ရေပန်းအစားဆုံး ငွေကြေးပိုင်ဆိုင်မှုများဖြစ်ကြသော စတော့များ၊ ငွေချေးစာချုပ်များ၊ နိုင်ငံတကာ ငွေကြေးများ၊ အဖိုးတန်သတ္တုများနှင့် derivatives များ၏ ရည်ရွယ်ချက်အသီးသီးကို သိရှိပါက ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးစျေးကွက်အတွင်းသို့ ခြေစုံပစ်ဝင်ရောက်ခြင်းမှာ စိတ်လှုပ်ရှားဖွယ်ရာ ခရီးရှည်တခုဖြစ်နိုင်ပါသည်။ အပျော်တမ်းရင်းနှီးမြှုပ်နှံသူများသည် စတော့စျေးကွက်အား ပိုမိုနှစ်ခြိုက် ကြပြီး၊ မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုစွမ်းရည်ကို မြှင့်တင်ရန် ဆန္ဒရှိကြသူများသည် futures နှင့် forwards ကဲ့သို့သော အဆင့်မြင့် derivatives ကုန်သွယ်ရေးကိရိယာများကို ပို၍ စိတ်ဝင်စားကြသည်။
ဗဟုသုတနည်းပါးခြင်းကြောင့် ငွေကုန်ကြေးကျပိုများနိုင်ပါသည်။ ထို့ကြောင့် သင်၏ပထမဆုံးစာချုပ်အား မဝယ်ယူခင်၊ derivative အမျိုးအစားနှစ်ခုအကြောင်းကို လေ့လာ၍ ၎င်းတို့၏ ကွဲပြားချက်များကို ရွေးထုတ်သုံးသပ်ကြည့်လိုက်ပါ။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- အဓိကမှတ်သားရမည့်အချက်များ
- Forward Contract ဆိုသည်မှာ အဘယ်နည်း။
- Futures Contract ဆိုသည်မှာအဘယ်နည်း။
- Futures နှင့် Forwards Contracts ကြား ကွာခြားချက်
- Futures နှင့် Forwards Contracts များ၏ ဥပမာများ
- Futures နှင့် Forwards Contracts များအား မည်သူတို့က ကုန်သွယ်ကြပါသနည်း။
- နိဂုံး
- Forwards နှင့် Futures အမေး၊ အဖြေများ။
အဓိကမှတ်သားရမည့်အချက်များ
- Forwards နှင့် futures - Futures နှင့် forwards များသည် ပိုင်ဆိုင်မှုတခုအား အနာဂါတ်ကာလတွင် ကြိုတင်ဆုံးဖြတ်ထားသောဈေးနှုန်းဖြင့် ဝယ်ယူရန် သို့မဟုတ် ရောင်းချရန် ခွင့်ပြုပေးသော စာချုပ်များဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် စည်းမျဉ်းသတ်မှတ်ချက်နှင့် ဖွဲ့စည်းပုံများကွဲပြားကြပါသည်။
- Forwards နှင့် futures ခြားနားချက်သည် ၎င်းတို့၏ ကုန်သွယ်မှုနည်းလမ်းများတွင် တည်ရှိပါသည်။ Futures များကို အိတ်ချိန်းပေါ်တွင် အရောင်းအဝယ်ပြုလုပ်ကြပြီး၊ forwards များကို နှစ်ဦးနှစ်ဖက်တိုက်ရိုက်ရောင်းဝယ်ကြသည်။
- Futures စာချုပ်များကို ကြားခံအိတ်ချိန်းများပေါ်တွင် ရောင်းဝယ်ကြပြီး စံချိန်စံညွှန်းများဖြင့် ထိန်းညှိပေးပါသည်။ ဤစာချုပ်များသည် စည်းမျဉ်းကြပ်မတ်ပေးသော အဖွဲ့အစည်းများမှတဆင့် ပိုမိုပြည့်ဝသော လုံခြုံမှုကို ပေးစွမ်းနိုင်ပြီး စာချုပ်ဖောက်ဖျက်မှုအလားအလာများကို လျော့နည်းစေပါသည်။
- Forward စာချုပ်များကို တိုက်ရိုက်ရောင်းဝယ်သော (OTC) စျေးကွက်တွင် နှစ်ဦးသဘောတူလုပ်ဆောင်ကြပါသည်။ ဤစာချုပ်များသည် နှစ်ဦးနှစ်ဖက်စလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လိုက်လျောညီထွေမှုကို ပေးစွမ်းသော်လည်း၊ သဘာဝအရ စာချုပ်ဖောက်ဖျက်ခြင်း ဖြစ်နိုင်ခြေ ပိုများပါသည်။
- Future ဈေးနှုန်းများသည် ဈေးကွက်အတက်၊ အကျများအပေါ်လိုက်၍ နေ့စဉ်ပြောင်းလဲပါသည်။ ထို့အပြင် ပါဝင်သူများသည် ကုန်သွယ်မှုအခွင့်အရေးကို ထိန်းသိမ်းရန် မာဂျင်ပေးသွင်းမှုများ ပြုလုပ်ရနိုင်ပါသည်။
- Forward စျေးနှုန်းများသည် စာချုပ်ကို အကောင်အထည်မဖော်မချင်း ဆက်လက်၍ ပုံသေရှိနေပါသည်၊၊ ယင်းသည် forwards နှင့် futures များကြားတွင် အရေးကြီးသော ခြားနားချက်ဖြစ်သည်။ ၎င်းသည် hedging အတွက် ကောင်းမွန်သည့် နည်းလမ်းဖြစ်နိုင်သော်လည်း၊ မြင့်မားသော ဆုံးရှုံးနိုင်ခြေကို သယ်ဆောင်ပြီး၊ စည်းမျဥ်းထိန်းသိမ်းရေးအဖွဲ့များထံမှ လုံခြုံရေးအာမခံချက် ကင်းမဲ့ပါသည်။
Forward Contract ဆိုသည်မှာ အဘယ်နည်း။
"Forwards"ဟု အလွယ်ခေါ်ဆိုလေ့ရှိကြသော forawrd contract များသည် ဝယ်သူနှင့်ရောင်းသူကြား ချုပ်ဆိုထားသော သဘောတူစာချုပ်များ ဖြစ်ကြသည်။ ဤစာချုပ်များကိုအတူချုပ်ဆိုကြသော နှစ်ဖက်အဖွဲ့ သည် သက်ဆိုင်ရာပိုင်ဆိုင်မှုတခုအား သတ်မှတ်စျေးနှုန်းဖြင့် ကြိုတင်သဘောတူထားသော အနာဂါတ်ရက်စွဲ တွင် အရောင်းအဝယ်ပြုလုပ်ရန် သဘောတူညီထားကြသည်။ Forward တခု၏ စျေးနှုန်းနှင့် ငွေပေးချေရမည့်ရက်စွဲအား စာချုပ်ချုပ်ဆိုစဥ်ကပင် ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။ Forward တခု အတွက် ငွေပေးချေရမည့်ရက်စွဲသည် ပုံသေဖြစ်သည်။ အဓိပ္ပါယ်မှာ forward အားလုံးတွင် စာချုပ်ပါ အရင်းခံကုန်သွယ်ရေးပစ္စည်းအတွက် ငွေပေးချေမှုအား စာချုပ်သက်တမ်းကုန်ဆုံးရက်တွင်သာ ပြုလုပ်ရမည်။
ဤ derivative အမျိုးအစားသည် နှစ်ဦးနှစ်ဖက်ကြား သီးသန့်ချုပ်ဆိုသော စာချုပ်အမျိုးအစားဖြစ်သည်။ ထို့ကြောင့် အိတ်ချိန်းပေါ်တွင် အရောင်းအဝယ်ပြုလုပ်ခြင်းမျိုး မရှိပါ။ ၎င်းတို့သည် သီးသန့်ဖြစ်တည်မှု ရှိကြသော်လည်း လိုက်လျောညီထွေရှိသော သဘာဝကိုပိုင်ဆိုင်ကြသည်။ ယေဘုယျအားဖြင့် forwards များတွင် စည်းကမ်းပြဌာန်းချက်များ တင်းကြပ်စွာ သတ်မှတ်ထားခြင်း မရှိပါ။
ရင်းနှီးမြှုပ်နှံသူများသည် ဆုံးရှုံးမှုအလားအလာများကို ကန့်သတ်ရန်နှင့် ကုန်သွယ်ရေးပစ္စည်း၏ စျေးနှုန်းရွေ့လျားမှုအား ဖြတ်တောက်ရန်အတွက် အတွက် forward များကို အသုံးပြုလေ့ရှိကြသည်။ Forward စာချုပ်တခုကိုဝယ်ယူခြင်းအားဖြင့် ဆုံးရှုံးမှုအလားအလာများအား မည်သို့ကန့်သတ်နိုင်မည်ကို ဆက်လက်ကြည့်ရှုကြပါစို့။
