက် ပဓာနကျပါသည်။ သင်သည် ကုန်သွယ်မှုဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် အစီအစဉ်မရှိသည်ပင်ဖြစ်စေ၊ ဤစာအုပ်သည် သင့်အား သင့်ကိုယ်သင် နားလည်သဘောပေါက်စေပြီး သင်၏အရည်အချင်းများအပေါ် အကောင်းမြင်မှုနှင့် ယုံကြည်မှုကို တိုးပွားစေမည်ဖြစ်သည်။

အဆင့်မြင့်ကုန်သည်များအတွက် အကောင်းဆုံး Forex စာအုပ်များ

ဤအပိုင်းတွင် အခြေခံသီအိုရီကို ရင်းနှီးကျွမ်းဝင်ထားပြီးဖြစ်၍၊ အနည်းဆုံးအားဖြင့် ဒီမိုအကောင့်တခု ပေါ်တွင်ဖြစ်စေ ကုန်သွယ်မှုများစီမံခန့်ခွဲခြင်း အတွေ့အကြုံရှိနှင့်ပြီးသော ကုန်သည်များအတွက် အသင့်တော်ဆုံး စာအုပ်များကို ရွေးချယ်စုစည်းပေးထားပါသည်။ ဤစာအုပ်တွင် မတူညီသော ကိရိယာများကို အသုံးပြု၍ အချက်ပြမှုများ ကို ခွဲခြားသတ်မှတ်ခြင်းနှင့် အတည်ပြုခြင်းများ၊ စာရေးသူ၏ကုန်သွယ်မှုဗျူဟာများနှင့် အခြားအကြောင်းအရာများစွာ ပါဝင်ပါသည်။ စာရေးသူသည် ၎င်း၏ ကုန်သွယ်ရေးအတွေ့အကြုံများကိုလည်း မျှဝေထားပါသည်။

Kathy Lien ၏ Day Trading and Swing Trading the Currency Market

LiteFinance: Kathy Lien ၏ Day Trading and Swing Trading the Currency Market

Kathy Lien သည် Forex Capital Markets LLC တွင် နိုင်ငံခြားငွေလဲလှယ်ရေးနည်းဗျူဟာမှုးအဖြစ် တာဝန်ထမ်းဆောင်နေသော  အတွေ့အကြုံရင့်ကျက်သည့် ကုန်သည်တဦးဖြစ်သည်။ သူမသည် ခွဲခြမ်းစိတ်ဖြာသူတဦးအပြင်၊ ဘဏ္ဍာရေးဆောင်းပါးများစွာကို ရေးသားခဲ့သော စာရေးသူတဦးလည်း ဖြစ်သည်။ သူမ၏စာအုပ်တွင်၊ ရိုးရှင်းသောကုန်သွယ်ရေး‌ဗျူဟာများနှင့် ရှုပ်ထွေးသော ကုန်သွယ်ရေး ဗျူဟာများ နှစ်မျိုးစလုံးကို ခြုံငုံကာ သူမ၏ကိုယ်ပိုင်အတွေ့အကြုံများကို မခြွင်းမချန်မျှဝေထားပါသည်။ 

အဓိကအကြောင်းအရာ -

  • နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုသည် day trading ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ Kathy Lien သည် ဇယားများ ၊indicators များနှင့် oscillatorsများ အသုံးပြုခြင်းအပါအဝင် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းများစွာအပေါ် အသေးစိတ်ရှုမြင်ချက်တရပ်ကို ရေးသားမျှဝေထားပါသည်။ သူမသည် ဈေးနှုန်းပုံစံများနှင့် လမ်းကြောင်းရွေ့လျားမှုများကို ခွဲခြမ်းစိတ်ဖြာခြင်းအပေါ် အထူးအလေးပေး ဖော်ပြထားပါသည်။ 

  • အတွေးအခေါ်အသစ်များကို ထုတ်ဖော်နိုင်စွမ်းနှင့် လိုက်လျောညီထွေကျင့်သုံးနိုင်သော အရည်အချင်းသည် သင့်အား ယှဉ်ပြိုင်မှုများတွင် အသာစီးရစေပါသည်။ ဤစာအုပ်သည် မကြာသေးမီကာလများတလျှောက်၌ ငွေကြေးဈေးကွက်အတွင်း သိသာထင်ရှားသော ပြောင်းလဲတိုးတက်မှုများအပေါ် နက်ရှိုင်းစွာ ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ထားသော ရှုမြင်ချက်တရပ်ကို မျှဝေပါသည်။ အဓိကအားဖြင့်၊ ၎င်းသည် အလိုအလျောက်ကုန်သွယ်မှုစနစ်၏နယ်ပယ်ကို လေ့လာသုံးသပ်ထားပါသည်။

ဤစာအုပ်အား မတူညီသော time frames များတွင် နည်းဗျူဟာအမျိုးမျိုးကို အသုံးချရန် ကျွမ်းကျင်မှုရှိပြီးဖြစ်ကာ၊ ယခုအခါ၌ ကုန်သွယ်ရေးအပေါ် ပိုမိုလေးနက်သော သဘောပေါက်မှုတခုကို ရှာဖွေနေကြသည့် အတွေ့အကြုံရှိကုန်သည်များအတွက် ရည်ရွယ်ပါသည်။

Jack Schwager ၏ The New Market Wizards

LiteFinance: Jack Schwager ၏ The New Market Wizards

Jack Schwager ၏ စာအုပ်တအုပ်ဖြစ်သော “The New Market Wizards” သည် အမေရိကန်ပြည်ထောင်စုရှိ အောင်မြင်သောကုန်သည်ပေါင်း ၂၀ ကျော်၏ အင်တာဗျူးများကို တပေါင်းတစည်းတည်း စုစည်းထားခြင်းဖြစ်သည်။ စာရေးသူသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတွေးအခေါ်အယူအဆများ၊ ရေပန်းစားသောကုန်သွယ်ရေးဗျူဟာများနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းများကို ထဲထဲဝင်ဝင်လေ့လာ သုံးသပ်ထားပါသည်။

Schwager သည် အဆိုပါကုန်သည်များ၏ ဇာတ်ကြောင်းများကို မျှဝေယုံသာမကပဲ၊ ၎င်းတို့၏ စိတ်နေစိတ်ထားများနှင့် ဆုံးဖြတ်ချက်များ၏နောက်ခံအကြောင်းရင်းများကိုပါ နားလည်သဘောပေါက်ရန် ကြိုးစားခဲ့ပါသည်။ သူသည် အင်တာဗျူးဖြေဆိုသူများကို ၎င်းတို့၏ အနက်ရှိုင်းဆုံး ကုန်သွယ်မှုလျှို့ဝှက်ချက်များကို မျှဝေရန် တွန်းအားဖြစ်စေသည့် ရှင်းလင်းတိကျသော မေးခွန်းများကို မေးမြန်းခဲ့သည်။ ဤစာအုပ်သည် စာဖတ်သူများအား ပရော်ဖက်ရှင်နယ် ကုန်သွယ်ရေးတွင် နစ်မြောစေပြီး၊ မှန်းဆမရနိုင်ဟု ထင်မြင်ရသော စျေးကွက်အတက်အကျများ၏ နောက်ကွယ်တွင် စျေးကွက်၏ ထင်ရှားကွဲပြား‌သော  ပြုမူပုံများနှင့် နက်နဲသိမ်မွေ့သော အဓိပ္ပါယ်ကောက်ယူပုံများ ရှိနေကြောင်းကို ထုတ်ဖော်ပြသထားပါသည်။

အဓိကအကြောင်းအရာ -

  • တဦးချင်းသီးခြားလေ့လာဆန်းစစ်ခြင်း။ ကုန်သည်တိုင်းနှင့် ရင်းနှီးမြှုပ်နှံသူတိုင်းသည် လူအမျိုးမျိုး စိတ်အထွေထွေဟူသည့်အတိုင်း တဦးနှင့်တဦးကွဲပြားကြသည်။ ထို့ကြောင့် နည်း‌ဗျူဟာတခုသည် လူတိုင်းအတွက် ကိုက်ညီမှုမရှိနိုင်ပါ။ သင်၏ကိုယ်ပိုင်အရည်အချင်းများ၊ ဦးစားပေးနှစ်သက်မှုများ နှင့် ကိုက်ညီသော စီးပွားရေးအခွင့်အလမ်းနှင့် ကုန်သွယ်မှုပုံစံကို ရှာဖွေရန် အရေးကြီးပါသည်။ 

  • စည်းကမ်းတိကျမှုနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု။ ကုန်သည်တဦးစီတိုင်းသည် မည်မျှပင် အရည်အချင်းရှိစေကာမူ၊ အမှားများပြုလုပ်မိနိုင်ပါသည်။ သို့သော် ၎င်းတို့၏ အရှုံးများကိုစီမံခန့်ခွဲနိုင်စွမ်းနှင့် စိတ်ခံစားမှုများကိုထိန်းချုပ်နိုင်စွမ်းတို့သည် ၎င်းတို့၏ ကုန်သွယ်ရေး လှုပ်ရှားမှုများကို ရေရှည်တည်တံ့စေပါသည်။  

  • ကုန်သွယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းသည် အနုပညာတခုသာမက လက်တွေ့ကျသော ပညာရပ်တခု လည်း ဖြစ်သည်။ ကုန်သွယ်ရေးဒဿနတခုကို ထုတ်ဖော်ရန်၊ စဉ်ဆက်မပြတ်မြှင့်တင်ရန်နှင့် စမ်းသပ်မှုများကို မကြောက်ရွံ့ရန် အရေးကြီးပါသည်။

ပရော်ဖက်ရှင်နယ်ကုန်သည်များ အသုံးပြုကြသော ကုန်သွယ်ရေးနည်းလမ်းအစဉ်အလာအမျိုးမျိုးကို ရှာဖွေလေ့လာလိုကြသူများအတွက် ဤစာအုပ်သည် အထူးပင်ပြီးပြည့်စုံပါသည်။ ၎င်းတွင် ဇယားများ မပါဝင်သောနည်းလမ်း၊ အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကိုအသုံးပြုသောနည်းလမ်း၊ arbitrage ကုန်သွယ်ခြင်း၊ futures စာချုပ်များ၊ options ကုန်သွယ်ရေးနည်းလမ်း စသဖြင့် Forex ကုန်သွယ်ရေး ပုံစံများစွာ ပါဝင်ပါသည်။ စာရေးသူ၏  ကုန်သွယ်မှုဆိုင်ရာ ကိုယ်ပိုင်အသိအမြင်များ အပါအဝင် တစုတစည်းတည်း စုဆောင်းထားသည့် မတူကွဲပြားသော အတွေ့အကြုံများစွာကို ဤစာအုပ်တွင် သင်ဖတ်ရှုရပါလိမ့်မည်။

Courtney Smith ၏ How to Make a Living Trading Foreign Exchange

LiteFinance: Courtney Smith ၏ How to Make a Living Trading Foreign Exchange

ဤစာအုပ်၏ စာရေးသူ Courtney Smith သည် ငွေကြေးဈေးကွက်များမှစ၍ ရှုပ်ထွေးသော derivatives ဈေးကွက်များအထိ ဈေးကွက်တခုစီ၏ အသေးစိတ်သဘာဝများကို အာရုံစူးစိုက်၍ လေ့လာဆန်းစစ်ပါသည်။ စာရေးသူသည် ဈေးကွက်တခုစီ၏ ထူးခြားချက်များကို စဉ်းစားသုံးသပ်ကာ တည်ငြိမ်သောဝင်ငွေရရှိနိုင်မည့် အခွင့်အရေးများနှင့် အဓိကနည်းလမ်းများကို စာရင်းပြုစုပေးထားပါသည်။

အဓိကအကြောင်းအရာ -

  • နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုသည် အဓိကနည်းဗျူဟာ ဖြစ်ပါသည်။ ဤစာအုပ်သည် အဓိကကျသော အတည်ပြုအချက်ပြမှုများကို ရှာဖွေရန်အတွက် ဈေးနှုန်းရွေ့လျားမှု လမ်းကြောင်းများ၊ ဝယ်လိုအားနှင့် ရောင်းလိုအားဈေးတန်းများနှင့် ညွှန်ပြကိရိယာများ အသုံးပြုပုံကို စူးစမ်းထုတ်ဖော်ပေးပါသည်။ ၎င်းသည် ကုန်သွယ်ရေးဈေးနှုန်းချန်နယ်လ် ကျိုးပေါက်မှုများအတွက် ကိုင်တွယ်မှုနည်းလမ်းများနှင့် စည်းကမ်းစနစ်များကိုလည်း အသေးစိတ် လေ့လာတင်ပြထားပါသည်။

  • ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသည် အောင်မြင်ခြင်း၏ ဒုတိယအရေးအပါဆုံး အစိတ်အပိုင်းဖြစ်သည်။ တည်ငြိမ်သော ကုန်သွယ်ရေးစနစ်တခုသည် ကုန်သွယ်မှုအတွက် အာမခံချက်ပေးသော နည်းလမ်းများနှင့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတို့ကို ပေါင်းစပ်ထားသော ရလာဒ်ဖြစ်ပါသည်။