အတိုဆုံးဆိုရပါလျှင် ၎င်းသည် စျေးနှုန်းကြိုတင်သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။ Forward စျေးနှုန်းအပါအဝင် forward စာချုပ်တခု၏ စည်းမျဥ်းများအား စာချုပ်စတင်ပြုလုပ်စဥ်ကပင် သတ်မှတ်ထားပြီး၊ ထိုသတ်မှတ်ချက်အားလုံးသည် စာချုပ်စတင်သည့်ရက်စွဲမှစ၍ အကြုံးဝင်သည်။ မည်သည့် အတွင်း၊ အပြင် အကြောင်းတရားတစုံတရာကမှ ထိုသတ်မှတ်ချက်များကို ပြောင်းလဲစေနိုင်ခြင်း မရှိပါ။ ထို့ကြောင့် forward စာချုပ်သည် ဝယ်သူအား စျေးကွက်၏အစိုးမရသော သဘာဝကြောင့် ဖြစ်ပေါ်လာသော မလိုလားသည့် စျေးနှုန်းအပြောင်းအလဲများမှ ကာကွယ်ပေးပါသည်။ ၎င်း၏ လက်တွေ့ အလုပ်လုပ်ဆောင်ပုံကို ပိုမိုနားလည်စေရန် အောက်ပါဥပမာကို ကြည့်ပါ။
- သဘောတူညီချက်ပြုလုပ်မည့် နှစ်ဖက်အဖွဲ့သည် ရေနံစည်ပေါင်း ၂၀၀၀ အား အရောင်းအဝယ် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရေနံတစည်၏ စျေးနှုန်းအား ၅၀ဒေါ်လာဟု သတ်မှတ်သောကြောင့် ဤသဘောတူညီမှုစာချုပ်၏ စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာတသိန်းဖြစ်သည်။
- စာချုပ်ပြီးဆုံးသော ရက်စွဲတွင် စျေးကွက်အတွင်း ရေနံတစည်၏ တန်ဖိုးသည် ဒေါ်လာတဆယ်အထိ ကျဆင်းခဲ့သော်လည်း ဝယ်သူသည် ထိုရေနံစည် ၂၀၀၀ အား စာချုပ်တွင်ဖော်ပြထားသော သတ်မှတ်စျေးနှုန်းဖြင့်သာ ဝယ်ယူရမည်။
- Forward စာချုပ်၏ သဘောအရ မည်သည့်အခြေအနေမျိုးတွင်မဆို စာချုပ်ပါ ပိုင်ဆိုင်မှုအား လွှဲပြောင်းခြင်း သို့မဟုတ် သဘောတူထားသော ငွေပေးချေမှုပြုလုပ်ခြင်းအား စာချုပ်ပြုလုပ်စဥ်က နှစ်ဖက်သဘောတူညီထားခဲ့သည့်အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။
၎င်းတို့၏ ကိုယ်ပိုင်သဘာဝကြောင့် forward စာချုပ်များသည် လက်လီရင်းနှီးမြှုပ်နှံသူများနှင့် အတန်ငယ် အလှမ်းဝေးပါသည်။ Forward စျေးကွက်မှာ ခန့်မှန်းရန်ခက်ခဲ၍ စာချုပ်ပါသဘောတူညီချက်များကိုလည်း စာချုပ်ချုပ်ဆိုသူများကသာ ထိန်းသိမ်းထားကြပြီး လူသိရှင်ကြား ထုတ်ပြန်လေ့မရှိကြပါ။ ထို့အပြင် forward ၏ မူလသဘာဝအရ စာချုပ်ချုပ်ဆိုသူနှစ်ဦးအနက် တဖက်တွင် ကြီးမားသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ရနိုင်သော အန္တရာယ်ပါဝင်နေပါသည်။
Futures Contract ဆိုသည်မှာအဘယ်နည်း။
"Futures"ဟုလည်း အလွယ်ခေါ်ဆိုလေ့ရှိကြသော future contract များသည်လည်း သီးသန့်ညှိနှိုင်း၍ ဆောင်ရွက်ရသော သဘောတူစာချုပ်များပင် ဖြစ်ပြီး၊ ၎င်းတို့တွင် forwad နှင့် တူညီသော အခြေခံ အချက်များရှိကြပါသည်။ Futures စာချုပ်များတွင် ပါဝင်သူများသည် စာချုပ်ပါ အခြေခံပိုင်ဆိုင်မှုအား သဘောတူထားသော စျေးနှုန်းဖြင့် ကြိုတင်သတ်မှတ်ထားသော ရက်စွဲတွင် အရောင်း၊အဝယ် ပြုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဝယ်သူသည် စာချုပ်ပါပိုင်ဆိုင်မှုအား သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူရမည့် ဝတ္တရားရှိပြီး၊ ရောင်းသူသည် စာချုပ်သက်တမ်းပြည့်သော ရက်စွဲတွင် ပိုင်ဆိုင်မှုအား လွှဲပြောင်းပေးရန် ကတိပြုရသည်။ ထို့ကြောင့် စာချုပ်သက်တမ်းပြည့်သောနေ့တွင် စျေးကွက်အတွင်း စာချုပ်ပါကုန်သွယ်ရေးပစ္စည်း၏ စျေးနှုန်း မြင့်တက်သည်ဖြစ်စေ၊ ကျဆင်းသည်ဖြစ်စေ၊ စာချုပ်ချုပ်ဆိုထားသော နှစ်ဖက်အဖွဲ့သည် ယခင်သတ်မှတ်ထားသော စျေးနှုန်းဖြင့်သာ အရောင်းအဝယ် ပြုလုပ်ရမည် ဖြစ်သည်။
Futures စာချုပ်များအား ငွေပေးချေမှုဆောင်ရွက်သော နည်းလမ်းအပေါ်မူတည်၍ နှစ်မျိုးနှစ်စား ထပ်မံ ခွဲခြားထားသည်။ လွှဲပြောင်းပေးရသော future စာချုပ်နှင့် လွှဲပြောင်းပေးရန်မလိုအပ်သော future စာချုပ်များ (deliverable & non-deliverable) ဖြစ်သည်။ ဒုတိယအမျိုးအစားကို တန်ဖိုးခြားနားခြင်း စာချုပ် (futures for difference) ဟုလည်း ခေါ်ဆိုကြသည်။
လွှဲပြောင်းပေးရသော futures အမျိုးအစားတွင် ဝယ်သူသည် အခြေခံပိုင်ဆိုင်မှုအတွက် ကျသင့်ငွေ အလုံးစုံအား ပေးချေရမည်ဖြစ်ပြီး၊ ရောင်းသူသည် စာချုပ်တွင် သဘောတူညီထားသော သတ်မှတ်ချက် အတိုင်း ပိုင်ဆိုင်မှုအား လက်တွေ့လွှဲပြောင်းပေးရမည် ဖြစ်သည်။
လွှဲပြောင်းပေးရန် မလိုအပ်သော futures အမျိုးအစားတွင် စာချုပ်တွင်ပါဝင်သော နှစ်ဖက်အဖွဲ့သည် အပြန်အလှန်ငွေပေးချေမှုအား ဆောင်ရွက်ရပြီး စာချုပ်ကုန်ဆုံးသောရက်စွဲတွင် အဖွင့်စျေးနှင့် အပိတ်စျေး ကြား ခြားနားချက်တန်ဖိုးကိုသာ ပေးချေရန် လိုအပ်သည်။
သို့သော်လည်း futures စာချုပ်များတွင် forward စာချုပ်များနှင့် ကွဲပြားသော တမူထူးခြားသည့် အင်္ဂါရပ်များရှိကြသည်။
လူသစ်များအတွက် futures များ၏ မျှတသောတန်ဖိုးအား စျေးကွက်အတွင်း နေ့စဥ် သတ်မှတ်ပေးထားသည်။ အဓိပ္ပာယ်မှာ စာချုပ်သက်တမ်းကုန်ဆုံးရက် ရောက်သည်အထိ အပြောင်းအလဲ များအတွက် နေ့စဥ်ငွေစာရင်းရှင်းလင်းပေးမှုအား စီမံပေးထားသည်။ Forward ၏ စျေးနှုန်းသည် စာချုပ်သက်တမ်းတလျှောက် အပြောင်းအလဲမရှိပဲ သက်မှတ်ရက်စွဲကိုရောက်မှသာ ငွေပေးချေမှု ပြုလုပ်ရသည်။ Forwads နှင့် မတူသည်မှာ futures သည် ရက်အပိုင်းအခြားအလိုက် ငွေပေးချေမှုများ ပြုလုပ်ရခြင်း ဖြစ်သည်။
အခြားထင်ရှားသော ကွဲလွဲချက်တခုမှာ futures များကို အိတ်ချိန်းအများစုတွင် ရရှိနိုင်ပြီး ငွေလွဲပြောင်းမှုများအား အကျိုးဆောင်ကုမ္ပဏီမှ တရားဝင် အတည်ပြုပေးပါသည်။ ထို့ကြောင့် စာချုပ်ဖောက်ဖျက်မှုအန္တရာယ်များ သိသိသာသာလျော့ကျသွားစေပါသည်။ ၎င်းစာချုပ်များအား စတော့များ၊ နိုင်ငံတကာငွေကြေးများနှင့် ကုန်စည်များအတွက် ချုပ်ဆိုလေ့ရှိကြသည်။ ရေပန်းအစားဆုံး ကုန်သွယ်ရေး အမျိုးအစားများတွင် ဆန်၊ ပြောင်း၊ ဂျုံ အစရှိသော ဂျုံစေ့များနှင့် ရေနံကဲ့သို့သော မြေအောက် သယံဇာတများ ပါဝင်ပါသည်။
Future စျေးကွက်၏ ငွေဖြစ်လွယ်မှု သဘောသဘာဝကြောင့် ရင်းနှီးမြှုပ်နှံသူများသည် အဆင်ပြေသော အချိန်တွင် စာချုပ်အားစတင်နိုင်သလို အဆုံးသတ်ခြင်းကိုလည်း လုပ်ဆောင်နိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူ များမှ စျေးကွက်လှုပ်ရှားမှုများကို ခန့်မှန်း၍ စျေးနှုန်းအပြောင်းအလဲများမှ အကျိုးအမြတ် ရယူရန် ကြိုးစားကြသောအခါမျိုးတွင်လည်း futures များကို အသုံးပြု၍ ထင်ကြေးဖြင့် ကုန်သွယ်လေ့ ရှိကြသည်။ ခန့်မှန်း၍ ကုန်သွယ်ကြသူများသည် သက်တမ်းပြည့်သော ရက်စွဲမတိုင်ခင်မှာပင် စာချုပ်အား အပြီးသတ်လေ့ရှိကြသည်။ ကုန်ပစ္စည်းအား အမှန်တကယ်လွှဲပြောင်းခြင်းမျိုး ရှားပါးပြီး၊ ငွေသားဖြင့် ပေးချေမှုကိုသာ များသောအားဖြင့် ရွေးချယ်လေ့ရှိကြသည်။
Futures နှင့် Forwards Contracts ကြား ကွာခြားချက်
အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း forwards နှင့် futures တွင် တူညီသော ရှုထောင့်များ အများအပြားရှိကြသည်။ နှစ်မျိုးစလုံး၏ သဘောတရားမှာ အခြေခံပိုင်ဆိုင်မှုတခုအား သတ်မှတ်ထားသော အနာဂါတ်ရက်စွဲတွင် အရောင်း၊ အဝယ်ပြုလုပ်ရန်ဖြစ်သည်။ စာချုပ်၏ တန်ဖိုးသည် စာချုပ်တွင်ပါဝင်သော အခြေခံကုန်သွယ်ရေးပစ္စည်းတခု၏ စျေးနှုန်းပေါ်တွင် အခြေခံထားသောကြောင့် စျေးနှုန်းဖွဲ့စည်းပုံချင်းလည်း တူညီကြသည်။ သို့ဖြစ်လျှင် ကွဲပြားချက်များမှာ အဘယ်နည်း။ အောက်ပါဇယားတွင် အသေးစိတ် ဖော်ပြထားပါသည်။
| Forward Contract | Futures Contract |
ရည်ရွယ်ချက် | Forward စာချုပ်သည် ဆုံးရှုံးမှုကိုကန့်သတ်လိုသော ကုန်သည်များ သဘောကျ ကြသော အထောက်အကူ ကိရိယာတခုဖြစ်သည်။ အဆိုပါ ကုန်သည်များသည် အခြေခံ ကုန်သွယ်ရေးပစ္စည်းအပေါ်တွင် စျေးကွက်အတက်၊အကျများ၏ လွှမ်းမိုးမှုအား လျှော့ချရန် အတွက် ဤ derivatives များကို အသုံးပြုကြသည်။ စာချုပ်ပါ သတ်မှတ်ချက် များသည် စာချုပ်သက်တမ်း ပြည့်သော အချိန်ထိ ပြောင်းလဲခြင်း မရှိသောကြောင့် စျေးကွက် မတည်ငြိမ်မှုမှ အကာအကွယ် ရရှိနိုင်ပြီး၊ ကြမ်းတမ်းသော စျေးနှုန်း အတက်၊ အကျများတွင် ဆုံးရှုံးရခြင်းမှ လွတ်မြောက် နိုင်သည်။ | Forwards များနှင့် ကွဲလွဲစွာဖြင့် futures စာချုပ်များအား စွန့်စားမှုမြင့်မားသော၊ စျေးနှုန်း ခန့်မှန်းခြင်း ရင်းနှီးမြှုပ်နှံမှုအဖြစ် ကျယ်ပြန့်စွာ အသိအမှတ်ပြုထားကြသည်။ အခြေခံပိုင်ဆိုင်မှု တခုချင်း၏ စျေးနှုန်း အတက်အကျကို ခန့်မှန်းရန်မှာ မဖြစ်နိုင် သလောက်ပင် ဖြစ်သည်။ ထိုမသေချာမှု ကြောင့် အကယ်၍ ရင်းနှီးမြှုပ်နှံသူ တဦး၏ စျေးနှုန်း ရွေ့လျားမှုအပေါ် ခန့်မှန်းချက်သည် မခိုင်မာပါက၊ ငွေပမာဏများစွာ ဆုံးရှုံးရနိုင်သော အလားအလာကို ဖြစ်ပေါ်စေပါသည်။ |
ငွေပေးသွင်းမှု နည်းလမ်း | Forward စာချုပ်များသည် စိတ်ကြိုက်ရေးဆွဲနိုင်သော သီးသန့် သဘောတူညီချက်များ ဖြစ်သည်။ သတ်မှတ်ချက်များ အား စာချူပ်ချုပ်ဆိုသော နှစ်ဖက်အဖွဲ့အချင်းချင်း တိုက်ရိုက်ညှိနှိုင်းကြရသည်။ Forward အား အိတ်ချိန်းများ တွင် မရရှိနိုင်ပါ။ OTC (over-the-counter) စျေးကွက်များတွင် သီးသန့် ရောင်းဝယ်ကြသည်။ | Futures သည် စံသတ်မှတ်ထားသော စည်းကမ်းများဖြင့် ဖွဲ့စည်းထားသော စံပြစာချုပ်များ ဖြစ်ကြသည်။ မည်သည့် သီးသန့် ညှိနှိုင်းမှုများ သို့မဟုတ် ပြင်ဆင်မှုများကိုမှ ပြုလုပ်၍ မရနိုင်ပါ။ ထို့ကြောင့်ပင် ဤစာချုပ်များ၏ တန်ဖိုးအား နှုန်းထားသတ်မှတ်နိုင်ပြီး ၎င်းတို့အား futures အိတ်ချိန်းများတွင် ကုန်သွယ်၍ ရနိုင်ပါသည်။ |
ဥပဒေလွှမ်းမိုးမှု | Forward စာချုပ်တခုသည် သီးသန့်ပြုလုပ်သော သဘောတူညီမှုဖြစ်သည်။ အစိုးရနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများသည် ဤ derivatives အမျိုးအစား အပေါ်တွင် လွှမ်းမိုးမှုမရှိပါ။ | Future စာချူပ်သည် လူသိရှင်ကြား ထုတ်ပြန်သော သဘောတူညီမှုဖြစ်သည်။ Futures အိတ်ချိန်းအများစုမှာ အမေရိကန်ပြည်ထောင်စုတွင် တည်ရှိသည်။ ထို့ကြောင့် ၎င်းတို့အပေါ်တွင် U.S ဥပဒေများ သက်ရောက်မှုရှိပြီး၊ CFTC (the Commodity Futures Tradind Commission) ကဲ့သို့သော အစိုးရအဖွဲ့အစည်းများမှ ထိန်းချုပ်ထား သည်။ CFTC သည် futures အိတ်ချိန်းများကို စီမံအုပ်ချုပ်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည်။ |