ဤစာအုပ်သည် စနစ်ကျသော စျေးကွက်အသစ်များကို ရှာဖွေလိုသူ ပရော်ဖက်ရှင်နယ် ကုန်သည်များအတွက် ရည်ရွယ်ပါသည်။

Paul Langer ၏ The Black Book of Forex Trading

LiteFinance: Paul Langer ၏ The Black Book of Forex Trading

Paul Langer သည် သင်္ချာနှင့် စာရင်းဇယားဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ အစိတ်အပိုင်းများကို ပေါင်းစပ်ထားသည့် ရှုပ်ထွေးသောနည်းပညာပိုင်းဆိုင်ရာကိရိယာများကို လေ့လာခြင်း၌ သူ၏ ဘဝသက်တမ်းအများစုကို မြှုပ်နှံထားခဲ့သူဖြစ်သည်။ ဤစာအုပ်တွင် သူသည် သူ၏ ကုန်သွယ်ရေးအတွေ့အကြုံများကို စာဖတ်သူများနှင့် မျှဝေထားပါသည်။

အဓိကအကြောင်းအရာ

  • စိတိပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိခြင်း၏ အရေးကြီးမှု။ Langer သည် ကုန်သွယ်ရေးတွင် စိတ်ခံစားချက်များကို ထိန်းချုပ်ခြင်းနှင့် စည်းကမ်းတိကျခြင်းတို့၏ အရေးကြီးပုံကို အလေးပေးဆွေးနွေးထားပါသည်။

  • ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းဗျူဟာများ။ စာရေးသူသည် အရှုံးများကို လျှော့ချခြင်းနှင့် အရင်းအနှီးမပျောက်ပျက်စေရန် ထိန်းသိမ်းခြင်းနည်းလမ်းများကို မျှဝေထားပါသည်။ ဤစာအုပ်သည် ပုံမှန်ကုန်သည်များ ပြုလုပ်မိတတ်သော အမှားများနှင့် ၎င်းတို့ကို မည်သို့ရှောင်ရှားရမည်ကိုလည်း ‌ရှင်းပြပေးပါသည်။

  • နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု။ ဤစာအုပ်သည် အဓိကညွှန်ပြကိရိယာများ၏ အသေးစိတ် သုံးသပ်ချက်များနှင့် ဈေးနှုန်းရွေ့လျားမှုများကိုခန့်မှန်းရန်အတွက် အသုံးပြုရသော နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းများကို ပံ့ပိုးပေးပါသည်။

ဤစာအုပ်သည် လူတိုင်းအတွက် သင့်တော်ပါသည်။ ၎င်းသည် ကုန်သွယ်ရေး ဆုံးဖြတ်ချက်များ ပြုလုပ်ရန်အတွက် တမူကွဲပြားသော ရှုထောင့်များ၊ ခွဲခြမ်းစိတ်ဖြာမှုပုံစံများ၊ ငွေကြေးနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းနည်းလမ်းနှင့် စိတ်ခံစားချက်ချုပ်ထိန်းမှုများကို အလေးပေးဖော်ပြပါသည်။

George Soros ၏ The Alchemy of Finance

LiteFinance: George Soros ၏ The Alchemy of Finance

စီးပွားရေးသီအိုရီအပေါ် သမားရိုးကျမဟုတ်သော ၎င်း၏သုံးသပ်ပုံကြောင့် လူသိများသော ဘီလီယံနာတဦးဖြစ်သူ George Soros သည်  ဘဏ္ဍာရေးစာတမ်းများရေးသားသူအဖြစ် သူ၏အမည်ကို ကိုယ်တိုင်ဖန်တီးခဲ့သည်။ သူသည် စျေးကွက်ဖွဲ့စည်းပုံနှင့်ပတ်သက်၍ တမူကွဲပြားသော ရှုမြင်ချက်များကို ပြသကာ အင်္ဂလန်ဗဟိုဘဏ်ကို ရိုက်ချိုးခဲ့သည်ဟု နာမည်ကြီးပါသည်။ စျေးကွက်များသာလျှင် ကုန်သည်များအပေါ် လွှမ်းမိုးခြင်းမဟုတ်ပဲ ဈေးကွက်များအပေါ်တွင်လည်း ကုန်သည်များမှ လွှမ်းမိုးမှု ရှိကြောင်းကို သူ၏ရှုထောင့်မှ အဆိုပြုထားပါသည်။

အဓိကအကြောင်းအရာ -

  • Soros သည် သမာရိုးကျစီးပွားရေးသီအိုရီများကို ဝေဖန်ရှုံ့ချကာ၊ ၎င်းတို့သည် ‌ဈေးကွက်ပါဝင်သူများ၏ ကိုယ်တိုင်ပုံဖော်မှုစွမ်းအားနှင့် အပြုအမူများကို ထည့်သွင်းစဉ်းစားခြင်း မရှိဟု ထောက်ပြငြင်းခုံပါသည်။ သူသည် ဘဏ္ဍာရေးဈေးကွက်များကို နားလည်သဘောပေါက်ရန် ကွဲပြားသော ချဉ်းကပ်ပုံတမျိုးကို မျှဝေပေးခဲ့သည်။

  • Soros သည် ကိုယ်တိုင်ပုံဖော်နိုင်စွမ်း၏ သဘောတရားကို မိတ်ဆက်ပေးခဲ့ပြီး၊ ဈေးကွက်ပါဝင်သူ များသည် ဈေးကွက်အခြေအနေများကို တုံ့ပြန်ယုံသာမဟုတ်ပဲ၊ ယင်း အခြေအနေများ အပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ရှင်းပြခဲ့သည်။ ဤအပြန်အလှန်ချိတ်ဆက်မှုသည် စက်ဝန်းများကို ဖန်တီးပြီး၊ ထိုစက်ဝန်းများ၏ လည်ပတ်မှုသည် ယုတ္တိမဲ့သော ဈေးနှုန်းရွေ့လျားမှုများနှင့် ဈေးကွက်ပူပေါင်းများဆီသို့ ဦးတည်သွားနိုင်ပါသည်။