အန္တရာယ်များ | Forwards စာချုပ်များသည် တဖက်သတ်နစ်နာနိုင်သော အန္တရာယ်နှင့် ယှဥ်တွဲ၍ နေသည်။ တဖက်မှ ပြန်ကြည့်လျှင် စာချုပ်တွင် ငွေပေးချေရမည့်ရက်စွဲအား တင်းကြပ်စွာ သတ်မှတ်ထား သောကြောင့် ရင်းနှီးမြှုပ်နှံသူ များသည် စျေးနှုန်း အပြောင်းအလဲအပေါ် စိတ်ချထားနိုင်သည်။ အဓိက အားနည်းချက်မှာ ငွေပေးချေမှု လုပ်ငန်းစဥ် အစမပြုမချင်း အမြတ်ရရှိသည်၊ ဆုံးရှုံးသည်ကို မသိရှိနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်သူ များသည် မမျှော်လင့်ပဲ အရှုံးကို လက်ခံကြရလေ့ရှိသည်။ | Futures တွင် အခြေခံပိုင်ဆိုင်မှု၏တန်ဖိုးအတိုင်း နေ့စဥ်ငွေစာရင်း ရှင်းလင်းပေးပြီး၊ စျေးကွက် စျေးနှုန်းများနှင့် တင်းကြပ်စွာ ချိတ်ဆက် ထားသောကြောင့် တဖက်သတ်နစ်နာမှု အန္တရာယ်များကို စိုးရိမ်ရန် မလိုအပ်ပေ။ ထိုအချက်သည် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်သော အချက်ဖြစ်ပါသည်။ ပို၍အရေးကြီးသည်မှာ futures များအား သက်ဆိုင်ရာ အိတ်ချိန်း၏ တာဝန်ခံဌာန သို့မဟုတ် အကျိုးဆောင်ကုမ္ပဏီမှ အထောက်အပံ့ ပေးထားပါသည်။ ရောင်းလိုသည်ဖြစ်စေ၊ ဝယ်လိုသည်ဖြစ်စေ အိတ်ချိန်းမှ လက်ခံ ဆောင်ရွက်ပေးပါသည်။ ဤအချက်နှင့် futures များကို စျေးကွက်အတွင်း နေ့စဥ်စျေးနှုန်း သတ်မှတ်ပေးသော အချက်တို့သည် တဖက်သတ်နစ်နာမှု အန္တရာယ်အားလုံးကို သိသိသာသာလျှော့ချပေးပါသည်။ future အိတ်ချိန်းတွင်ကုန်သွယ်မှု စတင်ရန် ရင်းနှီးမြှုပ်နှံသူတွင် မာဂျင်အကောင့်တခုရှိရန် လိုအပ်ပါသည်။ ထိုအကောင့်ဖြင့် ကနဦး ငွေပေးချေမှုပြုလုပ်ရမည်ဖြစ်ပြီး၊ ထိုငွေကို မာဂျင်စပေါ်ငွေဟုလည်းခေါ်သည်။ နေ့တနေ့ ပြီးဆုံးတိုင်းတွင် အိတ်ချိန်းပိတ်ချိန်ရှိ စျေးကွက်ပေါက်စျေးအပေါ်မူတည်၍ နှစ်ဦးနှစ်ဖက် ပေးချေရမည့် ဝတ္တရားအား ပြန်လည် တွက်ချက် ပေးသည်။ နောက်ဆုံးတွင် အဖွင့်စျေးနှင့် အပိတ်စျေးကွာခြားချက်အား ရင်းနှီးမြှုပ်နှံသူ၏ အကောင့်ထဲသို့ ပေါင်းထည့်ပေးသည် သို့မဟုတ် အကောင့်ထဲမှနှုတ်ယူသည်။ အဆိုပါ မာဂျင်ဖြင့်ကုန်သွယ်မှုစနစ်တွင် သေးငယ်သော ကနဦးမာဂျင်ပမာဏ၊ နေ့စဥ်စျေးနှုန်းပြန်လည်တွက်ချက်ခြင်းနှင့် စျေးနှုန်းခြားနားချက်အတိုင်း ပေးချေခြင်းစသော ထူးခြားကောင်းမွန်သည့် အချက်များရှိသည်။ ဤအချက်များသည် စျေးနှုန်းခန့်မှန်း ကုန်သွယ်သူများအကြား futures များကို လူကြိုက်များစေသော အချက်များဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းထူးခြားချက် များသည်ပင် futures ကုန်သွယ်ရေးအား ရင်းနှီးမြှုပ်နှံမှုစျေးကွက်အတွင်း စွန့်စားမှုအမြင့်ဆုံး ကုန်သွယ်ရေးစနစ်များတွင် ပါဝင်စေသော အကြောင်းတရားများ ဖြစ်၍နေပါသည်။ |
သက်တမ်းကုန်ဆုံးရက် | Forward တခု၏ သက်တမ်း ကုန်ဆုံးရက်သည် နှစ်ဖက် အဖွဲ့၏ လိုအပ်ချက်များ အပေါ်မူတည်၍ နှစ်ဦး သဘောတူသတ်မှတ်ထားသော ငွေအလွှဲအပြောင်း ပြုလုပ်ရမည့် ရက်စွဲဖြစ်သည်။ | Future တခု၏ သက်တမ်းကုန်ဆုံးရက်အား စံနှုန်းများနှင့်အညီ သတ်မှတ်ထားသည်။ |
အချိန်စေ့သောရက်စွဲ | Forward များတွင် အချိန်စေ့သောရက်စွဲသည် အခြေခံပိုင်ဆိုင်မှုအား လက်ရောက်လွှဲပြောင်းပေးရသည့်နေ့ဖြစ်သည်။ (ဥပမာ ရေနံ၊ ပြောင်း အစရှိသော ကုန်စည်များ) | Futures များမှာ စံပြစာချုပ်များဖြစ်ပြီး အချိန်စေ့သော ရက်စွဲများ ကြိုတင် သတ်မှတ်ထားသော်လည်း အခြေခံပိုင်ဆိုင်မှုအား လက်တွေ့လွှဲပြောင်းပေးခြင်းမျိုး မရှိပါ။ |
စာချုပ်ပမာဏ | စာချုပ်ပမာဏသည် ငွေအလွှဲအပြောင်းပမာဏနှင့် နှစ်ဖက်အဖွဲ့မှ သဘော တူညီထားသော လိုအပ်ချက် များအပေါ် မူတည်သည်။ | Future စာချုပ်တခုတွင် စံသတ်မှတ်ထားသော အရွယ်အစားရှိသည်။ |
စျေးကွက် | Forward များအား ကုမ္ပဏီ တိုက်ရိုက်စျေးကွက် တွင် အများဆုံးကုန်သွယ်ကြသည်။ ၎င်းတို့၏ နှစ်ဦးချင်းသာ သက်ဆိုင်သော သဘာဝကြောင့် forward စာချုပ်များအား ရောင်းသူ၊ဝယ်သူများ၏ လိုအပ်ချက်များအတိုင်း အံဝင်ဂွင်ကျဖြစ်စေရန် ရေးဆွဲထားလေ့ရှိကြသည်။ ဆိုလိုသည်မှာ ၎င်းတို့အား ရောင်းချလိုပါက ယခင် ရှိပြီးသား စာချုပ်အား ဆက်ခံလိုက်ခြင်းဖြင့် ပြေလည်သွားနိုင်မည့် တူညီသောလိုအပ်ချက်ရှိနေသော ဝယ်လက်အား ရှာဖွေရန်မှာ စိန်ခေါ်မှုတရပ် ဖြစ်လာနိုင်ပါသည်။ | Futures စာချုပ်များအား ကုမ္ပဏီတိုက်ရိုက်စျေးကွက်နှင့် ကုန်သည်ချင်း ရောင်းဝယ်နိုင်သည့်စျေးကွက် နှစ်မျိုးစလုံးတွင် ကုန်သွယ်နိုင်သည်။ Futures များ၏ စံသတ်မှတ်ချက်သဘာဝအရ ၎င်းတို့အား ကုန်သည် ချင်း ရောင်းဝယ်နိုင်သည့်စျေးကွက်များတွင် ကုန်သွယ်ရန် ပို၍သင့်တော်သည်။ အဘယ်ကြောင့်ဆိုသော် ဝယ်ယူလိုသူများသည် စာချုပ်တခုချင်းစီ၏ သတ်မှတ်ချက်များအား ဆန်းစစ်နေစရာမလိုပဲ ကမ်းလှမ်းချက်များစွာအနက် မိမိနှစ်သက်ရာတခုကို ရိုးရှင်းစွာပင် ရွေးချယ်နိုင်သည်။ ထို့ကြောင့် futures များတွင်ပါဝင်သော ဝတ္တရားများအား တဦးမှ နောက်တဦးထံအလွယ်တကူပင် လွှဲပြောင်းပေးနိုင်သည်။ |
ငွေပေးချေမှု | forward စာချုပ်များတွင် ငွေပေးချေမှုအား အခြေခံ ပိုင်ဆိုင်မှု အလွှဲအပြောင်း ပြုလုပ်ချိန်အတွင်း၌သာ အမြဲ ဆောင်ရွက်ကြရသည်။ ထို့အပြင် နှစ်ဖက်သော အဖွဲ့ဝင်များသည် ငွေပေးချေမှု ဆောင်ရွက်သည့်အချိန်မှသာ အရှုံး၊ အမြတ်ကို သေချာစွာ သိရှိနိုင်သည်။ | Futures စာချုပ်များ၏ ငွေပေးချေမှုအား တိကျသောရက်စွဲဖြင့် ပုံသေ သတ်မှတ်ထားခြင်းမရှိပါ။ Forward များနှင့် မတူသောအချက်မှာ၊ ဤ derivative အမျိုးအစားတွင် ငွေပေးချေမှုအား နေ့စဥ်ပြုလုပ်ရသည်(အချိန်စေ့သောရက်စွဲတခုတည်းတွင်သာ ပေးချေရခြင်းမျိုး မဟုတ်ပါ)။ ထို့ကြောင့်ပင် futures များအား အချိန်မရွေး ဝယ်ယူ၊ ရောင်းချနိုင်သည်။ |
သဘော သဘာဝ | စိတ်ကြိုက်ဖန်တီးနိုင်သော သဘာဝရှိသည်။ Forward ၏ ထူးခြားချက်များမှာ ညှိနှိုင်း၍ရခြင်း၊ စျေးနှုန်း သတ်မှတ်နိုင်ခြင်းနှင့် နှစ်ဦးနှစ်ဖက်ကြား တိုက်ရိုက်ပြုလုပ်ရခြင်း တို့ဖြစ်သည်။ စာချုပ်ပြုလုပ်သူ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ပြဌာန်းရာတွင် အပိုဆောင်းသတ်မှတ်ချက်များ၊ အသေးစိတ်ဖြည့်စွက်ချက်များ စသဖြင့် ပါဝင်နိုင်ခြင်းကြောင့် စိတ်ကြိုက်ဖန်တီးနိုင်ခြင်းသည်လည်း forward များ၏ အားသာချက်တခုပင်ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်းကြောင့်ပင် forward များကို ဝယ်ယူရောင်းချရာတွင် အခြား derivatives များထက် ပို၍ ခက်ခဲလေ့ရှိပါသည်။ | စံသတ်မှတ်ထားသော သဘာဝရှိသည်။ မည်သည့် future စာချုပ်အမျိုးအစားဖြစ်စေ လွှဲပြောင်းရမည့်ရက်စွဲ၊ စာချုပ်အရွယ်အစား၊ နည်းပညာပိုင်းဆိုင်ရာ အင်္ဂါရပ်များ နှင့် ငွေအလွှဲအပြောင်းလုပ်ငန်းစဥ်များအတွက် တူညီသော စံနှုန်းများသတ်မှတ်ထားသည်။ |
ကုန်သွယ်မှု | Forwards များသည် ဝယ်သူနှင့် ရောင်းသူကြား သီးသန့်ညှိနှိုင်း၍ ချုပ်ဆိုကြသော စာချုပ်များ ဖြစ်သည်။ ဤစာချုပ်အ မျိုးအစားအား OTC စျေးကွက် များတွင် တိုက်ရိုက် ကုန်သွယ် ကြသည်။ ထို့ကြောင့် forward derivative များအား လူသိရှင်ကြား ထုတ်ပြန် ထားခြင်းမျိုး မရှိသလို အိတ်ချိန်းများပေါ်တွင် ကုန်သွယ်၍ မရပါ။ ပုံမှန်အားဖြင့် နေ့စဥ် ကုန်သွယ်ကြသူများအတွက် အလွယ်တကူ မရရှိနိုင်သော အမျိုးအစားဖြစ်သည်။ | Future စာချုပ်များအား ပုံမှန်အားဖြင့် futures အိတ်ချိန်းများပေါ်တွင် လူသိရှင်ကြား အရောင်းအဝယ်ပြုလုပ်ကြသည်။ ၎င်းသည် စံသတ်မှတ်ထားသော စာချုပ်ဖြစ်သည့်အလျောက် အကျိုးဆောင်ကုမ္ပဏီများမှတဆင့် ကုန်သွယ်မှုပြုလုပ်နိုင်သည်။ Futures ကုန်သွယ်ရေးသည် ပုံမှန်စတော့ကုန်သွယ်ရေးနှင့် တူညီသော အချက်များစွာရှိသည်။ နှစ်မျိုစလုံးသည် အကျိုးဆောင်ကုမ္ပဏီများမှ တဆင့်အရောင်းအဝယ်ပြုလုပ်နိုင်ပြီး၊ အကျိုးဆောင်ကုမ္ပဏီများကပင် ကုန်သွယ်မှုကို လက်ခံဆောင်ရွက်ပေးသည်။ |
ငွေဖြစ်လွယ်မှု | Forward စျေးကွက်သည် ငွေဖြစ်လွယ်မှု နည်းပါးသည်။ ငွေဖြစ်လွယ်မှုနည်းပါးခြင်း ကြောင့် ဤအမျိုးအစားကို ရွေးချယ်သော ရင်းနှီးမြှုပ်နှံသူ များအတွက် စာချုပ်တွင် အချိန်မရွေးပါဝင်ရန်၊ သို့မဟုတ် စာချုပ်မှ ထွက်ခွာရန်( စာချုပ်အား လက်လွှဲ ရောင်းချရန်) ခက်ခဲမှုများ ရှိနိုင်ပါသည်။ | Future စျေးကွက်သည် forward များနှင့် နှိုင်းယှဥ်ပါက ငွေဖြစ်မှုမြင့်မားပါသည်။ စံသတ်မှတ်ချက်များသည် ဤစျေးကွက်၏ ငွေဖြစ်လွယ်မှု အနေအထားအား မြင့်မားစေသည်။ |
မာဂျင် | Forward တွင် ကနီးဦး ငွေပေးချေမှု တစုံတရာ မလိုအပ်ပါ။ ထို့ကြောင့် မာဂျင်စနစ်သုံးစွဲမှု မရှိပါ။ | Futures များတွင်မူ တည်ငြိမ်သော မာဂျင်စနစ်ပါဝင်ပြီး ထိုစနစ်အတိုင်းသာ မဖြစ်မနေဆောင်ရွက်ရသည်။ အတိုးနှုန်းပါဝင်သော futures များပင်လျှင် ကနဦး ငွေပေးချေမှုပြုလုပ်ရန် လိုအပ်ပါသည်။ Futures များအား စျေးကွက်အတွင်း နေ့စဥ်စျေးနှုန်းဖော်ပြပေးခြင်းကြောင့် အရှုံး၊ အမြတ်ကို အလွယ်တကူပင် ခန့်မှန်း၍ရနိုင်ပါသည်။ ထိုကြောင့် တာဝန်ရှိသူများက ကနဦးမာဂျင်ပမာဏအတွင်းသို့ အမြတ်ကိုပေါင်းထည့်ပေးခြင်း၊ သို့မဟုတ် မာဂျင်ပမာဏမှ အရှုံးကိုနှုတ်ယူခြင်းများအား (စာချုပ်၏အကျိုးသက်ရောက်မှုရှိသောရက်စွဲတွင်) ဆောင်ရွက်ကြသည်။ သို့မဟုတ် မာဂျင်အကောင့်တွင်းရှိ လက်ကျန်ငွေသို့ပေါင်းထည့်ခြင်း၊ ထိုလက်ကျန်ငွေမှ နှုတ်ယူခြင်းများကို (စာချုပ်သက်တမ်းမကုန်ဆုံးခင်အထိ နေ့တနေ့ပြီးဆုံးတိုင်းတွင်) ဆောင်ရွက်ကြသည်။ |
စျေးကွက်တွင် အမှတ်အသားပြုခြင်း | Forward များအား စျေးကွက်တွင် မှတ်သား ထားခြင်းမရှိပါ။ ၎င်းတို့၏ ထင်ရှားသော အင်္ဂါရပ်မှာ သီးခြားဖြစ်တည်မှုနှင့် တိကျသော စျေးနှုန်း သတ်မှတ်ချက် ဖြစ်သည်။ | Futures များအား စျေးကွက်အတွင်း နေ့စဥ်မှတ်သားထားသည်။ စာချုပ်သက်တမ်းကုန်ဆုံးရက်အထိ နေ့စဥ်ငွေစာရင်းရှင်းလင်းမှု ပြုလုပ်ပေးသည်။ |
တဖက်သတ်နစ်နာမှု | Forwards များ၏ သဘာဝအရ ကုန်သွယ်သူနှစ်ဖက်အနက် တဖက်တွင် ကြီးမားသော ဆုံးရှုံးနိုင်ခြေ ပါဝင်သည်။ | Futures စာချုပ်များတွင် ကုန်သွယ်သူ နှစ်ဖက်စလုံး အတွက် ကြီးမားသော စွန့်စားမှု မပါဝင်ပါ။ |
ငွေလွှဲပြောင်းမှု အမှတ်အသား | Forwards များတွင် ငွေအလွှဲအပြောင်း နှစ်မျိုးသာ ပါဝင်သည်။ ဝယ်ယူသည့်အချိန်နှင့် စာချုပ်ပြီးဆုံး၍ ငွေပေးချေရမည့်အချိန် ဖြစ်သည်။ | ငွေအလွှဲအပြောင်းလုပ်ငန်းစဥ်အား နေ့စဥ်ဆောင်ရွက်သည်။ |
ကတိဖျက်မှု | Forward များတွင် တဖက်သတ် ကတိဖျက်မှု အန္တရာယ်မြင့်မားသည်။ | Futures စာချုပ်များတွင် တဖက်သတ်စာချုပ်ဖောက်ဖျက်ခြင်း မရှိသလောက်နည်းပါးသည် သို့မဟုတ် လုံးဝမရှိနိုင်ပါ။ |