  • စာရေးသူသည် သူ၏သီအိုရီကို သက်သေပြရန် သမိုင်းဖြစ်ရပ်များနှင့် ဈေးကွက်ပြိုလဲမှုများကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး၊ သူ၏နည်းလမ်းများ ထိရောက်မှုရှိကြောင်းကို လက်တွေ့အဖြစ်အပျက်များနှင့် နှိုင်းယှဉ်ပြခဲ့သည်။ သူသည် ၁၉၈၇ ခုနှစ် Black Monday နှင့် အခြားသော စိန်ခေါ်မှုမြင့်မားသည့်ကာလများအပါအဝင် ကာလများစွာတို့တွင် သူ၏ ရင်းနှီးမြှုပ်နှံမှုများကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။

မကြာသေးမီဆယ်စုနှစ်များအတွင်း အကျော်ကြားဆုံး ဘဏ္ဍာရေးပညာရှင်များတွင် တစ်ဦး အပါအဝင် ဖြစ်သော စာရေးသူ၏ အတွေးအခေါ်များသည် ကမ္ဘာ့စီးပွားရေးနှင့် ၎င်း၏သမိုင်းကို စိတ်ဝင်စားသူတိုင်း အတွက် အသုံးဝင်မည်ဖြစ်ပါသည်။

Technical Analysis ဆိုင်ရာ အကောင်းဆုံးစာအုပ် ၅ အုပ်

ဤအပိုင်းသည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအတွက် သီးသန့်စစ်ထုတ်‌မှု ဖြစ်ပါသည်။ အကြုံပြုထားသော စာအုပ်များကို ဖတ်ရှုပြီးချိန်တွင်၊ သင်သည် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကိရိယာများ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ၎င်းတို့အား မည်သို့ အကျိုးရှိစွာပေါင်းစပ်ရမည်တို့ကို လေ့လာသိရှိနိုင်ပါသည်။ ထို့အပြင် သင်သည် ကမ္ဘာ့ဈေးကွက် အပြန်အလှန်ချိတ်ဆက်မှုများနှင့် ရှားပါးဆန်းပြားသောဖြစ်စဉ်များကို လေ့လာထိတွေ့ခွင့်ရမည် ဖြစ်ပါသည်။ 

Steve Nison ၏ Japanese Candlesticks Charting Techniques 

LiteFinance: Steve Nison ၏ Japanese Candlesticks Charting Techniques 

စာရေးသူသည် candlestick တခု၏ပုံစံ၊ ၎င်းဖြစ်ပေါ်လာသောအချိန်၊ ၎င်း၏ အနီးအနားမှ အခြား candlesticks များ သို့မဟုတ် ဇယားပုံစံများနှင့် ပေါင်းစပ်မှုများကို အသုံးပြု၍ နောက်ထပ် ဈေးနှုန်းရွေ့လျားမှုများကို တိကျစွာခန့်မှန်းခြင်း၊ pivot points များကို ဆုံးဖြတ်ခြင်းနှင့် အခြား indicators များ၏ အချက်ပြမှုများကို အတည်ပြုခြင်း စသည့်လုပ်ဆောင်ပုံများကို ရှင်းပြထားပါသည်။ စာအုပ်၏ Forex အကြောင်း ပထမဆုံးအပိုင်းတွင် ရေပန်းစားသော ကုန်သွယ်ရေးပုံစံ ၅၀ ကို ဖော်ပြထားပြီး၊ ဒုတိယပိုင်းတွင် ၎င်းတို့အား အခြားကိရိယာများနှင့် ပေါင်းစပ်ပုံကို ရှင်းပြထားပါသည်။

အဓိကအကြောင်းအရာ

  • Candlestick patterns များနှင့် ၎င်းတို့၏ အဓိပ္ပါယ်ပြန်ဆိုချက်။ ဤစာအုပ်တွင် အနာဂါတ်ရွေ့လျားမှုများကို ကူညီခန့်မှန်းခြင်းအတွက် candlestick patterns များ၏ အသေးစိတ်ရှင်းပြချက်များ ပါဝင်ပါသည်။ Nison သည် "Doji" နှင့် "Hammer” ကဲ့သို့သော candle တခုတည်းပါဝင်သည့် ပုံစံများအပါအဝင် "Bullish engulfing"၊ "Bearish engulfing"၊ "Morning star" နှင့် "Evening star” ကဲ့သို့ ရှုပ်ထွေးသောပုံစံများကိုလည်း လေ့လာဆန်းစစ်ထားပါသည်။

  • Nison ၏စာအုပ်တွင် မတူညီသောဈေးကွက်အခြေအနေများ၌ candlesticks ဇယားပုံစံများ အသုံးပြုပုံကို ပေါ်လွင်စေသော လက်တွေ့ဥပမာများနှင့် နမူနာဖြစ်စဉ်များစွာ ပါဝင်ပါသည်။ စာရေးသူသည် ‌ယခင်ရွေ့လျားမှုမှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာ၍ candlestick patterns အမျိုးမျိုးသည် အနာဂါတ်ဈေးနှုန်းရွေ့လျားမှုများကို ခန့်မှန်းရာတွင် မည်သို့အကူအညီပေးသည်ကို ထုတ်ဖော်ရေးသားပါသည်။

  • Nison သည် ဈေးကွက်ပါဝင်သူများ၏ စိတ်ပိုင်းဆိုင်ရာကို အာရုံစိုက်၍၊ candlestick patterns များတွင် ကုန်သည်တို့၏ စိတ်သဘောနှင့် မျှော်မှန်းချက်များ ထင်ဟပ်နေမှုကို အလေးပေးလေ့လာပါသည်။ သူသည် ဈေးကွက်စွမ်းဆောင်ရည်ကို မည်သို့ ခွဲခြမ်းစိတ်ဖြာရမည်၊ ယေဘုယျ စိတ်ပညာအယူအဆအပေါ်မူတည်၍ အဝယ်၊ အရောင်း အချက်ပြမှုများကို မည်သို့ အသိအမှတ်ပြုရမည် စသည့်အချက်များကို ရှင်းပြထားပါသည်။

ဤစာအုပ်သည် candlestick patterns များကဲ့သို့ တိကျသောခွဲခြမ်းစိတ်ဖြာမှုကိရိယာများကို နားလည်သဘောပေါက်ရန်နှင့် ထိုကိရိယာများကို ၎င်းတို့၏ ကုန်သွယ်မှုဗျူဟာများတွင် ထိရောက်စွာ အသုံးချရန် ဆန္ဒရှိကြသူများအတွက် သင့်တော်ပါသည်။