စျေးနှုန်း | Forwards များသည် ပို၍ စျေးနှုန်းမြင့်မားသည်။ | Futures များသည် ပို၍ စျေးသက်သာသည်။ |
Futures နှင့် Forwards Contracts များ၏ ဥပမာများ
Futuresများနှင့် Forwards များ၏ သဘာဝကို ပို၍ ရှင်းလင်းစွာ နားလည်စေနိုင်ရန်၊ မတူညီသော အခြေအနေများတွင် ဤ derivatives များ မည်ကဲ့သို့ အလုပ်လုပ်သည်ကို အောက်ပါဥပမာဖြင့် ထပ်မံ ရှင်းပြပေးပါမည်။
ဤဇာတ်လမ်း၏ အဓိကဇာတ်ဆောင်မှာ လတ်ဆတ်သောသစ်သီးများဖြင့် အချိုပွဲများပြုလုပ်ရောင်းချသော ဆိုင်ပိုင်ရှင်တဦးဖြစ်သူ Mark ဖြစ်သည်။ လက်ရှိအချိန်တွင် Mark သည် "Paradise Island"ဟူသော သစ်သီးဖြန့်ချိရေးဒိုင်မှ သရက်သီး တပေါင်လျှင် ၅ဒေါ်လာ နှုန်းဖြင့် ဝယ်ယူနေကျဖြစ်သည်။ လက်ရှိ သရက်သီးပေါက်စျေးမှာ Mark အတွက် အဆင်ပြေသော နှုန်းထားဖြစ်ပြီး သစ်သီးအချိုပွဲများ ရောင်းချရာ တွင် အခွင့်သာသော မာဂျင်အနေအထားကို ရရှိထားသည်။
လွန်ခဲ့သော တပတ်က Mark သည် အင်တာနက်ပေါ်တွင် သတင်းတပုဒ်ကို မြင်တွေ့ခဲ့ရသည်။ ပြင်းထန်သော အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းသည် "Paradise Island" ၏ စိုက်ခင်းများတည်ရှိရာ အိန္ဒိယကမ်းရိုးတန်းသို့ ရောက်ရှိတော့မည် ဖြစ်သည်။ မိုးလေဝသပညာရှင်များက ဟာရီကိန်းသည် ၎င်းဧရိယာတဝိုက်ရှိ သရက် စိုက်ခင်းများကို ဖျက်ဆီးလိမ့်မည်ဟု ခန့်မှန်းချက်ထုတ်ထားကြသောကြောင့် Mark သည် သရက်သီးများ စျေးတက်မည်ကို စိုးရိမ်ပူပန်ခဲ့သည်။
| Forward Contract | Futures Contract |
အဆိုပြုချက် | Paradise Island သည် Mark ကဲ့သို့ စိုးရိမ်ပူပန်ခြင်းမရှိပဲ ၎င်း၏ စိုက်ခင်း များမှာ 100% ဘေးကင်းသည်ဟု ယုံကြည်သည်။ ထို့အပြင် ကုမ္ပဏီ သည် မကြာသေးခင်ကမှ စက်ပစ္စည်း အသစ်များကို ဝယ်ယူခဲ့ပြီး၊ တူညီသော ကုန်ကျစားရိတ်ဖြင့် ပိုများသော သရက်သီး အထွက်နှုန်းကို ရရှိစေရန် စီမံကိန်းရေးဆွဲထားပြီး ဖြစ်သည်။ Mark နှင့် Paradise Island သည် လာမည့် ၆လအတွင်း မည်သို့သော အကြောင်းတရားမျိုး ရှိလာပါစေ၊ သရက်သီး တပေါင်လျှင် ၅ဒေါ်လာဖြင့် အရောင်းအဝယ် လုပ်ရန် forward စာချုပ်တခုကို ပြုလုပ်ခဲ့ကြသည်။ ယခုမှစ၍ Mark သည် သရက်သီး ပေါင်တသောင်း (10000lb)အား တပေါင်လျှင် ၅ဒေါ်လာဖြင့် ဝယ်ယူရန် ကတိပြုလိုက်ပြီ ဖြစ်သည်။ (၆လအတွက် ဒေါ်လာ ၅သောင်း)။ အကယ်၍များ တိုင်ဖွန်းမုန်တိုင်း ကြောင့် စိုက်ခင်းများ ပျက်စီးခဲ့သည်ရှိသော် Paradise Island သည် ကြိုတင် ညှိနှိုင်းထားသော သတ်မှတ်ချက် များအတိုင်းသာ သရက်သီးများကို ရောင်းချရမည်ဖြစ်သည်။ | Paradise Island သည် သရက်သီး futures စာချုပ်တစောင်လျှင် ဒေါ်လာ တရာ့ငါးဆယ် နှုန်းဖြင့် စျေးဖွင့်သည်။ စာချုပ်တစောင်ချင်း သည် စတင်အကျိုးသက်ရောက်သည့်နေ့စွဲမှ ၆လအကြာတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ Mark သည် သရက်သီး futures အစောင်ငါးရာကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ စာချုပ်တစောင်၏ အရွယ်အစားသည် သရက်သီး ပေါင်၃၀ (30lb) နှင့် ညီမျှသည်။ စာချုပ်အစောင် ငါးရာသည် သရက်သီး ပေါင်တသောင်းခွဲ (15000lb) နှင့် ညီမျှပြီး စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၇၅၀၀၀ဖြစ်သည် (တပေါင်လျှင် ၅ဒေါ်လာ ကျသင့်သည်)။ ကုမ္ပဏီခွဲခြမ်းစိတ်ဖြာမှုဌာန၏ လေးနက်သော ရလာဒ်အရ ဆိုင်ကလုန်း အန္တရာယ်ကျော်လွန်သွားပါက စက်ပစ္စည်း အသစ်များသည် သရက်သီးအထွက်နှုန်းကို ၃၀% ပိုမိုတိုးတက်စေမည်ဖြစ်သည်။ |
သုံးသပ်ချက်- စိုက်ခင်းများ ပျက်စီးခဲ့လျှင် | စိုက်ခင်းများပျက်စီး၍ သရက်သီး ရရှိမှု သိသိသာသာ လျော့ကျခဲ့သော အခါ၊ Paradise Island သည် အရှုံးကိုကာမိစေရန် သရက်သီး တပေါင်လျှင် ၈ဒေါ်လာ အထိ စျေးနှုန်း တိုးမြှင့်လိုက်သည်။ ထို့ကြောင့် ၆လစာ သရက်သီးဖိုးမှာ ယခုဆိုလျှင် ဒေါ်လာ ၈သောင်း ကျသင့်မည် ဖြစ်သည်။ သို့သော် Mark အနေဖြင့် တပေါင်လျှင် ၅ဒေါ်လာသာ ပေးချေရမည် ဖြစ်သောကြောင့် ကုန်ကျစားရိတ် ဒေါ်လာ ၃သောင်းခန့် သက်သာသွားမည်ဖြစ်သည်။ Paradise Island အတွက်မူ ထိုပမာဏအား ဆုံးရှံးရခြင်းပင် ဖြစ်သည်။ | နောက်တပတ်တွင် ကြီးမားသော သဘာဝအန္တရာယ်သည် အိန္ဒိယကမ်းရိုးတန်းရှိ သရက်စိုက်ခင်းများကို ဖျက်စီးပစ်လိုက်သည်။ သရက်သီးအတွက် futures တစောင်၏ တန်ဖိုးမှာ ၁၈၀ဒေါ်လာအထိ မြင့်တက်သွားခဲ့သည်။ Fututes များသည် derivative စာချုပ်များဖြစ်ကြသည်။ အဓိပ္ပါယ်မှာ ၎င်းတို့၏ တန်ဖိုးသည် လက်ရှိသရက်သီးပေါက်စျေးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သရက်သီးစျေးနှုန်းများ သိသိသာသာမြင့်တက်လာသည်ဟု ကောက်ချက်ချနိုင်သည်။ ဤသုံးသပ်မှုအရ Mark သည် ၎င်း၏ futures စာချုပ်များအား တခြားတယောက်ကို ရောင်းချလိုက်ခြင်းအားဖြင့် ဒေါ်လာ တသောင်းခွဲ အမြတ်ရရှိမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် Mark ၏ လက်ဝယ်ရှိ futures စာချုပ်များ၏ တန်ဖိုးမှာ ဒေါ်လာ ၉သောင်း ဖြစ်၍သွားသောကြောင့်ဖြစ်သည်။ |