John J Murphy ၏ Technical Analysis of the Financial Markets

LiteFinance: John J Murphy ၏ Technical Analysis of the Financial Markets

John Murphy ၏ Technical Analysis of the Financial Markets စာအုပ်သည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွင် အကျော်ကြားဆုံး လက်တွေ့အသုံးချလမ်းညွှန်စာအုပ်များမှ တခုဖြစ်ပါသည်။ ၎င်းသည် စျေးနှုန်း‌ရွေ့လျားမှုများအပေါ် အရောင်းအ၀ယ်ပမာဏများ၏ အကျိုးသက်ရောက်မှုအပါအဝင် နှုန်းထားများ၏ မှတ်တမ်းကို ခွဲခြမ်းစိတ်ဖြာ၍ အနာဂတ်စျေးနှုန်းများကို ခန့်မှန်းမှုပြုလုပ်ရန်အတွက် အသုံးပြုရမည့်နည်းလမ်းများနှင့် ကိရိယာများကို အသေးစိတ် ဖော်ပြထားပါသည်။

အဓိကအကြောင်းအရာ -

  • နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအား မိတ်ဆက်ခြင်း။ ဤစာအုပ်သည် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ အခြေခံပိုင်းနှင့် အထွေထွေဈေးကွက်သုသေသနပြုလုပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များတွင် ၎င်း၏အရေးပါပုံကို မီးမောင်းထိုးပြပေးသော စာအုပ်တအုပ်ဖြစ်ပါသည်။

  • နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု၏အခြေခံ။ ဤစာအုပ်သည် ဈေးကွက်ရွေ့လျားမှု အမျိုးအစား အမျိုးမျိုး၊ ၎င်းတို့ပေါ်ပေါက်လာပုံနှင့် အကဲဖြတ်ပုံနည်းလမ်းများအပါအဝင် ဈေးနှုန်းရွေ့လျားမှုပုံစံများ၊ ဥပမာများနှင့် ၎င်းတို့၏ အသုံးဝင်ပုံကို သုံးသပ်ဖော်ပြပါသည်။ ထို့အပြင် ၎င်းသည် ဈေးကွက်‌ရွေ့လျားမှုများအပေါ် အချိန်၏သံသရာလည်ပုံကိုလည်း ထည့်သွင်းသုံးသပ် ပြထားပါသည်။

  • ကုန်သွယ်ရေးဗျူဟာများနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု။ စာရေးသူသည် ဆုံးရှုံးနိုင်ခြေကို အနည်းဆုံးဖြစ်စေရန် လုပ်ဆောင်ရာတွင် မတူညီသော ချဉ်းကပ်မှုပုံစံများကို ထည့်သွင်းစဉ်းစားကာ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ ကုန်သွယ်မှုဗျူဟာများကို ထုတ်ဖော်ခြင်းနှင့် လက်တွေ့အသုံးချခြင်းများအတွက် အကြံဉာဏ်များကိုလည်း မျှဝေထားပါသည်။

ဤစာအုပ်သည် ပရော်ဖက်ရှင်နယ်ကုန်သည်တဦး ဖြစ်လာရန်အလိုရှိသူတိုင်းအတွက် သင့်တော် အသုံးဝင်ပါသည်။ ၎င်းကို ၁၉၉၈ ခုနှစ်တွင်ရေးသားထုတ်ဝေခဲ့ပြီး၊ ဤစာအုပ်သည် စျေးကွက် ဖွံ့ဖြိုးတိုးတက်မှုများ ၏ ကာလရှည်ရွေ့လျားပုံများ ပြောင်းလဲသွားသည့်တိုင် နည်းပညာပိုင်း ဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုသို့ စနစ်တကျချဉ်းကပ်ခြင်းနည်းလမ်းသည် ခေတ်နှင့်လျော်ညီစွာ ကျန်ရစ်နေဆဲ ဖြစ်ကြောင်း အတည်ပြုချက်တခု ဖြစ်ပါသည်။

John Murphy ၏ Intermarket Analysis

LiteFinance: John Murphy ၏ Intermarket Analysis

John Murphy ၏  ဈေးကွက်အတွင်းပိုင်းခွဲခြမ်းစိတ်ဖြာမှုတွင် မတူညီသော ဘဏ္ဍာရေးဈေးကွက်များ ကြားမှ အပြန်အလှန်ချိတ်ဆက်မှုများကို အတွင်းကျကျလေ့လာသုံးသပ်ခြင်း ပါဝင်ပါသည်။ ၎င်းသည် သမိုင်းတွင် အကြီးမားဆုံး စတော့ဈေးကွက် မြင့်တက်မှုကို ဖြစ်စေသည့် ၁၉၈၀ ပြည့်နှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများကို သုံးသပ်ကြည့်ရှုခြင်းဖြင့် စတင်ပါသည်။ ဤစာအုပ်သည် ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်များကိုပါ ခြုံငုံထားပြီး စျေးကွက်များကြား အပြန်အလှန်ချိတ်ဆက်မှုများကို နားလည်သဘောပေါက်ခြင်းသည် ရင်းနှီးမြှုပ်နှံမှုများ ခွဲဝေ သတ်မှတ်ခြင်း နှင့် စီးပွားရေးကို ကြိုတင်ခန့်မှန်းခြင်းများတွင် မည်ကဲ့သို့ ကူညီပေးနိုင်ကြောင်း ရှင်းပြထားပါသည်။

အဓိကအကြောင်းအရာ -

  • စျေးကွက်များ အပြန်အလှန်ချိတ်ဆက်မှု။ စတော့များ၊ ဘွန်းစာချုပ်များ၊ နိုင်ငံခြားငွေ‌ကြေးများနှင့် ကုန်စည်များ အပါအဝင် ဘဏ္ဍာရေးဈေးကွက်များသည် အပြန်အလှန် ဆက်စပ်နေသည်။ စျေးကွက်တစ်ခု တွင် အပြောင်းအလဲဖြစ်ပေါ်ခြင်းသည် အခြားဈေးကွက်များသို့ အကျိုး သက်ရောက်နိုင်သည်၊ ထို့ကြောင့် ဤပတ်သက်နွယ်မှုများကိုနားလည်သဘောပေါက်ခြင်းသည် စျေးနှုန်းလှုပ်ရှားမှုများကိုကြိုတင်ခန့်မှန်းခြင်းနှင့် intermarket ဆက်စပ်မှုကိုထည့်သွင်းစဉ်းစား၍ မှန်ကန်သော ကုန်သွယ်ရေး ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်းအတွက်  အလွန် အရေးပါပါသည်။

  • အတိုးနှုန်းများ၏ အခန်းကဏ္ဍ။ အတိုးနှုန်းများသည် ဘွန်းများ၊ ငွေကြေးအတွဲများနှင့် စတော့ရှယ်ယာများ၊ ကုန်စည်များအထိ ဘဏ္ဍာရေးဈေးကွက်အားလုံးအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိပါသည်။ 