သုံးသပ်မှု-ဆိုင်ကလုန်းကြောင့် စိုက်ခင်းများ မပျက်စီးခဲ့လျှင် | အကယ်၍ သဘာဝဘေးအန္တရာယ် မကျရောက်ခဲ့လျှင်၊ Paradise Island သည် စက်ပစ္စည်းသစ်များကို အသုံးချ၍ သရက်သီးအထွက်နှုန်းကို တိုးမြှင့်နိုင်မည် ဖြစ်သည်။ အထွက်နှုန်း တိုးတက်လာသော ကြောင့် စျေးကွက်အတွင်း သရက်သီးများ ပိုမိုပေါများလာပြီး ကုမ္ပဏီသည် သရက်သီးတပေါင် လျှင် ၃ဒေါ်လာသို့ စျေးနှုန်း လျှော့ချလိုက်သည်။ မည်သို့ပင် ဖြစ်စေ Mark သည် သရက်သီးပေါင် တသောင်းအား သတ်မှတ်ချက် အတိုင်း ဝယ်ယူရမည်ဖြစ်ပြီး၊ သရက်သီးတပေါင်လျှင် ၂ဒေါ်လာ အပိုပေးရမည်ဖြစ်သည်။ Paradise Island သည် ဒေါ်လာ ၂သောင်း အကျိုးအမြတ်ကို ခံစားရမည် ဖြစ်သည်။ | ကုမ္ပဏီ၏ ဘဏ္ဍာရေး ခွဲခြမ်းစိတ်ဖြာမှုဌာနမှ ခန့်မှန်းခဲ့သည့်အတိုင်း လုပ်ငန်းများ အရှိန်အဟုန်တိုးတက်လာပြီး သရက်သီးများ ပုံမှန်ထက်ပိုမို ရရှိခဲ့သည်။ ထို့ကြောင့် သရက်သီး futures တစောင်လျှင် ဒေါ်လာ တရာသို့ စျေးနှုန်းကျဆင်းခဲ့သည်။ ဤသုံးသပ်မှုတွင် Mark အနေနှင့် ဒေါ်လာ ၂၅၀၀၀ ဆုံးရှုံးမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Mark ၏ ကနဦးရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဒေါ်လာ ၇၅၀၀၀ ဖြစ်ပြီး၊ ယခုအခါ ၎င်း၏ လက်ဝယ်ရှိ futures များမှာ ဒေါ်လာ ၅၀၀၀၀ သာတန်ဖိုးရှိခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုစာချုပ်များကို ဒေါ်လာ ၅၀၀၀၀ ဖြင့်ရောင်းချ၍ အရှုံးကိုကာမိစေရန် အခြားရင်းနှီးမြှုပ်နှံမှုအား ဆက်လက်လုပ်ဆောင်နိုင်သည်။ |
Futures နှင့် Forwards Contracts များအား မည်သူတို့က ကုန်သွယ်ကြပါသနည်း။
ဤ ဘဏ္ဍာရေး derivatives များအား ရင်းနှီးကြသူများကို အဓိကအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ ဤခွဲခြားမှုသည် ကုန်သည်တဦး၏ အခြေခံရည်ရွယ်ချက်အပေါ် မူတည်သည်။
Forwards: Hedging (အကာအကွယ်ယူခြင်း)
Hedger များ(အရှုံးကိုကာကွယ်ကြသူများ)၏ ဆုံးရှုံးမှု အန္တရာယ်ကို လျှော့ချလိုသော ဆန္ဒမှာ နားလည်ရန် လွယ်ကူသော သဘောထား ဖြစ်ပါသည်။ ဤရင်းနှီးမြှုပ်နှံသူ အမျိုးအစားသည် အခြေခံကုန်သွယ်ရေး ပစ္စည်း၏ စျေးနှုန်းအပေါ် စျေးကွက်အပြောင်းအလဲများ၏ ဆိုးဝါးစွာရိုက်ခတ်မှုအား လျှော့ချရန် စိတ်အားထက်သန်ကြသည်။ Hedgers များသည် အခြေခံကုန်သွယ်ရေးပစ္စည်း၏ စျေးနှုန်းမတည်ငြိမ်မှုအား ဖြတ်တောက်ရန် Forward စာချုပ်များကို ဝယ်ယူလေ့ရှိကြသည်။ Forward စာချုပ်များ၏ သတ်မှတ်ချက်များသည် သက်တမ်းကုန်ဆုံးချိန်ထိ အပြောင်းအလဲမရှိသောကြောင့် စျေးကွက် အလှုပ်အခတ်များ၏ သက်ရောက်မှုမှ အလုံးစုံ ကင်းလွတ်နိုင်သည်။ ဥပမာ - အဖွဲ့နှစ်ခုသည် ဂျုံစေ့ တပေါင်လျှင် ၅ဒေါ်လာ နှုန်းထားဖြင့် ဂျုံစေ့ ပေါင် ၅ထောင်အတွက် ဒေါ်လာ ၂၅၀၀၀တန် Forward စာချုပ်ကို ပြုလုပ်ခဲ့ကြလျှင်၊ အကယ်၍ ဂျုံစေ့တပေါင်၏ စျေးနှုန်းသည် ၁ဒေါ်လာအထိ ကျဆင်းသွားခဲ့ပါသော်လည်း၊ စာချူပ်ပါ သတ်မှတ်ချက်အတိုင်းသာ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်သည်။ Forward များသည် အခြေခံကုန်သွယ်ရေးပစ္စည်း၏ လက်တွေ့လွှဲပြောင်းမှုကိုလည်း အာမခံချက်ပေးပြီး၊ အကယ်၍ နှစ်ဦးနှစ်ဖက် သဘောတူညီပါက ကုန်ပစ္စည်းအားလက်တွေ့လွှဲပြောင်းခြင်းမပါဝင်ပဲ ငွေသားဖြင့် လည်း အပြည့်အဝပေးချေနိုင်သည်။
Futures: Speculation(ခန့်မှန်းကုန်သွယ်ခြင်း)
စျေးနှုန်းခန့်မှန်းချက်အပေါ် ကုန်သွယ်ကြသူများသည် ကုန်သွယ်ရေးပစ္စည်းအမျိုးအစားတခုအား လက်တွေ့ ဝယ်ယူခြင်းထက် ဘဏ္ဍာရေးဆိုင်ရာ သဘောတူစာချုပ်များကိုသာ ပြုလုပ်ရန် ရွေးချယ်လေ့ ရှိကြသည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် အခြေခံကုန်သွယ်ရေးပစ္စည်း၏ တန်ဖိုးအပြည့်အဝအား ပေးချေရန် မလိုသည့်အပြင် အကျိုးအမြတ် ရရှိနိုင်သော အလားအလာကိုလည်း တိုးချဲ့နိုင်သည်။ ထိုကြောင့် စျေးနှုန်းခန့်မှန်းကြသူများသည် အခြေခံကုန်သွယ်ရေး ပစ္စည်း၏တန်ဖိုးအား ခန့်မှန်း၍ derivatives များကို အကြိမ်ရေများစွာ ဝယ်ယူလေ့ရှိကြသည်။ ၎င်းတို့၏ ခန့်မှန်းချက်အတိုင်း မှန်ကန်စွာ စျေးနှုန်းရွေ့လျားခဲ့ပါက စာချုပ်သက်တမ်းမပြည့်မှီ ကြိုတင်၍ ပိတ်သိမ်းလေ့ရှိကြသည်။ ပုံမှန်အားဖြင့် စျေးနှုန်း ခန့်မှန်းကြသူ များသည် အခြေခံကုန်သွယ်ရေးပစ္စည်းအား လက်တွေ့လွှဲပြောင်းရန် စိတ်မဝင်စားပဲ၊ ငွေပေးချေမှုကိုသာ ဆောင်ရွက်ကြလေ့ရှိသည်။
နိဂုံး
Derivative များကဲ့သို့သော အဆင့်မြင့် ဘဏ္ဍာရေး ကိရိယာများကို အသုံးချခြင်းအားဖြင့် မိမိ၏ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်အား ချဲ့ထွင်နိုင်ပါသည်။ စွန့်စားမှုကို မနှစ်သက်သော ရင်းနှီးမြှုပ်နှံသူများသည် စတော့များ၊ ငွေချေးစာချုပ်များ စသည့် ပုံမှန်ရင်းနှီး ကျွမ်းဝင်ပြီးသော ကုန်သွယ်ရေးအမျိုးအစားများကိုသာ ပို၍နှစ်ခြိုက်ကြသော်လည်း၊ စွန့်စားလိုသော ရင်းနှီးမြှုပ်နှံသူများသည် သမာရိုးကျနည်းလမ်းများကို ကျော်ဖြတ်၍ ဝင်ငွေရရှိနိုင်သော နည်းလမ်းသစ်များ ကို တွေ့ရှိပြီး၊ သာလွန်သော အကျိုးကျေးဇူးများကို ခံစားခွင့်ရရှိခဲ့ကြသည်။