  • ကုန်စည်များသည် ငွေကြေးဖောင်းပွမှု၏ ညွှန်ပြချက်တခုဖြစ်သည်။ ရေနံနှင့် ရွှေကဲ့သို့‌သော ကုန်စည်များသည် အနာဂါတ် ငွေကြေးဖောင်းပွမှုစီးကြောင်းများကို ညွှန်ပြနိုင်ပါသည်။

ဤစာအုပ်သည် ကမ္ဘာလုံးဆိုင်ရာဈေးကွက်များနှင့် ကာလရှည်အချိန်အပိုင်းအခြားများအတွင်း ဈေးနှုန်းရွေ့လျားမှုလမ်းကြောင်းများကို စိတ်ပါဝင်စားသူများအတွက် အထူးသင့်လျော်ပါသည်။

Nassim Nicholas Taleb ၏ The Black Swan

LiteFinance: Nassim Nicholas Taleb ၏ The Black Swan

ဤစာအုပ်သည် ကုန်သွယ်ရေးကို နားလည်သဘောပေါက်မှုအတွက် အကောင်းဆုံး အသိပညာ အရင်းအမြစ်များမှတခုဖြစ်ပါသည်။ သမားရိုးကျမဟုတ်သော ချဉ်းကပ်မှုမျိုးရှိသော်လည်း၊ ၎င်းသည် ယနေ့ထက်ထိ ကျယ်ပြန့်စွာ  ရေပန်းစားမြဲဖြစ်ပါသည်။ Taleb သည် Great Depression၊ အင်တာနက်စနစ်ပေါ်ထွန်းခြင်း သို့မဟုတ် ကပ်ရောဂါများကဲ့သို့သော ကမ္ဘာ့စီးပွားရေးနယ်ပယ်များအပေါ် သိသိသာသာ သက်ရောက်မှုရှိသော မမျှော်လင့်ထားသည့် ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်များကို ဖော်ပြရန်အတွက် "black swan" ဟူသော အသုံးအနှုန်းကို ဖန်တီးခဲ့သည်။ စာအုပ်သည် black swans များ၏ အကြောင်းရင်းများ၊ ၎င်းတို့၏ အကျိုးဆက်များနှင့် ကာလရှည်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် black swans များ၏အလားအလာအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ သုံးသပ်ချက်များကို  စူးစမ်းလေ့လာထားပါသည်။

အဓိကအကြောင်းအရာ -

  • နားလည်သဘောပေါက်မှုကို ပုံဖော်ခြင်း။ လူအများသည် ၎င်းတို့အမှန်တကယ် လုပ်ဆောင်နိုင်သည်ထက်ကျော်လွန်၍ ၎င်းတို့မှ ကမ္ဘာကြီးကို နားလည်ထိန်းချုပ်နိုင်သည်ဟု ထင်မြင်ကြလေ့ရှိသည်။ ထိုအထင်အမြင်လွဲမှားမှုသည် ၎င်းတို့အား ၎င်းတို့၏ စွမ်းရည်များတွင် ယုံကြည်မှုလွန်ကဲစေကာ၊ အာမခံချက်မရှိသော လုံခြုံမှုအတုအယောင်ကို ခံစားရစေပြီး ၎င်းတို့၏ အမှန်တကယ် လုပ်နိုင်စွမ်းနှင့် ခံနိုင်ရည်များကို  လွန်ကဲစွာ တွက်ဆမိစေပါသည်။

  • အခွင့်အရေးနှင့် ဖြစ်နိုင်ခြေ၏ အရေးပါမှု။ Taleb သည် ကျွန်ုပ်တို့၏တသက်တာတွင် အခွင့်အလမ်းနှင့် ဖြစ်နိုင်ခြေ၏ အရေးကြီးသောအခန်းကဏ္ဍကို အလေးပေးပါသည်။ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုသည် ကိုယ်ပိုင်အားထုတ်မှုနှင့် စွမ်းရည်တစ်ခုတည်းကြောင့်မဟုတ်ဘဲ ကျပန်းအကြောင်းအချက်များ၏ ပုံဖော်မှုလည်း ပါဝင်လေ့ရှိသည်ဟု ၎င်းက ထောက်ပြခဲ့ပါသည်။

  • ရှောင်လွှဲမရခြင်း။ ကျွန်ုပ်တို့သည် black swans များကို ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိပါ သို့မဟုတ် ရှောင်လွှဲ၍မရပါ။ သို့သော် ပြောင်းလဲသွားသော ပတ်ဝန်းကျင်တွင် အဆင်ပြေစွာလိုက်ပါနေထိုင်ရန်အတွက် လိုက်လျောညီထွေလုပ်ဆောင်တတ်သော အမူအကျင့်များ ကို မွေးမြူနိုင်ပါသည်။

ဤစာအုပ်သည် လူတိုင်းအတွက် အကျိုး‌ရှိစေနိုင်ပါသည်။ သင်သည် ကုန်သည်တဦးမဟုတ်လျှင်ပင် ဤစာအုပ်ကို ဖတ်ရှုသင့်ပါသည်။ စာရေးသူ၏ အရေးအသားနှင့် အသုံးအနှုန်းများသည် သိပ္ပံစိတ်ကူးယဉ် စာရေးဆရာများ၏ ပုံစံနှင့် ဆင်တူသည်။ သို့သော်၊ အချက်အလက်များအပေါ်အခြေခံသော ယုတ္တိဗေဒသည် ဤအရာအား အမှန်တရားဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ ကြိုတင်မျှော်မှန်းနိုင်ခြင်းမရှိသော ဖြစ်ရပ်ဆန်းများ၏ ဖြစ်နိုင်ခြေကို လျစ်လျူရှု၍မရပါ။

Michael Covel ၏ Trend Following

LiteFinance: Michael Covel ၏ Trend Following

ဤစာအုပ်သည် စတော့ဈေးကွက်နှင့် Forex တွင် လိုက်နာအသုံးပြုသော ဈေးနှုန်းရွေ့လျားမှု နောက်သို့လိုက်ပါခြင်း‌ ဗျူဟာအတွက် လက်တွေ့လမ်းညွှန်ချက်ဖြစ်ပါသည်။ စာရေးသူသည် ဈေးနှုန်းရွေ့လျားမှု လမ်းကြောင်းများကို ခွဲခြားသတ်မှတ်ပုံနှင့် အမြတ်အစွန်းအမြင့်ဆုံး ရရှိ၍ ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြင့် အချိန်မီ ကုန်သွယ်မှုပိတ်သိမ်းခြင်းများအတွက် ၎င်း၏အသိအမြင်များကို မျှဝေပေးထားပါသည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းနောက်ပိုင်းတွင်၊ စီးပွားရေးအကြပ်အတည်း ကာလအပြီးတွင်ပင် ဈေးကွက်ဦးတည်ရာများကို ခွဲခြားဖော်ထုတ်နိုင်ခဲ့သည့် John Paulson နှင့် Carl Icahn တို့ကဲ့သို့သော အောင်မြင်သည့်ကုန်သည်များ၏ အတွေ့အကြုံများပါ၀င်စေရန် ဤစာအုပ်ကို အသစ်မွမ်းမံပြင်ဆင်ခဲ့သည်။

အဓိကအကြောင်းအရာ

  • ဈေးနှုန်းရွေ့လျားမှုလားရာများသည် ပဓာနကျပါသည်။ Forex ဈေးကွက်များအတွင်း ရှင်းလင်း ပြတ်သားသော ရွေ့လျားမှု ဦးတည်ရာများ ရှိကြသည်။ ၎င်းတို့အား ခွဲခြားထုတ်ဖော်ခြင်းသည် အောင်မြင်သော ကုန်သွယ်ရေးအတွက် အဓိကအရေးကြီးပါသည်။ 

  • ပြီးပြည့်စုံခြင်းသည် ကောင်းမွန်ခြင်း၏ ရန်သူဖြစ်သည်။ ရွေ့လျားမှုလမ်းကြောင်းဗျူဟာကို  ပိုရှုပ်ထွေးစေခြင်းသည် စည်းမျဉ်းများကို ရောထွေးစေကာ အမှားလုပ်မိနိုင်ခြေကို မြင့်မား စေပါသည်။ ရိုးရှင်းမှုနှင့် စည်းကမ်းသည် အောင်မြင်မှု၏ အာမခံချက်ဖြစ်သည်။

ဤစာအုပ်သည် ရေတိုအရောင်းအဝယ်သမားများနှင့် ကာလရှည် ရင်းနှီးမြှုပ်နှံသူများ နှစ်ဦးစလုံးအတွက် သင့်တော်ပြည့်စုံပါသည်။

အနှစ်ချုပ်

စာအုပ်များသည် ၎င်းတို့၏ အောင်မြင်သောကုန်သွယ်ရေးများကိုသာမက ၎င်းတို့၏အမှားများကိုပါ မျှဝေပေးထားသော မီလီယံနာကုန်သည်ကြီးများ၏ ဘဝဇာတ်ကြောင်းများကို ထိုးထွင်းသိမြင်နိုင်စေရန် အဖိုးမဖြတ်နိုင်သော အခွင့်အရေးကို ပေးအပ်ပါသည်။ ယင်းကုန်သည်ကြီးများသည် တညအတွင်း ပရော်ဖက်ရှင်နယ်အဆင့်သို့ ရောက်ရှိခဲ့ကြခြင်းမဟုတ်ပေ။ ၎င်းတို့သည် လေ့လာသူများအဖြစ်မှ စတင်ခဲ့ပြီး၊ ဈေးနှုန်းခန့်မှန်းကုန်သွယ်သူများအဖြစ်မှ ယခုကဲ့သို့ အကျော်ကြားဆုံး စာအုပ်များ၏ စာရေးသူများအဖြစ်သို့ ရောက်ရှိသည်အထိ ရှည်လျားသောခရီးစဉ်ကို ဖြတ်သန်းခဲ့ကြရပါသည်။

ဘလော့များ၊ ဖိုရမ်များကို ဖတ်ရှုယုံ သို့မဟုတ် ဝဘ်ဆွေးနွေးပွဲများကို ကြည့်ရှုယုံဖြင့် မရရှိနိုင်သော အရာတခုကို စာအုပ်များတွင် သင်ရှာဖွေတွေ့ရှိနိုင်ပါသည်။ ကျော်ကြားသော ကုန်သည်များ၏ စာအုပ်များသည်  စတင်လေ့လာသူများမှ အများဆုံးသိရှိလိုကြသော အောက်ပါ မေးခွန်းများအတွက် အဖြေများကို ပေးစွမ်းပါသည်။

  • အသိအမြင် မပြည့်ဝပဲ မြင့်မားသောစွန့်စားမှုကို ပြလုပ်သင့်ပါသလား။ ပရော်ဖက်ရှင်နယ် ကုန်သည်များသည် မည်သို့အချိန်မျိုးတွင် ၎င်းတို့၏ ပထမဆုံးကုန်သွယ်မှုများကို အစပြုခဲ့ကြသနည်း။

  • သင်၏ ကိုယ်ပိုင်ကုန်သွယ်ရေးဗျူဟာ ကို မည်သို့ ဖန်တီးရမည်နည်း။ ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြင့် ကုန်သွယ်မှုစတင်ရန် ဖြစ်နိုင်ပါသလား။ 

  • အတွေ့အကြုံအချို့ ရှိနှင့်ပြီးသော ကုန်သည်များကြားတွင် မည်သို့အောင်မြင်အောင် လုပ်ဆောင်ရမည်နည်း။

ကုန်သွယ်ရေးသည် သင့်အား စဉ်းစားဆင်ခြင်နိုင်ရန် သင်ကြားပေးပါလိမ့်မည်။ သင်၏အချိန်နှင့် ဘဝကို မည်သို့ စီမံခန့်ခွဲရမည်၊ ဖြစ်နိုင်ခြေရှိသော အလားအလာအမျိုးမျိုးကို မည်သို့ ထည့်သွင်းစဉ်းစားရမည်၊ ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ရန် ကြိုတင်သိမြင်နိုင်စွမ်းကို မည်သို့ဖန်တီးရမည်၊ ဘဝ၏ ရှုထောင့်အမျိုးမျိုးကို ချဉ်းကပ်ရာတွင် ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်းနှင့် စဉ်းစားချင့်ချိန် နိုင်စွမ်းများကို မည်သို့မွေးမြူရမည် စသည့်အချက်များကို စာအုပ်များမှတဆင့် လေ့လာသင်ယူနိုင်ပါသည်။