ယခုအခါ စာဖတ်သူများအနေဖြင့် forwads နှင့် futures ၏ အခြေခံသဘောတရားများကို သိရှိလောက်ပြီ ဖြစ်ပါသည်။ ဆန္ဒရှိပါက ၎င်းတို့အား စမ်းသပ်ကြည့်နိုင်ပါသည်။ ဥပမာအားဖြင့် LiteFinance ကုမ္ပဏီသည် သုံးစွဲသူများအား ရေနံ Future များတွင် စမ်းသပ်ကုန်သွယ်နိုင်သော အခွင့်အရေးကို ဖန်တီးပေးထားပါသည်။ သို့ရာတွင် ဆုံးရှုံးမှုအလားအလာကိုလည်း မဖြစ်မနေ ထည့်သွင်းစဥ်းစားရန် လိုအပ်ပါသည်။ (ဆုံးရှုံးမှုအလားအလာမှာ အစဥ်ပူးတွဲနေသည်ကို သတိပြုပါ)။ ထို့အပြင် ဤ derivative နှစ်မျိုးအား မည်သို့အကောင်အထည်ဖော်ရမည်ကိုလည်း သေချာစွာ နားလည်သင့်သည်။ Futures နှင့် Forwards စာချုပ်များသည် hedgers (အရှုံးကိုကာကွယ်လိုသူ)များအတွက်ရော speculators (စျေးနှုန်းခန့်မှန်း ကုန်သွယ်လိုသူ) များ အတွက်ပါ ကောင်းမွန်သော ရွေးချယ်စရာနည်းလမ်းများ ဖြစ်နိုင်ပါသည်။ သို့သော်လည်း မည်သည့်နည်းလမ်းကိုမဆို လက်တွေ့လုပ်ဆောင်ခြင်းမပြုမှီတွင် လေးနက်သော စျေးကွက် ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။
Forwards နှင့် Futures အမေး၊ အဖြေများ။
ထိုသို့ပြောနိုင်ပါသည်။ သို့သော် forwardsများနှင့် နှိုင်းယှဥ်ပါက၊ futures များတွင် တဖက်သတ်စာချုပ်ဖောက်ဖျက်ခြင်း အန္တရာယ်ပို၍ နည်းပါးပါသည်။ Futures များတွင် အခြေခံ ပိုင်ဆိုင်မှု၏ တန်ဖိုးအပေါ် နေ့စဥ်ငွေစာရင်းရှင်းလင်းပေးပြီး၊ လက်ရှိပေါက်စျေးနှင့်အညီ အပြောင်းအလဲများပြုလုပ်ပေးပါသည်။ ထို့အပြင် Futures များအား ကြားခံအိတ်ချိန်းများမှ ထိန်းချုပ်ထားပြီး၊ အဝယ်၊ အရောင်းနှစ်မျိုးစလုံးအား သက်ဆိုင်ရာအိတ်ချိန်းမှပင် လက်ခံ ဆောင်ရွက်ပေးပါသည်။
Futures များ၏ အဓိက အားသာချက်များမှာ ၎င်းစာချုပ်များအား စံသတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းထားသည်။ ထို့ကြောင့် ၎င်းတို့အား တရားဝင်ခွင့်ပြုမိန့်ရရှိပြီးသော အိတ်ချိန်းအများစုတွင် ဝယ်ယူ၊ ရောင်းချနိုင်သည်။ အခြားသော အားသာချက်များမှာ
- စာချုပ်ဖောက်ဖျက်မှု အန္တရာယ်မရှိခြင်း။
- လိုက်လျောညီထွေမှုရှိခြင်း(အချိန်အရွေး ဝယ်ယူ၊ ရောင်းချနိုင်သည်)။
- 일일정산
- နေ့စဥ်ငွေစာရင်းရှင်းလင်းပေးခြင်း။
- လူသိရှင်ကြားထုတ်ပြန်ခြင်း။
- ငွေဖြစ်လွယ်မှု မြင့်မားခြင်း။
- တဖက်သတ်နစ်နာမှု နည်းပါးခြင်း။
- ကုန်သည်ချင်းရောင်းဝယ်နိုင်သောဈေးကွက်များတွင် ရရှိနိုင်ခြင်း။
ပြုလုပ်ရပါသည်။ Futures စာချုပ်များအတွက် နေ့စဥ်ငွေစာရင်းရှင်းလင်း ပေးပါသည်။ ထို့ကြောင့် ဤ derivatives များအား အချိန်မရွေး အရောင်းအဝယ် ပြုလုပ်နိုင်ပါသည်။ လက်ရှိပေါက်စျေးကို သိရှိနိုင်ပြီး ထိုစျေးအတိုင်း အရောင်းအဝယ် ပြုလုပ်နိုင်ပါသည်။ Futures များတွင် ငွေပေးချေမှု အတွက် တိကျသောရက်စွဲတခု သတ်မှတ်ထားခြင်း မရှိပါ။ ထိုအတွက်ကြောင့် သက်တမ်း ပြည့်မှသာ ငွေပေးချရသော forwards များထက် ပို၍လိုက်လျောညီထွေသော ကုန်သွယ်ရေး derivative အဖြစ် မှတ်ယူနိုင်ပါသည်။
ကံမကောင်းစွာဖြင့် ကျဆင်းနိုင်ပါသည်။ စတော့အိတ်ချိန်း၏ အခြေအနေအပေါ် မူတည်၍ အချိန်နှင့်အမျှ စျေးနှုန်းတိုးတက်ခြင်းသော်လည်းကောင်း၊ ကျဆင်းခြင်းသော်လည်းကောင်း ဖြစ်နိုင်ပါသည်။ အကယ်၍ ကုန်သည်သည် ကြံသကာအပေါ် အခြေခံ၍ ချုပ်ဆိုသော futures အစောင်တရာအား တစောင်လျှင် ဒေါ်လာ နှစ်ဆယ်ဖြင့် ဝယ်ယူခဲ့သည် ဆိုပါစို့။ ကြံသကာ စက်ရုံသည် အလုပ်သမားများ ထပ်မံငှားရမ်းပြီး စက်ပစ္စည်းသစ်များ ဝယ်ယူကာ ကြံသကာ ထုတ်လုပ်ရေးကို တိုးမြှင့်လိုက်သည်။ ထို့နောက် သင်ဝယ်ယူခဲ့သော futures များ၏ တန်ဖိုးမှာ တစောင်လျှင် ဒေါ်လာတဆယ်သို့ ကျဆင်းသွားခဲ့သည်။ သို့ဖြစ်ပါက လူကြီးမင်းသည် စာချုပ်အစောင် တရာအတွက် တစောင်လျှင် ဆယ်ဒေါ်လာနှုန်းဖြင့် စုစုပေါင်း ဒေါ်လာတထောင် ဆုံးရှုံးမည် ဖြစ်သည်။ Futures များသည် အထက်ပါအတိုင်း အလုပ်လုပ်ပါသည်။
Futures စာချုပ်များသည် derivatives အမျိုးအစားများဖြစ်ကြသည်။ ၎င်းတို့၏ တန်ဖိုးမှာ အခြေခံကုန်သွယ်ရေး ပစ္စည်း၏ တန်ဖိုးအပေါ်တွင် မှီခိုနေသည်။ Futures များတွင် မြင့်မားသော စံနှုန်းများသတ်မှတ်ထားပြီး၊ တဖက်သတ်နစ်နာမှု အန္တရာယ်နည်းပါးသော်လည်း စျေးနှုန်း အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုနှင့် မာဂျင်ကုန်သွယ်ရေးနှင့် စပ်လျဥ်းသော ခရက်ဒစ်အကြွေးအန္တရာယ်များ ပါဝင်နေပါသည်။ သို့ရာတွင် forward များနှင့် မတူသောအချက်မှာ futures များအား စာချုပ်သက်တမ်းကုန်ဆုံးရက်အထိ မဖြစ်မနေထိန်းသိမ်းထားရန် မလိုအပ်ပဲ၊ အချိန်မရွေး ပြန်လည်ရောင်းချနိုင်သည်။
ဖြစ်ပါသည်။ Forward စာချုပ်များသည် Derivatives များဖြစ်ပါသည်။ အခြားသော ဘဏ္ဍာရေး ဆိုင်ရာ derivatives များကဲ့သို့ပင် ၎င်းတို့၏တန်ဖိုးသည် စာချုပ်ပါ အခြေခံပိုင်ဆိုင်မှု၏ တန်ဖိုးမှပင် ဆင်းသက်လာခြင်း ဖြစ်သည်။ ၎င်းတို့အား အိတ်ချိန်းမှ တဆင့်ကုန်သွယ်၍ မရသော် လည်း ပြင်ပစျေးကွက်များ(OTC စျေးကွက်)တွင် ကုန်သွယ်နိုင်ပါသည်။ အခြား Derivative များနှင့်ကွဲပြားသော အချက်မှာ ၎င်းတို့တွင် ကနဦးငွေပေးချေမှု ပြုလုပ်ရန်မလိုအပ်လို စတော့အိတ်ချိန်းတခု ပါဝင်ခြင်းမရှိပါ။ ပုံမှန်အားဖြင့် အဖွဲ့အစည်းနှစ်ခုအကြား တိုက်ရိုက် ချုပ်ဆိုကြပြီး၊ များသောအားဖြင့် စာချုပ်မဖောက်ဖျက်စေရေးအတွက် အာမခံအဖြစ် ဘဏ် ကဲ့သို့သော တတိယအဖွဲ့အစည်းတခု ပါဝင်လေ့ရှိသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။