အကောင်းဆုံး Forex စာအုပ်များအားလုံးကို ဤနေရာတွင် စာရင်းပြုစုထားသည်ဟု မဆိုလိုပါ။ မည်သို့ပင်ဖြစ်စေ၊ ဤစာအုပ်များဖြင့် စတင်ခြင်းသည် သင်၏ကုန်သွယ်ရေးစတင်မှုနည်းလမ်းကို ချိန်ညှိရန်နှင့် ကောင်းမွန်သောရလာဒ်အတွက် သင်ကိုယ်တိုင် တက်ကြွစွာလုပ်ဆောင်နိုင်ရန် လုံလောက်သော ပံ့ပိုးမှုကိုဖြစ်စေပါလိမ့်မည်။ ဤထိပ်တန်း Forex ကုန်သွယ်ရေးစာအုပ်များစာရင်းကို သိမ်းဆည်းမှတ်သား၍ အနည်းဆုံး ၁ လမှ ၂ လတွင် တအုပ်ခန့်ဖတ်ရှုသင့်ပါသည်။


အကောင်းဆုံး Forex စာအုပ်ဆိုင်ရာ အမေး၊အဖြေ

စာအုပ်သည် စိတ်ဝင်စားဖွယ်ရာကောင်းမွန်၍ အသုံးဝင်ကာ သင့်အတွက် အသိအမြင်အသစ်တခု ပါရှိသင့်ပါသည်။ ၎င်းသည် သင်၏စိတ်အာရုံကို အဆုံးအထိ ဆွဲဆောင်နိုင်ပြီး၊ လက်မှ မချနိုင်ဖြစ်စေကာ လက်တွေ့လုပ်ဆောင်မှုများ ပြုလုပ်ရန်နှင့် တိုးတက်စေရန် စိတ်ခွန်အားပေး သင့်ပါသည်။ ဤသို့ဖြစ်စေရန်အတွက် စာရေးသူ၏ တင်ဆက်ပုံနှင့် သင်၏ စိတ်ပါဝင်စားမှုများအပေါ် မူတည်ပါသည်။

Forex ဈေးကွက်များအကြောင်း စာအုပ်တအုပ်ကို မဖတ်ရှုမီ၊ ဘဏ္ဍာရေးဈေးကွက်များ၏ အသုံးအနှုန်းများနှင့် စည်းမျဉ်းများကို ခြုံငုံမိရန် အရေးကြီးပါသည်။ အကယ်၍ ထိုအချက်များနှင့် အကျွမ်းတဝင်ရှိပြီးပါက၊ ဤဆောင်းပါးတွင် စာရင်းပြုစုပေးထားသော စာအုပ်များအနက်မှ သင်နှစ်သက်ရာကို လွပ်လပ်စွာ ရွေးချယ်ဖတ်ရှုနိုင်ပါသည်။ စာအုပ်တအုပ်စီတိုင်းသည် စိတ်ဝင်စားဖွယ်ရာ ကောင်း၍ တန်ဖိုးရှိသော ကိုယ်ပိုင် အတွေးအခေါ်အသိအမြင်များကို မျှဝေပေးပါသည်။

မှန်ပါသည်။ စာအုပ်တအုပ်သည် တိကျသောကုန်သွယ်ရေးပြသနာတရပ်အပေါ်တွင် စာရေးသူ၏ ရှုမြင်ချက်၊ အတွေ့အကြုံ၏ ပြဌာန်းချက်ဖြစ်ပါသည်။ အချို့သူများက စာအုပ်များ မှ သင်ယူခြင်းသည် အချိန်ကုန်စေပြီး၊ နည်း‌ဗျူဟာများကိုခွဲခြမ်းစိတ်ဖြာ၍ ‌လက်တွေ့လေ့လာခြင်းက ပိုကောင်းသည်ဟု ဝေဖန်ငြင်းခုံကြသည်။ မည်သို့ဆိုစေ၊ စာအုပ်တအုပ်သည် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု သို့မဟုတ် ဈေးကွက်စိတ်ပညာ အစရှိသဖြင့် ကုန်သွယ်ရေးအခြေခံများအပေါ် ‌နက်ရှိုင်းသော သဘောပေါက်နားလည်မှုကို ပေးစွမ်းပါသည်။ စာအုပ်များသည် အခြားသူများ ပြုလုပ်ခဲ့ပြီးသည့်အမှားများကို သင်မပြုလုပ်မိစေရန် လမ်းပြပေးနိုင်ပါသည်။

အသေအချာပင်ဖြစ်ပါသည်။ ဝဘ်ဆိုက်များ၊ စာအုပ်များ၊ ဘလော့များ၊ ဆွေးနွေးပွဲများနှင့် နည်းဗျူဟာရှင်းလင်းချက်များ အစရှိသဖြင့် အင်တာနက်ပေါ်တွင် ရာနှင့်ချီသော အခမဲ့ အရင်းအမြစ်များရှိပါသည်။ သီအိုရီ၊ အခေါ်အဝေါ်များနှင့် ပလပ်ဖောင်းလုပ်ဆောင်ချက်များကို လေ့လာပါ။ စာအုပ်တအုပ်ကို ရွေးချယ်၍၊ သင်၏အသိအမြင်အား သင်၏ဒီမိုအကောင့်တွင် စတင်အသုံးချပါ။

ပရော်ဖက်ရှင်နယ်ကုန်သည်တဦးသည် အစဉ်အမြဲ လေ့လာသင်ယူ၍၊ နည်းပညာပိုင်းဆိုင်ရာ ကိရိယာအသစ်များ၊ ပိုင်ဆိုင်မှုအသစ်များနှင့် အတွေးအခေါ်အသစ်များကို နေ့စဉ်ရှာဖွေပါသည်။ ဈေးကွက်သည် အဆက်မပြတ် ပြောင်းလဲတိုးတက်လျက်ရှိသောကြောင့်၊ ကုန်သွယ်ရေး ဆောင်ရွက်ပုံများကိုလည်း ပြောင်းလဲရန်လိုအပ်ပါသည်။ နောက်ဆုံးဖြစ်ပေါ်နေသော ပြောင်းလဲ ရွေ့လျားမှုများကို မျက်ခြေမပြတ်စေရန်အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူရန် အရေးကြီးပါ သည်။ အကယ်၍ သင်သည် Forex ကုန်သွယ်ရေးကို ယခုမှ စတင်လေ့လာနေသူဖြစ်ပါက၊ live အကောင့်တခုတွင် ပထမဆုံးအရောင်းအဝယ်ကို မပြုလုပ်မီ၊ ၄ လ မှ ၆ လခန့် အချိန်ယူလေ့လာသင့်ပါသည်။ ထို့အပြင် ဒီမိုအကောင့်တခုတွင် ကုန်သွယ်ရေးအတွေ့အကြုံများကို ကြိုတင်ရယူရန်လည်း လိုအပ်ပါသည်။

စတင်လေ့လာသူများနှင့် အဆင့်မြင့် ကုန်သည်များ အတွက် အကောင်းဆုံး Forex စာအုပ် ၁၅ အုပ်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat